အရှေ့ တောင်တိုင်း စစ်ဌာန ချုပ်က သိမ်းဆည်းထားခဲ့သည့် လယ်မြေ ဧက (၁၀၀) ကျော်အနက် ၂၃. ၅၉ ဧကအား မူလ ပိုင်ရှင်နှင့် တော်စပ်သည့် ဆွေမျိုး များအား ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း မော်လမြိုင်မြို့ ရွှေမြိုင်သီရိ ရပ်ကွက် အုပ်ချူပ်ရေးမှူးဦးဝင်းမော်က ပြောသည်။
“လယ်သမား တွေဟာ အရင်တုန်းက သူတို့ ပိုင်တဲ့ လယ်မြေ တွေကို အစိုးရ အဆက်ဆက်က သိမ်းထားတဲ့ အပေါ်မှာ ပြန်ရလိုမှုနဲ့ လျှောက်ထား ခဲ့တယ်၊ လက်ရှိ အသုံးပြု နေဆဲ နေရာ တွေကိုတော့ မပေး သေးဘူး၊ သူတို့ အသုံး မပြုဘဲ ပိုတဲ့ မြေတွေကို ပြန်ပေး ပါတယ်” ဟ အုပ်ချူပ်ရေးမှူးဦးဝင်းမော်ကပြောသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြိုင်သီရိ နယ်မြေ မျှော်လင့် ၁ ရပ်ကွက်ရှိ လယ်သမား၂၅ ဦး ထံမှ တပ်မတော်က ၁၉၈၉ ခုနှစ် ကတည်းက လယ်ယာမြေ ဧက၁၀၀ကျော်အား သိမ်းဆည်း ထားခဲ့ကာ ၄င်းလယ်မြေ များကို ပြန်လည် ရယူ လိုကြောင်း လယ်အသိမ်း ခံရသည့် လယ်သမားများ ကိုယ်စား မိမိ ကိုယ်တိုင် (၆) ဧက အသိမ်းခံရသူ ဦးမောင်မြင့်က မတ်လ အတွင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့့သို့လျှောက်ထား ခဲ့ပါသည်။
လယ်သမား ၂၅ ဦး၏ လယ်မြေများ ထိုစဉ် ကတည်းက အသိမ်းခံ ခဲ့ရခြင်း ဖြစ်ကာ ဧက (၁၀၀) ကျော် အသိမ်းခံ ထားခဲ့ ရသည်။
၁၉၈၁ ခုနှစ်မှ စ၍လယ်ယာမြေ များကိုပုလဲနှင့်ငါးမွေးမြူရေးဦးစီး ဌာနကငါးမွေးမြူရန် အတွက်သိမ်းခဲ့ ပြီးနောက် ၁၉၈၈ အရေးအခင်း နောက်ပိုင်းတွင် ငါးလုပ်ငန်း ဦးစီးဌာနက အရှုံးပေါ် ခဲ့သဖြင့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်သို့ လွှဲပြောင်း ခဲ့ပြီး တိုင်းစစ်ဌာနချူပ်က စိုက်ပျိူးရေး မွေးမြူရေး ကိုသာ လုပ်ကိုင် ခဲ့သည်။
လယ်အသိမ်း ခံရသူ လယ်သမား များသည် ဘိုးဘွား လက်ထက်မှ စ၍လယ်ယာ လုပ်ငန်း တစ်ခု ဖြင့်သာ အသက် မွေးဝမ်းကြောင်း ပြုနေ ကြသူများ ဖြစ်သဖြင့်စားဝတ် နေရေး အတွက် ဒုက္ခ ရောက်ခဲ့ ရသည်ဟု ၈ ဧကကျော် သိမ်းခံ ရပြီး ၄ ဧက ကျော်သာ ပြန်ရရှိသူ အသက် ရ၈ နှစ်ရှိ လယ်အသိမ်း ခံရသူ တဦးက ပြောသည်။
“ကျတော့် လယ်ယာ မြေကို အသိမ်းခံ ထားရတာ စစ်တပ် လက်ထက် ကတည်းကပါ အနှစ်၂၀ကျော်နေ ပါပြီ။သူတို့တွေ သိမ်းပြီးတော့ စားဝတ် နေရေး အတွက် ကျတော် လက်သမား ၀င်လုပ် ခဲ့တယ်။ စျေးလည်း ရောင်းရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ၌လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ထိုသိမ်းဆည်း ထားသည့် လယ်မြေများအား အသုံးပြု ထားမှု နည်းပါးကြောင်း လယ်ယာမြေ ပြန်လည် ရရှိရေး အတွက် ပြည်နယ် အစိုးရအား လျှောက်ထား ခဲ့သည့် ဦးမောင်မြင့်က ပြောသည်။
“ဧက ၁၀၀ ကျော် ထဲမှာ၂၂ ဧကမှာ ဖရဲတွေ ပဲတွေ စိုက်ထားတယ် အချို့ နေရာမှာ ဆိုရင် ကန်တွေကို ငါးမမွေးဘဲ ကန်အတိုင်း ထားထား ပါတယ်။ အုတ်လုပ်တဲ့ နေရာ မှာလည်း ကန်အခြောက် အတိုင်း ထားထား ပါတယ်။ ဘာမှမလုပ်ဘဲ ဒီအတိုင်း ပစ်ထား တာလည်း ရှိပါတယ်။ ဒါကြောင့် ကျတော်တို့ လယ်ယာမြေတွေ ပြန်တောင်းတာ ဖြစ်ပါတယ်” ဟု ဦးမောင်မြင့်က ပြောသည်။
သိမ်းထားသော လယ်ယာမြေ များပေါ်တွင် ပဲများ စိုက်ရာ တွင်လည်းဟန်ပြ အနေ ဖြင့်သာ ပဲများကို ကျဲထားပြီး ငါးကန်များ စုစုပေါင်း ၆၀ ကျော် ရှိသော်လည်း ၅ ကန် ခန့်ကိုသာ အသုံးပြု ထားကာ ကျန်သော ကန်များကို ပစ်ထား သည်ဟု လယ်ယာမြေ ၁၁ ဧကကျော် သိမ်းခံရသူ ဒေါ်ခင်မော်ကပြောသည်။
ယခု ပြန်ပေး လိုက်သည့် မြေများမှာ စစ်တပ် အသုံးမပြုသည့် စွန့်လွှတ်မြေ ပိုနေသည့် မြေများ ပေါ်တွင် တည်ရှိသည့် အတွက် ပြန်လည် ပေးအပ်ခြင်းလည်း ဖြစ်ကြောင်း ရွှေမြိုင်သီရိ ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးဝင်းမော်က ဆိုပါသည်။
လက်ရှိ၌ ယခင် မူရင်း လယ်သမား ပိုင်ရှင်၂၅ ဦးအနက်မှ သက်ရှိ ထင်ရှား ရှိသူ အများစု မရှိတော့ပြီ ဖြစ်သော်လည်းကျန်ရှိ နေသောသားသမီးများ ဆက်လက် ပိုင်ဆိုင်ခွင့် ရရန် ဆက်လက် တောင်းခံ သွားမည် ဖြစ်ကြောင်း မိသားစုဝင် များက ဆိုပါသည်။