ရခိုင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

ရခိုင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့က ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွာ းလာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး  ရေရှည်တည်တံ့မယ့်  ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီစနစ်အခြေပြု အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟို ချုပ်ကိုင်သော စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေး ရှင်သန်တဲ့ ခေတ်မီအမျိုးသားစီးပွားပုံစံချ တည်ဆောက်မှုဖြစ်စဉ် တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ အခုလိုကြီးမားတဲ့  စိန်ခေါ်မှုတွေ၊  အခက်အခဲတွေနဲ့  ပြည့်နက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်ကြမယ် ဆိုရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အခွင့်အလမ်းများရရှိထားပေမယ့် တစ်ချိန်တည်းမှာပဲ အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့ အတွက် စိတ်ခံစားမှုများကိုရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့၊ အယူသီးအစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြံုတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါတယ်။

၂ဝ၁၂ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းအရင်းများကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ဆိုတဲ့ ရည်ရွယ် ချက်များနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်း တာဝန် ပေးအပ် ခဲ့ပါတယ်။ ယင်းကော်မရှင်ရဲ့ အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေ စနစ်တကျ အသေးစိတ်လေ့လာသုံးသပ် ပြထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံ ကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိရမှာဖြစ် သလိုနိုင်ငံတော်အတွက် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဝင်များ ရဲ့ စေတနာထားကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အသိ အမှတ် ပြုကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်ပြီး  ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည် ချက်များနဲ့လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်း သင်ခန်းစာ များကို ပစ်ပယ်မှာမဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထ ခွဲထွက်ဖို့ လိုအပ်မှာ ဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ  သမိုင်းကြောင်းနဲ့ချီပြီး  ဒီမိုကရေစီ ရေချိန်နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို  မတည်ဆောက်နိုင်ခဲ့ခြင်း ဆိုတာတွေကြောင့်  လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ၊ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှု တွေ၊ စီးပွားရေး နိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစား ခဲ့ကြ ရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင် နေရခြင်းဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာ တရားကို လွတ်လပ်စွာရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိ စေဖို့ ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း  ကြိုးပမ်း ဖော်ဆောင် နေရခြင်း ဖြစ်ပါတယ်။  မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ်သာရဟာ  ဘာသာတရားအချင်းချင်း  အပြန်အလှန် လေးစားမှုပဲဖြစ်ပါတယ်။ ဒီလို အပြန် အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်းဖြစ်ပြီး နိုင်ငံသား တစ်ဦးချင်း စီရဲ့ လွတ်လပ်စွာကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ် လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတစ်ခုဖြစ်တဲ့  လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီး တော့လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကို အလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆို မှုများ၊ လှုံ့ဆော် မှုများဟာ ပဋိပက္ခများကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေး တစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြား အခွင့်အရေးများကို ဆုံးရှုံးစေတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန်ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာ ဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူ ဘာသာဝင်များရဲ့ ဘုရားကျောင်းများ အတူ ယှဉ်တွဲတည်ရှိနေပြီး  နိုင်ငံသားများ အကြားမှာလည်း  သမိုင်းနဲ့ချီတဲ့ လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ဇာစ်မြစ်များ ဖြစ်တဲ့ လူဦးရေပေါက်ကွဲမှုမြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး  ရခိုင်တိုင်းရင်း သားများနဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓ ဘာသာများနဲ့ မွတ်စလင်များကြားမှာဖြစ်ပွားနေတဲ့ ပဋိပက္ခ အဖြစ် ကျဉ်းမြောင်းတဲ့ အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြံုတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာဖြစ်ပါတယ်။ နောက် ဆက်တွဲအနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ ဟာလည်း ဘာသာရေးပြဿနာများအဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့  အကြံပြုချက်များ အနက်  အဓိကအချက်များကိုကြည့်ရင် ပထမဆုံး ဆောင်ရွက်ရမယ့်အချက်ဟာ နယ်မြေ ဒေသ တည်ငြိမ် အေးချမ်း ရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် တရားဥပဒေစိုးမိုးရေး အစီအမံများ ချမှတ် ဆောင်ရွက်ရေးပဲဖြစ်ပါ တယ်။ တာဝန်ရှိတဲ့ လုံခြံုရေး အဖွဲ့အစည်းများအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စ ရပ်များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးအတွက် ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်  အခွင့်အာဏာများ  အသုံးပြုဆောင်ရွက်သွား မှာဖြစ်ပါတယ်။ လုံခြံုရေးအဖွဲ့အစည်းများဟာ ပြည်သူ့ ဝန်ထမ်းကျင့်ဝတ်နဲ့ အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာ ဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေး ထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေချိုးဖောက်မှု များကိုလည်း ဘက်လိုက်မှုမရှိဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေးများကိုလည်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုး အကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များ အာဟာရ ပြည့်ဝ စေရေး၊ ပညာ သင်ကြားနိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြံုမှု များကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါများကို ဟန့်တားရေး၊ အသက်မွေး ဝမ်းကျောင်းမှုနှင့် ဒေသ စီးပွားရေး ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ရေးတို့ကို  အလျင်အမြန် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီ များကိုလည်း ရယူသွားမှာဖြစ်ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်များမှာ  ဝင်ရောက် ဆောင်ရွက်ကြမယ့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့လိုအပ်တဲ့အကူအညီများ ပေးအပ်သွားမှာဖြစ်ပါတယ်။ ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသား ချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့ အစည်းအချိုုရဲ့ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမို ရှုပ်ထွေး နက်ရှိုင်း ခဲ့တာဟာလည်း ငြင်းဆို၍ မရသည့် အမှန်တရားဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ အခြေအနေ အရ ရခိုင်ပြည်နယ်မှာ ဝင်ရောက် ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများအနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များမဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်များကို နားလည်လိုက်နာကြဖိုနဲ့ နှစ်ဖက် လူ့အသိုက်အဝန်းနှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကိုရယူရန် ကြိုးစားကြဖို့လည်းတိုက်တွန်း လိုပါတယ်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများ ပိုမို ဆိုးရွား မလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြံုရေးဆိုင်ရာ အစီအမံများကိုလည်း ချမှတ် သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရှိသူများ၊ နိုင်ငံသားဖြစ်ရေးကိစ္စရပ်များကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူမှု ရေး သဟဇာတဖြစ်မှ တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်အစီအမံများနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ထိုသို့ အစီအမံများ ချမှတ် ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြု ချက်များကို အခြေခံ လုပ်ဆောင် သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့် အမြင်များနဲ့ အကြံပြုချက်များကိုလည်း အလေးထားထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန်အရေးယူဆောင်ရွက် နိုင်ဖို့အရေးကြီးတဲ့အတွက် ၂ဝ၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက် များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့်လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ လုံခြံုရေးနဲ့ နယ်မြေစိုးမိုးရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား  စိစစ်ရေး၊ ဒေသတွင်း ယာယီနေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်း ကော်မတီ (၇) ခုကိုလည်း မတ်လ ၂၉ ရက်နေ့မှာ ထပ်မံဖွဲ့စည်းပေး ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော် လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင့်ပေါင်းစုံ ကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း  အသိပေးပြောကြားလိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက်များကို ခြံုငုံ သုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာတစ်ရပ် ကတော့ ယခင်ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကြံုတွေ့ ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိ  ကြံုတွေ့နေသော ပြဿနာများကို ဖြေရှင်းရာမှာ တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာငြိမ်းချမ်းစွာ အတူ ယှဉ်တ ွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်ကြောင်း ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စကို   ကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ မူလက ရောက်ရှိ နေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူများအား လူသားချင်းစာနာ ထောက်ထားတဲ့ အနေနဲ့သူတို့ရဲ့ အခြေခံရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့ အကျဆုံး နည်းလမ်းများနဲ့ အရေးယူဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနဲ့ လိုလားချက်များကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက်ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

Most read this week