ချင်းမိုင် (မဇ္စျိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေးအတွက် ပူးတွဲပြင်ဆင်နေသည့် ကိုအေးလွင်နှင့် ဦးအုန်းလွင် ဦးစီးသည့် နိုင်ငံရေးအင်အားစု နှစ်ခုအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သက်ဆိုင်ရာ အဖွဲ့တာဝန်ရှိသူများ အဆိုအရ သိရသည်။
နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းကာ တပ်ပေါင်းစု ဖွဲ့ရာတွင် အင်အားစုနှင့် အဖွဲ့ချုပ်ဟူသော အမည်နာမသာမက ရွေးကောက်ပွဲတွင် ကိုယ်ပိုင်ပါတီအင်အားစုဖြင့် ဝင်ရောက်ရေးနှင့် တပ်ပေါင်းစုသဏ္ဍာန်ဖြင့် ဝင်ရောက်ရေး စသည်တို့အပေါ်၌လည်း သဘောထား ကွဲလွဲနေကြခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ်အတွင်းက စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ဖွဲ့စည်းပုံဥပဒေ ပေါ်ပေါက်ရေးအတွက် ကိုအေးလွင်တို့နှင့်အတူ အမျိုးသား နိုင်ငံရေးအင်အားစုများအဖြစ် လက်တွဲခဲ့သော်လည်း နောက်ပိုင်းတွင် ကိုအေးလွင်က သီးခြားပါတီဖွဲ့ခဲ့သည်ဟု နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အတွင်းရေးမှူး ဦးအုန်းလွင်က ယခုလို စတင် ပြောဆိုသည်။
“ပထမ စဖွဲ့တာ မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအင်အားစုများ။ သူ (ကိုအေးလွင်) က ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ အဖွဲ့ရယ်၊ နောက်ပြီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်) ရယ်၊ သူက ကိုင်လိုက်တယ်။ ကျနော်တို့က မူလ အားလုံးစုပေါင်းထားတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုများဆိုပြီး ဆက်လုပ်တယ်လေ။ သူက ခွဲထွက်သွားတာ” ဟု သူက ဆက်ပြောသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် အမျိုးသားရေး တွေ့ဆုံပွဲကို ဦးအုန်းလွင်က ဦးစီးကျင်းပရာ ဖိတ်ကြားထားသူ တသီးပုဂ္ဂလ အပါအဝင် အဖွဲ့ပေါင်း ၁၈ ဖွဲ့အနက် ကိုအေးလွင်၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က တက်ရောက်ခြင်း မရှိသလို၊ ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ကလည်း သဝဏ်လွှာသာ ပေးပို့ခဲ့သည်။
တက်ရောက်သူများက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုများ အနေဖြင့်သာ ဆက်ရပ်တည်သည်ဟု ဦးအုန်းလွင်က ဆိုသည်။
ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ဒု ဥက္ကဋ္ဌ ကိုရဲထွန်းကမူ အဆိုပါ အမျိုးသားရေး တွေ့ဆုံပွဲသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းနှင့် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် အမည်မှာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အများသဘောတူ ဖွဲ့ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။
သူက “အမျိုးသား နိုင်ငံရေးအင်အားစုဆိုတာ ကျနော်တို့ လုပ်ခဲ့တာကိုး။ ပထမတော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံပေါ့ဗျာ)။ အဲဒီကနေ တူရာတူရာ စီးပွားရေးပိတ်ဆို့ ဆန့်ကျင်ရေးမှာ လက်ခံလာတဲ့အဖွဲ့တွေ ကျနော်တို့နဲ့ ပေါင်းလာတယ်ဗျာ။ ပြည်နယ်နဲ့ တိုင်းတွေမှာ အမျိုးသားရေး ရှင်းလင်းပွဲတွေ လုပ်တယ်ဗျာ။ အဲဒီမှာ ပရိသတ်တွေ ရှိတယ်တယ်'' ဟု ဆိုသည်။
သူက ဆက်ပြီး ''သူတို့က အားလုံးပေါင်းတဲ့ အဖွဲ့ဆိုရင် ဝင်ချင်တယ်ဆိုတော့ ကျနော်တို့က ဒါတွေပေါင်းပြီး အဖွဲ့ချုပ် လုပ်မယ်ဆိုပြီး အားလုံးသဘောတူညီချက်နဲ့ အင်အားစုပူးတွဲကော်မတီရဲ့ ဒုတိယ ၃ လပတ် အစည်းအဝေးက ၄/၂၀၀၇ ဆိုပြီးတော့ ဆုံးဖြတ်ချက် ထွက်ခဲ့တယ်လေ။ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ဖြစ်သွားတယ်” ဟု ပြောသည်။
ထို့အပြင် ၎င်းတို့၏ နိုင်ငံရေးအင်အားစုများအတွင်း၌ အဖွဲ့အစည်းပုံစံဖြင့် လုပ်ကိုင်နိုင်ခြင်း မရှိကြသေးဘဲ အများသဘောတူ ဆုံးဖြတ်ချက်များကို လက်ခံရန် ပျက်ကွက်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သူက ပြောသည်။
ကိုအေးလွင်တို့အဖွဲ့သည် နယ်များသို့ စည်းရုံးခရီးစဉ်များ လုပ်ဆောင်လေ့ရှိပြီး မကြာမီတွင်လည်း ပြည်နှင့် မော်လမြိုင် ဖက်သို့ ခရီးထွက်ရန် ရှိနေသည်။
ထို့အပြင် နိုင်ငံရေးဂျာနယ်တစောင်ထုတ်ရန် မူအားဖြင့် သဘောတူထားသော်လည်း အယ်ဒီတာအဖွဲ့ကိစ္စ၊ ထုတ်ဝေခွင့်ကိစ္စ တို့ကို စီစဉ်ရဦးမည်ဖြစ်သည်။ ဂျာနယ်အမည်ပေးရန် စဉ်းစားထားရာတွင် “ခွပ်ဒေါင်းရင်ခွင်” ဆိုသည့် အမည်လည်း ပါဝင်ကြောင်း သိရသည်။