မြန်မာပြည်သို့ သွင်းမည့် စိတ်ကြွဆေးထုတ်စက် ဖမ်းမိ

မြန်မာပြည်သို့ သွင်းမည့် စိတ်ကြွဆေးထုတ်စက် ဖမ်းမိ
by -
ကိုဝိုင်း
မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ခိုးသွင်းမည့် စိတ်ကြွဆေး ထုတ်သည့် စက်တလုံးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ထိုင်းစစ်တပ်က ယမန်နေ့ ညနေပိုင်းတွင် ဖမ်းမိခဲ့သည်။ ချင်းမိုင်ခရိုင် ဖန်မြို့နယ်ဘက်မှ မယ်ဆိုင်သို့ သယ်ဆောင်လာမည်ကို ကြိုတင် သတင်းရထားသဖြင့် ထိုင်း-မြန်မာနယ်စပ် ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ခိုးသွင်းမည့် စိတ်ကြွဆေး ထုတ်သည့် စက်တလုံးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ထိုင်းစစ်တပ်က ယမန်နေ့ ညနေပိုင်းတွင် ဖမ်းမိခဲ့သည်။

ချင်းမိုင်ခရိုင် ဖန်မြို့နယ်ဘက်မှ မယ်ဆိုင်သို့ သယ်ဆောင်လာမည်ကို ကြိုတင် သတင်းရထားသဖြင့် ထိုင်း-မြန်မာနယ်စပ် ချောင်းတလျှောက် ထိုင်းနယ်စပ်စောင့် စစ်တပ်များက သထိထား စောင့်ကြည့်ကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“သူတို့ သတင်းရလို့လေ။ ချင်းမိုင်ဘက်ကလူတဲ့။ ရေချောင်းဘေးမှာ ဟိုဘက်ကမ်းကို ကူးဖို့ လုပ်နေတုန်းမိတာ။ ကူးပေးမယ့်လူက ထိုင်းတယောက်။ အဲဒါတော့ သူတို့ မမိဘူး။ စက်က တာချီလိတ်ဘက်ကို သွင်းဖို့” ဟု ထိုင်းရဲများနှင့် နီးစပ်သူ မယ်ဆိုင်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

စက် တင်ဆောင်လာသော ကားကို မောင်းလာသူမှာ အသက် ၃၄ နှစ်အရွယ် ကျမ်နန်းဆိုသူ ထိုင်းအမျိုးသား တဦးဖြစ်ပြီး၊ ချင်းမိုင်ခရိုင်၌ မှတ်ပုံတင်ထားသည့် မစ်ဇူဘီရှီ ကားဖြင့် မယ်ဆိုင်ရပ်ကွက် ၉ ရှိ “ထကမ်နန်နိုင်” လှေဆိပ်သို့ ရောက်ရှိ ရပ်တန့်နေစဉ် ထိုင်းစစ်တပ်က သွားရောက် စစ်ဆေးရာမှ ယင်းစက်ကို တွေ့ရှိခြင်း ဖြစ်သည်။

ကားမောင်းသူကမူ စိတ်ကြွဆေးစက်ဖြစ်မှန်း မသိကြောင်းနှင့် သူ့ကို ပို့ခိုင်းသူက ပြောင်းဖူးကြိတ်စက်ဟု ပြော၍ ပို့ခိုင်းသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ယခု ဖမ်းမိသည့် မယ်ဆိုင်ဘက်ကမ်းမှ ဖြတ်ကူးလျှင် မြန်မာဘက်ခြမ်း တာချီလိတ်မြို့ ပါဆက် ရပ်ကွက်ဘက်သို့ ဝင်ရောက်နိုင်ပြီး နယ်ခြားချောင်း တလျှောက်တွင်လည်း တရားမဝင် ဂိတ်အများအပြား ရှိသည်။

“ညဆိုလို့ရှိရင် စုံနေတာပဲပေါ့ဗျာ။ ဂိတ်တွေက အများကြီးပဲ၊ ဝ’ ဂိတ်လည်း ရှိတယ်။ တပ်ဂိတ်လည်း ရှိတယ်။ နယ်ခြားကော်မတီ ဥက္ကဋ္ဌ  ဗိုလ်လေးရဲ့ ဂိတ်လည်း ရှိတယ်၊ ရဲဂိတ်။ ညကူးလို့ရှိရင်ဗျာ၊ တချို့က လူတယောက် ဘတ် သုံးလေးငါးရာ။ ပစ္စည်းကျတော့ တမျိုးစျေးပေါ့။ ညဆိုရင် ပလူပျံနေတာပဲ။ ကိုယ်က အပြင်မထွက်ရင် အကောင်းဆုံးပဲ။ အန္တရာယ် ကင်းတယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါရမ်းရပ်ကွက်တွင်းမှ အိမ်တအိမ်မှလည်း အမ်-၁၆ ကျည်ဆံ တသောင်းကျော်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းမိခဲ့သေးသည်။

ယခု စိတ်ကြွဆေးစက် ဖမ်းမိခြင်းနှင့် ပတ်သက်၍ ထိုင်းနယ်ခြားစောင့် စစ်တပ်က ယမန်နေ့၌ သတင်းရှင်းပွဲလုပ်ခဲ့ပြီး၊ မယ်ဆိုင်ရဲက ယနေ့ ညနေတွင် သတင်းစာရှင်းပွဲ လုပ်မည်ဟု သိရသည်။