ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေနှင့် ရသေ့တောင်မြ့ုိရှိ စျေးများတွင် ၂ဝဝ၉ ခုနှစ်အတွက် အခွန်ကောက်ခံခွင့် လိုင်စင်များကို ပြီးခဲ့သည့် တပတ်က လေလံတင်ရောင်းချရာ မနှစ်ကထက် ၃ ဆမျှ ခုန်တက်သွားသည်။
လေလံပွဲများကို ယခုလ ၁၈ ရက်နေ့တွင် စစ်တွေမြ့ုိ ဦးဥတ္တမခန်းမနှင့် ၁၉ ရက်နေ့တွင် ရသေ့တောင်မြ့ုိရှိ မေယုနဒီ ခန်းမတွင် စည်ပင်သာယာရေး ဝန်ကြီး ဗိုလ်ချုပ် ဇော်လင်း၊ ဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှု ဒစကမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် သက်ဆိုင်ရာ မြ့ုိနယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌများက အဆိုပါ လိုင်စင်များကို လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
“အရင်က သိန်း ၂ဝဝ ပေးရတဲ့ စစ်တွေစျေးကြီးကို ဒီနှစ်မှာ သိန်း ၅ဝဝ တောင်းတယ်လေ။ ကျန်တဲ့ စျေးတွေလည်း ဒီလိုပဲ မနှစ်ကထက် ၃ ဆလောက်စီ စျေးတက်သွားတယ်” ဟု လေလံပွဲသို့ သွားရောက်ခဲ့သူ စစ်တွေဒေသခံ ကိုသိန်းရွှေက မဇ္ဈိမကို ပြောသည်။
စစ်တွေစျေးများအတွက် လိုင်စင် နှုန်းထားများမှာ စစ်တွေစျေးကြီး သိန်း ၅ဝဝ၊ မေယုစျေး သိန်း ၁ဝဝ၊ နေဗီစျေး သိန်း ၃ဝ၊ ကုလားချောင်းစျေး သိန်း ၃ဝ၊ စျေးသျှေစျေး သိန်း ၃ဝ၊ နာဇီရွာစျေး သိန်း ၁၆ဝ၊ သက္ကယ်ပြင်စျေး သိန်း ၅ဝ နှင့် ဆိပ်ကမ်း အခွန်ကောက်ခွင့် ဖြစ်သည့် ဆံတော်ရှင်မြစ်ဝမှ မေယုမြစ်ဝထိ သိန်း ၅ဝဝ ဖြစ်ကြောင်း သိရသည်။
“စျေးများတော့ တချို့လည်း မဝယ်နိုင်ဘူး။ ဝယ်နိုင်တဲ့ လူတွေဆိုရင်လည်း သူတို့နဲ့ ရင်းနှီးမှုမရှိလို့ မရကြဘူး။ အခုလည်း ဒစကမှူးနဲ့ ရင်းနှီးတဲ့ ဦးသန်းရွှေနဲ့ ဦးဝင်းရွှေတို့ပဲ ရသွားကြတယ်။ ဆိပ်ကမ်းခွန်ကိုတော့ ဦးမော်ကူလာက ရသွားတယ်” ဟု ကိုသိန်းရွှေက ပြောသည်။
ရသေ့တောင်မြ့ုိရှိ စျေးများအတွက် လိုင်စင်စျေးများမှာ မြ့ုိမစျေး သိန်း ၆ဝ၊ လောင်းချောင်း စျေး ၅ သိန်း၊ ဆင်ခုံစျေး ၁ဝ သိန်းနှင့် ကူတောင်စျေးကို ၅ သိန်းဖြင့် ရောင်းချခဲ့ကြောင်း ရသေ့တောင်မြ့ုိ လောင်းချောင်းရပ်ကွက်မှ ဦးခင်မောင်က ပြောသည်။
သူက “ဒီနှစ် ရသေ့တောင်စျေးတွေကိုတော့ ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးထွန်းသိန်းနဲ့ မောင်ဝင်းခိုင်တို့ ရသွားကြတယ်လေ” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် မြ့ုိနှစ်မြ့ုိမှ အဆိုပါ စျေးများမှာ အခြေခံ စားသောက်ကုန်များ၊ အထည်အလိပ်နှင့် ဇိမ်ခံပစ္စည်းများအထိ ကုန်စည်မျိုးစုံ ရောင်းချနေသော စျေးများဖြစ်သည်။
လိုင်စင်ကြေး တိုးမြှင့်ရခြင်းမှာ စည်ပင်ဝန်ကြီးကိုယ်တိုင် ရန်ပုံငွေရှာသောကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်တွေဒေသခံ ကိုသိန်းရွှေက “အကျိုးဆက်ကတော့ လေလံစျေးတက်ရင် ဆိုင်ခန်းတိုင်း၊ ခေါင်းရွက်ဗျတ်ထိုး စျေးသည်တိုင်းကို စျေးကောက်စျေးတွေကတော့ တက်လာမှာပေါ့။ လောလောဆယ်တော့ မတက်သေးဘူး။ လာမယ့်လမှာ လာလိမ့်မယ်” ဟု ပြောသည်။