ကိုအေးလွင်အဖွဲ့က ဒုဥက္ကဋ္ဌ နုတ်ထွက်တော့မည်

ကိုအေးလွင်အဖွဲ့က ဒုဥက္ကဋ္ဌ နုတ်ထွက်တော့မည်
by -
သန်းထိုက်ဦး
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီပါတီကို ဝေဖန်ထိုးနှက်လေ့ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပြည်တွင်းရှိ ကျောင်းသားလူငယ်များအဖွဲ့မှ ဒုတိယခေါင်းဆောင် နုတ်ထွက်တော့မည်။ ...

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီပါတီကို ဝေဖန်ထိုးနှက်လေ့ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပြည်တွင်းရှိ ကျောင်းသားလူငယ်များအဖွဲ့မှ ဒုတိယခေါင်းဆောင် နုတ်ထွက်တော့မည်။

စစ်အစိုးရကို လိုလားသူအဖြစ် စွပ်စွဲခံရလေ့ရှိသည့် ကိုအေးလွင် ဦးဆောင်သော ၈၈ မျိုးဆက်် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဒု-ဥက္ကဋ္ဌ ကိုသိန်းတင်အောင်က နုတ်ထွက်စာ တင်ထားခြင်း ဖြစ်သည်။

"နိုင်ငံရေးမှာ အင်တိုက် အားတိုက်လုပ်နိုင်အောင်၊ ကျနော့် နေရာမှာ တခြားလူများ လုပ်နိုင်မယ်ဆိုရင်ပေါ့နော်၊ အစားထိုးလို့ရအောင် ကျနော်က ကျန်းမာရေးကြောင့် အနားယူမယ်လို့ ကိုအေးလွင်ကို ကျနော် နုတ်ထွက်စာ တင်ထားတယ်" ဟု ကိုသိန်းတင်အောင်က မဇ္စျိမကို ပြောသည်။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်မည်ဟု သူက ဆိုသော်လည်း ယင်းအဖွဲ့နှင့် နီးစပ်သူ ပုဂ္ဂိုလ်တဦးကမူ ခေါင်းဆောင်ပိုင်းတွင် သဘောထား မတိုက်ဆိုင်သည်များ ရှိနေကြောင်း ပြောသည်။

သူက "စိတ်သဘောထား မတိုက်ဆိုင်တာလေးတွေပေါ့ဗျာ။ ဒီအဖွဲ့အစည်းထဲမှာ ဒီလိုဖြစ်တာလေးတွေ ရှိတယ်။ နည်းဗျူဟာပိုင်းလေးတွေပေါ့" ဟု ပြောသည်။

အသေးစိတ်ကို ထုတ်မပြောသော်လည်း၊ မကြာခင် နုတ်ထွက်လိမ့်မည်ဟု သူက ဆိုသည်။

ကိုသိန်းတင်အောင် နုတ်ထွက်စာ တင်သွင်းမှုနှင့် ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ ကိုအေးလွင်ထံ မေးကြည့်ရာ၊ သူက ''မဟုတ်ပါဘူး'' ဟု ငြင်းဆိုသည်။

အဖွဲ့များတွင် ဗဟိုအလုပ်အမှုဆောင် ၁၄ ဦး အပါအဝင် အဖွဲ့ဝင် ၄၄ ဦး ရှိသည်ဟု ကိုအေးလွင်က ပြောသည်။

၁၉၈၈ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး တောင်းဆိုဆန္ဒပြသည့် လူထုလှုပ်ရှားမှုတွင် ကိုအေးလွင်သည် တက္ကသိုလ် ကျောင်းသားတဦးအဖြစ် တက်ကြွစွာ ပါ၀င်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက အတိုက်အခံ အင်အားစုများနှင့် ခေါင်းဆောင်များအား အပြင်းအထန် ဝေဖန်ပြောဆိုလာခဲ့သည်။

သူတို့အဖွဲ့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုများ လုပ်လာရာ ယခုအခါ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်အထိ နယ်လှည့်စည်းရုံးခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Most read this week