လျှပ်စစ်မီး မရသည့် မွန်ပြည်နယ် မဲရုံများအတွက် ဂျပန်မှ လျှပ်စစ်မီးအိမ်များ ပေးလှူ

လျှပ်စစ်မီး မရသည့် မွန်ပြည်နယ် မဲရုံများအတွက် ဂျပန်မှ လျှပ်စစ်မီးအိမ်များ ပေးလှူ
နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် လျှပ်စစ်မီး မရရှိသေးသည့် မဲရုံများအတွက် ဂျပန်ပြည်သူများက လျှပ်စစ်မီးအိမ်များ ပေးပို့လှူဒါန်းထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးထင်ကျော်က “ဒီမီးအိမ်တွေက လျှပ်စစ်မီးနဲ့ တွဲပြီး သုံးနိုင်သလို၊ ဘတ္ထရီအားသွင်းပြီး သုံးရင်လည်း အကြာကြီး ခံတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံ ရှိပြီး၊ လျှပ်စစ်မီး မရနိုင်သည့် မဲရုံပေါင်း ၃၃၄ ရုံ ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဒု-ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က ပြောကြားခဲ့သည်။

လျှပ်စစ်မီး မရသည့် ထိုမဲရုံများအတွက် မဲရုံတစ်ရုံလျှင် The People of Japan အလှူရှင်အမည်ပါသည့် ထိုလျှပ်စစ်မီးအိမ် ၂ လုံးနှုန်း ပေးပို့ထားသည်ဟုလည်း ဦးထင်ကျော် က ပြောသည်။

၎င်းပြင် အရေးအပေါ်အခြေအနေတွင် အသုံးပြုရန်အတွက် မဲရုံတိုင်းတွင် အရန်မီးစက်ငယ်များကိုလည်း စီစဉ်ထားသည်ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

လျှပ်စစ်မီးသည် မဲရုံများတွင် မဲရေတွက်ခြင်းအတွက်သာမကဘဲ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နေသည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများအတွက်လည်း အရေးပါသည့်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟုလည်း သူက ပြောသည်။

မွန်ပြည်နယ်တွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၄၆၇ ရုံးပြီး၊ အချို့ ကော်မရှင်ရုံများတွင်လည်း လျှပ်စစ်မီး လိုအပ်လျက် ရှိသည်။

ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲရုံများ၏ လုံခြုံရေးအတွက် အထူးရဲ ၉၁၉ ဦးကို ခန့်ထားခဲ့ပြီး၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်ကာ ဆယ်ရက်ကြာ အထူးရဲသင်တန်းကို သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ တစ်သန်းခန့်သာ ရှိသော်လည်း၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့် ရှိသူ ၁ ဒသမ ၄ သန်းကျော် ရှိသည်ဟု မွန်ပြည်နယ် ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ လက်ရှိ မွန်ပြည်နယ်တွင် လူဦးရေ ၂ သန်းကျော် ရှိသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...