အထူးရဲများ ရွေးကောက်ပွဲတွင် ကြားနေဆောင်ရွက်ရမည်

အထူးရဲများ ရွေးကောက်ပွဲတွင် ကြားနေဆောင်ရွက်ရမည်
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရန်အတွက် မဲရုံများအား တာဝန်ယူရမည့် အထူးရဲ (Special Police) များအနေနှင့် ကြားနေဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ် ရဲတပ်ဖွဲ့ အထူးရဲ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ် ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သောင်းဝင်း က ပြောသည်။

ရဲမှူးကြီး က “ငါတို့လုပ်ရမှာက နိုင်ငံတော်ဘက်က ရပ်တည်ဆောင်ရွက်ရမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရမယ်။ ကြားနေရပါမယ်။ ဘယ်သူ့ကို မဲပေးပါ။ ဘယ်ပါတီကို မဲပေးပါလို့ ပြောခွင့် မရှိဘူး” ဟု အထူးရဲ သင်တန်းသားများကို မှာကြားသည်။

ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ ပြုလုပ်ခဲ့ပြီး၊ ရေး၊ လမိုင်း၊ ခေါဇာမြို့နှင့် ကျောင်းရွာ၊ နှစ်ကရင်၊ မော့ကနင် စသည်ကျေးရွာများမှ ရွေးချယ်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင် (၁၁၀) ဦး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းကာလကို အောက်တိုဘာလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ထိ သတ်မှတ်ထားပြီး၊ ရေးမြို့ရှိ ရွှေကျောင်း ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်းတွင် သင်ကြားလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်အတွင်းရှိ မဲရုံ (၁၁၀) ရုံအတွက် မဲရုံတစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် အထူးရဲတပ်ဖွဲ့ဝင် (၁၁၀) ဦးကို ခန့်အပ်ခဲ့ပြီး၊ ၎င်းတွင် အရံမီးသတ်တပ်ဖွဲ့ဝင် ၄၃ ဦး ပါဝင်သည်။

အထူးရဲများကို နေရာဒေသအလိုက် ပညာအရည်အချင်း၊ ဒေသခံဖြစ်မှု၊ ဘာသာစကား ကျွမ်းကျင်မှု၊ ဒေသ ဓလေးထုံးတမ်းများကို နားလည်မှု စသည်တို့ကို အခြေခံပြီး၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် စုဆောင်းကာ၊ စိစစ်ရေးအဖွဲ့က ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ရဲမှူးကြီး က ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်ခြင်းကြောင့် ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးနှင့် သမာမှုများ မဖြစ်ပေါ်စေရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးရဲ လောင်းသောင်းခန့် ခန့်အပ်တာဝန်ပေးသွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယခင်လတွင် ပြောကြားခဲ့သည်။

အထူးရဲများအနေနှင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး၊ ၎င်းတို့ တာဝန်ထမ်းဆောင်သည့် တစ်လတာအတွက် လစာ ၁၂၀၀၀၀ ကျပ်နှင့် စရိတ် ၃၀၀၀၀ ကျပ် စုစုပေါင်း ၁၅၀၀၀၀ ကျပ် ခံစားခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ရေးမြို့အတွင်းရှိ မဲရုံပေါင်း (၁၁၀) ရုံအနက် မဲရုံ (၅၀) မှာ ရုတ်တရက် အကြမ်းဖက်မှု ဖြစ်ပွားနိုင်သော မဲရုံစာရင်းတွင် ပါဝင်သည်ဟု စက်တင်ဘာလ ၃ ရက်နေ့က မော်လမြိုင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူးကြီး ဘိုဘိုဦး က ပြောကြားခဲ့သည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...