ရေးမြို့နယ်တွင် မဲထည့့်သူစာရင်းထပ်တိုးလာမည့်အလားအလာရှိ

ရေးမြို့နယ်တွင် မဲထည့့်သူစာရင်းထပ်တိုးလာမည့်အလားအလာရှိ
by -
ချစ်မင်းထွန်း
ချစ်မင်းထွန်း — မွန်ပြည်နယ်၊ ရေးမြို့နယ်၌ စက်တင်ဘာလ နောက်ဆုံး ထုတ်ပြန်ချက်အရ ၂၀၁၅မဲပေးခွင့် ရှိသူများ စာရင်း ၁၅၅၉၆၉ ဦးရှိပြီး အခြားဒေသမှ ရောက်ရှိနေထိုင်သူ များအား ပုံစံ(၃-က)ဖြင့် ထပ်မံဖြည့်စွက် ခွင့်ပြုသဖြင့် မဲထည့့်သူစာရင်း ထပ်တိုးမည့်အလား အလာ ရှိကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း ရွေ့ပြောင်း အခြေချ နေထိုင်သူများအား မဲပေးခွင့်ရရှိစေရန် ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း ပုံစံ (၃-က)ဖြင့် လျှောက်ထားခွင့်ပြုထားပြီး အတည်ပြု စာရင်းကို အောက်တိုဘာ ၁၃ ရက် နောက်ပိုင်းတွင် ထုတ်ပြန်မည်ဟု ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဌ ဦးညွန့်အောင်က ပြောသည်။

ဦးညွန့်အောင်က “ပုံစံ (၃-က)နဲ့ လျှောက်လာတဲ့ လူဦးရေ စာရင်းကတော့ ကျွန်တော်တို့ အခု မပြောနိုင်သေးဘူး။ ဘာလို့လဲ ဆို တော့ တစ်နေရာနဲ့ တစ်နေရာကပို့လာမယ့် စာရင်းတွေက မစုံသေးဘူး။ ဒါကြောင့် အောက်တိုဘာ ၁၃ ရက်နေ့လောက်မှာ အတည်ပြု ပြောနိုင်မယ်”ဟု ပြောသည်။

ပြည်သူများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခွင့်မဆုံးရှုံးစေရန် ရွေ့ပြောင်း အလုပ်သမားများ အပါအဝင် မူရင်းဒေသမှ ရက်ပေါင်း ၁၈၀ အထက်မဲဆန္ဒနယ် ပြင်ပရောက် ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန် ပုံစံ (၃-က)ဖြင့် မဲစာရင်းပါဝင်ရေးအား သက်ဆိုင်ရာ ရောက်ရှိဒေသမှ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁၀)ရက် နောက်ဆုံးထား လျှောက်ရမည်ဖြစ်သည်။

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာမှ ကုန်စုံဆိုင်ရောင်းသူ နိုင်မောင်မောင်က “ပြီးခဲ့တဲ့လပိုင်းတွေ ကစပြီး ကျွန်တော်တို့ရွာကို လူစိမ်းတွေတော်တော်များ ရောက်လာတယ်၊ သူတို့စကားပြောတဲ့ လေသံတွေက ကျွန်တော်တို့ မွန်ပြည်နယ်သားတွေလို မဟုတ်ဘူး၊ ကျွန်တော်ဆိုင်မှာ အပတ်တိုင်းလိုလို စျေးလာဝယ်ကျတယ်” ဟု ဆိုသည်။

အလားတူ သံဖြူဇရပ်မြို့နယ်တွင်လည်း ရပ်ဝေးမှလာရောက်သော ရွေ့ပြောင်းလုပ်သားများ ဆန္ဒမဲထည့်ခွင့်ရရှိသည်ဟု သိရသည်။

ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ရက်ပေါင်း ၁၈၀ နေထိုင်ထား ကြောင်းကို ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ နယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက် ကိုလည်းကောင်း၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်၏ ထောက်ခံချက်ကို လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင် ဝန်ခံချက်ကိုလည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက်ဖြင့်ပုံစံ(၃-က)ကို လျှောက်ထားနိုင်သည်ဟု သိရသည်။

ယင်းကဲ့သို့ လျှောက်ထားလာသည့် ပုဂ္ဂိုလ်သည် မဲဆန္ဒရှင်အတွက် သတ်မှတ်ထားသော အရည်အချင်းများ နှင့် ကိုက်ညီပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲမှ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်၍ မဲစာရင်းတွင် ထည့်သွင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ လျှောက်ထားရာမှ အမည်စာရင်းထည့်သွင်းခံရသူ၏ အမည်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်မှ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့တင်ပြ၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှတဆင့် အဆိုပါ မဲဆန္ဒရှင် ၏ မူရင်း ဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-ခ) သုံးစောင်ဖြင့် ဆက်လက် အကြောင်းကြား၍ ယင်းပုဂ္ဂိုလ်အမြဲတမ်း နေရပ်ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မွန်ပြည်နယ်အတွင်း လူဦးရေဒုတိယအများဆုံးဖြစ်သည့် ရေးမြို့နယ်တွင် ကျေးရွာအုပ်စု ၄၀၊ မြို့ ၃ မြို့၌ မဲရုံ ၁၁၀ ထားရှိမည်ဖြစ်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရွေးချယ် ခံခွင့်ရှိသည့် မြို့နယ်ဖြစ်သည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...