ရွှေကုက္ကိုလ်မြို့အဝင်ကို တင်းကြပ်ကန့်သတ်ထားပြီး ဒေသခံများကိုသာ သွားလာခွင့်ပြု

ရွှေကုက္ကိုလ်မြို့အဝင်ကို တင်းကြပ်ကန့်သတ်ထားပြီး ဒေသခံများကိုသာ သွားလာခွင့်ပြု
Photo: KIC
Photo: KIC

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍  နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များက တင်းကြပ်ကန့်သတ်ထားပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံများကိုသာ အပြင်ထွက်သွားလာခွင့်ပြုထားကြောင်း မြို့ခံများက ပြောသည်။

ရွှေကုက္ကိုလ်မြို့အတွင်း တိုက်ပွဲများဖြစ်ပေါ်လာမည်ဆိုသည့် ပြည်သူလူထုအကြားတွင် ကောလာ ဟလ သတင်းများထွက်ပေါ်ပြီးနောက် မြို့အဝင်ကို ကန့်သတ်ပိတ်ပင်ထားပြီး မြဝတီ−ရွှေကုက္ကိုလ်ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ရပ်နားထားရသလို ယခင်နေထိုင်ပြီးအလုပ်လုပ်ကိုင်ခဲ့သည့်သူများသာလျှင် ဝင်ထွက်သွားလာမှု လွယ်ကူသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

 “ကုက္ကိုလ်ကို ကားတွေဝင်လို့မရဘူး။ လမ်းတွေပိတ်လိုက်ပြီး။ ကြားတာတော့ ဒီဘက်ကို မင်းအောင်လှိုင် လူတွေ ဗုံးလာကြဲမယ်။ ပြီးတော့တိုက်ပွဲလည်းဖြစ်မယ်ကြားတယ်။ ဒါပေမဲ့ လမ်းပိတ်တာ ဘာဖြစ်တာလဲတော့ သေချာမသိဘူး။ အရင်က ကုက္ကိုလ်မှာ အလုပ်လုပ်ပြီး နေထိုင်ဖူးတဲ့သူဆိုရင်တော့ ပြန်ဝင်ရနည်းနည်းလွယ်မယ်။ လူသစ်ဆိုရင်တော့ မရတော့ဘူး။ ရွာခံတွေကိုတော့ အပြင်ပေးထွက်တယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ယခုလို မြို့တွင်း ဝင်ထွက်သွားလာမှုများကို ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး မည်သည့် အကြောင်းအရင်း ကြောင့် ပိတ်ပင်ခြင်းဖြစ်ကြောင်းကို အသေးစိတ်မသိရှိရဘဲ လောင်းကစားနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း များအပေါ် ဝင်ရောက် စီးနင်းနိုင်သည့်အခြေအနေများနှင့် ဆက်စပ်မှုများ ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ယူဆ ပြောဆိုကြသည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးက “ဒီနေ့ မြို့ကို စျေးသွားဝယ်မလို့ လမ်းမှာရှိတဲ့ မြို့အဝင်ဂိတ်က BGF တွေ ဖမ်းတာခံလိုက်ရတယ်။ သူတို့က ဆိုင်ကယ်က နံပါတ်ပြား မပါဘူး။ ဂိတ်ရှေ့မှာ ဆင်းမတွန်းဘူးဆိုပြီး ဖမ်းလိုက်တာ။ ကျမတို့က မသိလို့ လုပ်မိ တာလို့ တောင်းပန်လိုက်မှ ပြန်လွတ်ပေးတယ်။ မြို့ထဲမှာ အရင်ကနဲ့ မတူဘဲ BGF တွေအများကြီး။ အဆောက်အဦးသစ်တွေအများကြီး။ ဗိုလ်ချစ်သူအိမ်ဆို ကားအစီး ၅၀ လောက်နဲ့ကို လုံခြုံရေးချထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)များကိုလည်း ပြီးခဲ့သည့် မတ်လမှစ၍ ပြန်လည်စတင်လည် ပတ်လုပ်ကိုင်လာနေပြီး တရုတ်နိုင်ငံသားများလည်း ပြန်လည်ဝင်ရောက် လာမှုများရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ တရုတ်ဂိုဏ်း၏ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ၃ ဦးမှ အဓိက ပါဝင်ပတ်သက်နေကြောင်းလည်း United States Institute of Peace (USIP)အဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...
May 7, 2024
ကော့ကရိတ်မြို့ မြောက်ပိုင်း စော်ဟဲကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၆ရက်၊ ယမန်နေ့ညနေပိုင်းတွင်...
May 6, 2024
မြဝတီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး...