စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ တော်လှန်ရေးကာလ ကြာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုခက်ခဲလာပြီး ပြီးခဲ့တဲ့နှစ်တွေထက် အလှူငွေရရှိမှု ပိုမိုအားနည်းလာတယ်လို့ တပ်ရင်းထောက်ပို့အပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တော်လှန်ရေး အစောပိုင်းမှာ အလှူငွေရရှိမှု များပြားခဲ့ပေမယ့် တော်လှန်ရေးကာလ ၂ နှစ်တာ ကာလ ကျော်လာတာနဲ့အမျှ အလှူငွေရရှိမှု လျော့နည်းလာပြီး တပ်ရင်းရဲဘော်တွေကို အခြေခံစားသောက်ကုန်တွေ ဖြန့်ဝေပေးဖို့ အခက်အခဲရှိလာနေတယ်လို့ KNDF တပ်ရင်း(၁)က ထောက်ပို့ဌာနမှ ဒုဌာနမှူး မိထော်က ပြောပါတယ်။
”တစ်လနဲ့ တစ်လတော့မတူဘူး။ အလှူငွေများတဲ့ လဆိုရင် ရဲဘော်တွေကို ပုံမှန် ရိက္ခာပေးနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုလမျိုးကျတော့ ညီမတို့ရဲ့ရိက္ခာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား တောင်မပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်” လို့ မိထော်က ပြောပါတယ်။
KNDF အမှတ် (၁) တပ်ရင်းထောက်ပို့ ဌာနအနေနဲ့ တစ်လတာ အလှူခံရရှိတဲ့ အလှူငွေရဲ့ ၄၀% ကိုရိက္ခာအတွက် သုံးစွဲပေမယ့် ရိက္ခာအပိုင်းအားနည်းချက်တွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။
ရိက္ခာပိုင်းနဲ့ ပတ်သက်ပြီးတော့ ရေရှည်တောင့်ခံနိုင်ဖို့အတွက် တစ်နေ့ကို ထမင်းနှစ်နှပ်သာ စားသုံးပြီး ချွေတာ နေရတယ်လို့ KNDF တပ်ရင်း (၉) က ထောက်ပို့တစ်ဦးဖြစ်တဲ့ မကစ်ကစ်က ပြောပါတယ်။
”ညီမတို့ တပ်ရင်းအနေနဲ့ ပေါ့နော် စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက တစ်ရက်ကို ထမင်းနှစ်နှပ်ပဲစားပါတယ် ရှင့်။ ဘာလို့လဲဆိုတော့ နောက်တစ်နှပ် ချွေတာလိုက်ခြင်းအားဖြင့် ရိက္ခာကို ပိုပြီးတော့ စုဆောင်းမိမယ်ဆိုတဲ့ အတွေးနဲ့ တစ်ရက်ကို ထမင်းနှစ်နှပ်နဲ့ ၂ နှစ်ကျော်အတွင်း စားသုံးလာတာပါရှင့်” လို့ မကစ်ကစ်က ပြောပါတယ်။
ခက်ခဲတဲ့ရဲဘော်မိသားစုတွေကိုလည်း တပ်ရင်းအနေဖြင့် ရိက္ခာအပိုင်းမှာဖြစ်စေ၊ ငွေကြေးအပိုင်းမှာဖြစ်စေ တတ်နိုင်သလောက် ကူညီပေးတာရှိတယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ တပ်ရင်းပေါင်း (၂၁) ရင်းရှိ ပြီး အင်းအားကတော့ ၈ ထောင်ဝန်းကျင်ရှိတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုထားပါတယ်။