၂၀၂၅ ခုနှစ်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ခပ်စိပ်စိပ်တွေ့လာရသည်။
ဇန်နဝါရီလမှ စတင်ကာ ပထမ သုံးလတာအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးဝင်ရောက်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ နေအိမ်မီးရှို့မှုများကို စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်။
မတ်လ ပထမ ၁၅ ရက်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ နေ့စဉ် အစီရင်ခံစာများအရ သိရသည်။
ပြည်တွင်းတိုက်ပွဲများတွင် စစ်တပ်မှ လက်လွှတ်ထားရသည့် မြို့ပေါင်း ၉၀ ကျော်ရှိပြီး အဆိုပါဒေသများတွင် နေထိုင်သူများကို အကြမ်းဖက်အားပေးသူများဟု စစ်ကောင်စီက တံဆိပ်ကပ်လေ့ရှိသည်။
“ပြည်သူတွေက တော်လှန်ရေးဒေသတွေမှာ နေမယ်။ PDF တွေက စျေးလာဝယ်မယ်။ သူတို့က သူတို့စီးပွားရေးအတွက် စျေးရောင်းလိုက်ရတာရှိမယ်။ဒါက PDF တွေကို ထောက်ခံနေတာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် စစ်တပ်ကကျတော့ ဒါကို အကြမ်းဖက်တွေကို ထောက်ခံတာလို့မြင်တယ်။ တကယ်က သူ့စီးပွားရေးသူလုပ်တာလေ။ စစ်တပ်ရဲ့ သဘောထားကတော့ PDF ထောက်ခံရင်ကို အကြမ်းဖက်ပဲလို့ မြင်တာ။ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့ဗျာ“ ဟု CDM တပ်ကြပ်ကြီး သူရက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ ညနေကပင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲဧရိယာမဟုတ်သည့် ဘာသာရေးအဆောက်အဦးကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်များအပါအဝင် ၁၀ ဦး သေဆုံးခဲ့ရသည်။
“အဲ့ဒီကျောင်းက ဆရာတော်ကြီးက တော်လှန်ရေးအားပေးပါ တပ်ကလုပ်သင့်တာလုပ်သွားတယ် လို့ပဲမြင်တယ်” ဟု စစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုကို စစ်တပ်ကို ထောက်ခံသူများက ဝန်းရံရေးသားကြသည်။
တဘက်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေကို ဗုံးကြဲခြင်းသည် အပစ်ခတ်ရပ်ဆဲရေးအတွက် ဖိအားပေးခြင်းတခုဖြစ်ကြောင်း TNLA ဘက်က ပြောသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဟုတ်ပါတယ် ဒီလိုအရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာဟာ ကျွန်မတို့ကို ဖိအားပေးတာလို့ ဆိုရမှာဖြစ်ပါတယ်။ ဖိအားလည်း အတော်အတန်သက်ရောက်ပါတယ်။ ကျွန်မတို့ကတော့ ဒီလိုတိုက်ခိုက်မှုအပေါ်မှာတော့ ကျွန်မတို့ရဲ့ ပြည်သူတွေ ဘေးကင်းဖို့ကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ပြည်သူလူထုက တော်လှန်ရေးကို မထောက်ခံစေရန် အကြောက်တရားရအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း တော်လှန်ရေးအဖွဲ့အစည်းတို့က ပြောသည်။
“၂၀၂၄ ဧပြီလက အစည်းအဝေးမှာ ခရိုင်အတွင်းရှိ မြို့နယ်များအနေနဲ့ မိမိဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းများဝင်ရောက်လာပါက နယ်မြေဒေသခံများသာ ပျက်စီးဆုံးရှုံးရနိုင်ကြောင်းကို ဓမ္မသကျေးရွာဖြစ်စဉ်ကို နမူနာပြပြီး အောက်ခြေအဆင့်ရှိ ပြည်သူများအား ချပြရှင်းလင်းပြောကြားဖို့ ညွှန်ကြားခဲ့တယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့်မို ပြည်တွင်းစစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာက ပြည်သူတွေက တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးလက်ခံတာ မပြုလုပ်ကြဖို့။ အားပေးလက်ခံနေရင် ဒီလိုမျိုး မီးရှို့ သတ်ဖြတ်ခံရမယ်ဆိုတာ ပြည်သူပြည်သားများ ကြောက်လန့်၊ ထိတ်လန့်သွားအောင် အကြမ်းဖက်နည်းပရိယာယ်နဲ့ အစီအစဥ်ရှိရှိ ပြုနေတာပါ” ဟု မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံနေသူများကို နိုင်ငံရေးအရ ဆွေးနွေးသွားမည်မဟုတ်ဘဲ နှိမ်နှင်းသွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုဖူးသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၆၄၃၅ ဦး သေဆုံးသွားခဲ့ကြောင်း AAPP ၏ အချက်အလက်များအရ သိရသည်။
“စစ်တပ်က ဒီဘက်နောက်ပိုင်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဒီရွာလုံးကျွတ်မီးရှို့တဲ့ ကိစ္စတွေ ဒါတွေကို ပိုလုပ်လာတာကျွန်တော်တို့ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကြမ်းဖက်စစ်အုပ်စုက တနိုင်ငံလုံးအနှံ့မှာဖြစ်နေတဲ့ ဒီတိုက်ပွဲတွေမှာ ဘယ်နေရာမှာမှ သူတို့ အောင်မြင်မှု မရဘူး။ နေရာတိုင်းမှာ သူတို့ ရှုံးနိမ့်နေတယ်။ နောက်ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးအပေါ်မှာ ဒီဝိုင်းဝန်းပံ့ပိုးကူညီမှု၊ ဒီနွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ ပြည်သူတွေက အရင်ကထက် အရမ်းကို များလာတယ်။ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ နွေဦးတော်လှန်ရေးဟာ နေရာအနှံ့မှာ အောင်ပွဲတွေ ရလာတယ်။ ဘာကြောင့် ပြည်သူတွေကိုပဲ အဓိကထားလာလဲဆိုတော့ ဒီလိုမျိုးကူညီထောက်ပံ့မှုတွေ မလုပ်ရဲအောင် သူတို့ကို ကြောက်ရွံ့လာအောင် ပြည်သူတွေရဲ့ စိတ်ထဲကို အကြောက်တရားတွေ ရိုက်သွင်းပေးနေတာဖြစ်တယ်” ဟု AAPP မှ တာဝန်ရှိသူ ကိုအောင်မျိုးကျော်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များရှိသည်ဆိုပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပြင် မြေပြင်တွင် နေအိမ် လိုက်လံမီးရှို့ခဲ့ခြင်းကြောင့် ဓမ္မသရွာ တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရသည်။
အဖက်ဖက်က ရှုံးနိမ့်နေသည့် စစ်ကောင်စီက တနိုင်ငံလုံးတွင် လေကြောင်း၊ ဒရုန်း အသုံးပြုပြီး တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည်ဟု တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
စစ်ကောင်စီသည် လေယာဉ်၊ ဒရုန်းအသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက် အဦးများ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်နေသည်။
“အရပ်သားတွေကို ပစ်မှတ်ထားတယ်လို့ ဘာကြောင့် ပြောနိုင်လဲဆိုရင် အခုသူတို့ ဗုံးကြဲတဲ့ နေရာတွေက စစ်ရေးပစ်မှတ်တွေမှ မဟုတ်တာ။ ဘုန်းကြီးကျောင်းက သူတို့ပြောနေတဲ့ PDF ခေါင်းဆောင်ရဲ့အိမ်လား။ စာသင်ကျောင်းတွေ ဆေးခန်းတွေလဲ ဒီလိုပဲ။အခုကာလမှာ အားလုံးရင်ဆိုင်နေရတာ လေကြောင်းပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတွေကို ဗုံးခိုကျင်း တူးဖို့ပဲ တိုက်တွန်းလိုပါတယ်” မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။