ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများတွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်မှု ရှိနေ သည့် ပြောဆိုစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ် ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် မောထိုတလေးဒေသရှိ ဟွမ်ယာ (Hyuny ) တရုတ်မြို့သစ် စီမံကိန်း ကိစ္စနှင့် KK Park ဟု လူသိများသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံများတွင် KNU ခေါင်းဆောင်အချို့က စီးပွားရေးအရ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုမှုများကို အဖွဲ့ ဖွဲ့ကာ စုံစမ်းစစ် ဆေး သွားမည်ဟု KNU က ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေး က “မောလောအိအလင်းမှာ ပါဝင်ပတ်သက်နေတဲ့ ကျနော်တို့ ခေါင်းဆောင်ပုံစံပေါ့နော အဲဒါတွေကို သူများတင်ပြချက်တွေအပေါ်မှာပဲ ကျနော်တို့ စုံစမ်းစစ်ဆေးမှု လုပ်သွား မယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုကလည်းပဲ ဒီ လွတ် လပ်တဲ့ စုံစမ်းစစ်ဆေးမှု အဖွဲ့တစ်ဖွဲ့ ကို ဖွဲ့ပြီးတော့ ဆောင်ရွက်ဖို့ကို ပြောချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
မကြာသေးမီက ကျင်းပပြီးစီးသွားသည့် KNU ကွန်ကရက်၏ နောက်ဆက်တွဲ လုပ်ငန်းဆောင်တာများကို လုပ် ဆောင်ပြီးသည်နှင့် တပြိုင်နက်တည်း လွတ်လပ် ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းသွား မည် ဟု ဆိုသည်။
လွတ်လပ် ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးအဖွဲ့တွင် ကရင် လူမှု့အဖွဲ့အစည်းများလည်း ပါဝင်မည်ဟု ပဒို စောကလယ်စေးက ဆက်ပြောသည်။
၎င်းက “လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလို့ ဆိုလိုက်ကတည်းကိုက ကျနော်တို့ KNU ခေါင်းဆောင် ပါသင့်တဲ့ ခေါင်းဆောင် တစ်ချို့နဲ့ ကရင်လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ တစ်ချို့ ပါဝင်မယ်လို့တော့ ယူဆတာပေါ့နော်။ အဲ့လိုမျိုးတော့ ကျနော်တို့ နားလည်ထားပါတယ်” ဟု ပြောသည်။
မေလ ၅ ရက်နေ့က KNU ၏ ထုတ်ပြန်ချက်ထဲတွင် KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့် ဆက်စပ် သည့် စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် ရေးသားပြောဆိုမှုများကို ဆန့်ကျင် ကန့် ကွက် ကြောင်း၊ သို့ရာတွင် အခြေအနေမှန်ကို သိရှိဖော်ပြနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းပြီး KNU မူဝါဒနှင့် စည်းမျဉ်း ဥပဒေများအတိုင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်ဟု ပါရှိသည်။
ထို့အပြင် မောထိုတလေး ဒေသရှိ ဟွမ်ယာ (Hyunya) တရုတ်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် မောလောအိ အလင်း ကုမ္ပဏီသည် ၎င်းစီမံကိန်းမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက နုတ်ထွက်သွားပြီ ဖြစ်သည့်အတွက် အဆိုပါ စီမံကိန်းကိစ္စနှင့် ပတ်သက်၍ မည်သည့်ကိစ္စ မဆိုသည် မိမိတို့ KNU နှင့် မပတ်သက်ပါကြောင်း ထုတ်ပြန် ထားသည်။
အလားတူ KK Park ဟု လူသိများပြီး တရုတ်ရာဇဝတ်ရိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံ သည် လည်း KNU နှင့် လုံးဝ (လုံးဝ) ပတ်သက်မှု မရှိပါကြောင်း ထည့်သွင်းထားသည်။
KK Park နှင့် ပတ်သက်၍ ပဒိုစောကလယ်စေးက “နောက်တစ်ခုက ဒီဖက် မောလောအိအလင်းက လက်မှတ် ထိုး ထားတဲ့ လုပ်ငန်းဧရိယာရဲ့ ဘေးမှာရှိတဲ့ KK Park က အခြားသော အဖွဲ့အစည်း တစ်ခုကနေပြီး ဆောင်ရွက်တဲ့ အလုပ်ဖြစ်တဲ့အတွက် KNU နဲ့လည်း မသက်ဆိုင်ဘူးဆိုတဲ့အကြောင်းကို ကျနော်တို့ ပြောချင်တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းက ကျနော်တို့ အတိအကျတော့ မသိဘူးပေါ့နော။ ဒါကတော့ ကျနော်တို့ အတိအကျ မသိပဲ ပြောလို့က မဖြစ်ဘူး။ သို့သော် KNU နဲ့ လုံးဝမသက်ဆိုင်တာက အသေအချာပဲ အဲဒါကိုပဲ ပြောချင်တာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်က KNU ထိပ်ပိုင်း ခေါင်းဆောင်အချို့ ပါဝင်လက်မှတ်ရေးထိုးထားသည့် မော ထိုတလေး တရုတ်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်တစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့လာခဲ့ သည်။
ထိုစာချုပ် ပေါ်ထွက်လာပြီးနောက် KNU တပ်မဟာ ၅ က တရုတ်မြို့သစ် စီမံကိန်းနှင့် တရုတ်ရာဇဝတ်ဂိုဏ်းများ ဆက်စပ်ပတ်သက်နေသော လောင်းကစားရုံများတွင် ပါဝင်ပတ်သက်နေသည့် KNU ခေါင်းဆောင်းများကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ပေးရန် KNU ဗဟိုကို စာပို့ တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုပြီးနောက် KNU ဗဟိုက လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေး အဖွဲ့ကို ဖွဲ့စည်းမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။