ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီး အသတ်ခံလိုက်ရသည့် ဒေသခံပြည်သူ ၉ ဦးအမှုနှင့် ပတ်သက်၍ လူထုရှေ့မှောက်တွင် အမှုမှန်အတိုင်း အမြန်ဆုံးဖြေရှင်းပေးစေချင်သည်ဟု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်နေသူများ က ပြောသည်။
လဝါးကျေးရွာအနီး ဒလန်ဟုစွပ်စွဲခံရပြီး သတ်ဖြတ်ခြင်းခံရသည့် ပြည်သူ ၉ ဦး၏ အမှုကို သက်ဆိုင်သော မိသား စုဝင်များနှင့် လူထုရှေ့၊ သတင်းမီဒီယာများရှေ့တွင် အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်သည်ဟု ပြောသည်။
အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဝင် တစ်ဦးက “ပထမအနေနဲ့က ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘာကြောင့် သတ်ရတာလဲ ဆိုတာကို အရင်းအမြစ်ကနေ ဖော်ထုတ်စုံစမ်းပေးပါလို့ ပြောချင်တယ်။ ပြီးတော့ နောက်တစ် ခုက မှားခဲ့တယ် ဆိုရင်လည်း ပြည်သူတွေကို statement ထုတ်တာပဲဖြစ်ဖြစ်၊ မီဒီယာတွေကို ခေါ်ပြီး မီဒီယာ တွေရှေ့မှာ မှား ခဲ့တဲ့အကြောင်း ပြောပြမယ်။ ရှင်းပြမယ်။ မှားခဲ့တဲ့သူတွေကိုလည်း အပြစ်ပေးမယ်၊ အပြစ် ပေးမယ်ဆိုရင်လည်း သူတို့ပဲ တရားရုံးမှာ ပေးတာမဟုတ်ဘဲ ပြည်သူပြည်သားတွေ မီဒီယာတွေရှေ့မှာ စီရင် မယ်။ ဟုတ်ကဲ့ အဲတာကို လိုချင်တယ်။ အဲဒီလို ဖြစ်စေချင်တယ်” ဟု ပြောသည်။
အမှုမှန်ပေါ်ပေါက်ရေး ကော်မတီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာန ချုပ်ထံ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးရန် စာပေးပို့မှု၊ သွားရောက်တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း KIO/KIA လက်အောက်ခံ တပ်မဟာ-၂ မှ အပြစ်ကျူးလွန်သူများကို ဖမ်းဆီးကာ စစ်ဆေးနေပြီ ဖြစ်သောကြောင့် ထိုစစ်ဆေးမှုမှ ထွက်လာမည့် အဖြေကို စောင့်ရန်ပြောဆိုခဲ့သည်ဟု အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဝင် က ဆက်ပြောသည်။
အလားတူ KIO/KIA တပ်မဟာ-၂ ကလည်း ၎င်းတို့ရရှိထားသည့် အချက်အလက်များကို KIO ဗဟိုထံ တင်ပြ ထားပြီး ဖြစ်သောကြောင့် ဗဟို၏ ပြောကြားချက်ကို စောင့်ကြည့်ရန်သာ ပြောဆိုလာသည်ဟု ဆိုသည်။
ထို့ကြောင့် လဝါးကျေးရွာ၌ ပြည်သူ ၉ ဦး အသတ်ခံရမှုမှာ ယနေ့အချိန်ထိ အမှုမှန်မပေါ်ပေါက်သေးဘဲ ကြန့်ကြာ နေသည်ဟု ဆိုသည်။
ဒေသခံ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းထားသည့် အမှုမှန်ပေါ်ပေါက်ရေး ကော်မတီနှင့် KIO ဘက်မှ ဖွဲ့စည်းထားသော စစ်ဆေးရေး ကော်မတီတို့အကြားတွင်လည်း ယနေ့အချိန်ထိ တစ်ကြိမ်သာ တွေ့ဆုံနိုင်သေးသည်ဟု ပြောသည်။
အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၇ ဦးတို့အား သတင်းပေးဒလန်ဟု စွပ်စွဲပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဇန္နဝါရီလ ၂၄ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ဖမ်းဆီးသွားပြီးနောက် အသတ်ခံလိုက် ရသည့် အမှုမှာ လက်ရှိတွင် ၂ လကျော် ကြာလာသည်အထိ ဖြေရှင်းပေးခြင်းမရှိသောကြောင့် KIO အနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။
မည်သည့် အကြောင်းအရင်းများကြောင့် ယခုကဲ့သို့ ကြန့်ကြာနေသည်ကို မသိသော်လည်း မိမိတို့ ကချင်တစ်မျိုး သားလုံး၏ အားကိုးအားထားရာဖြစ်သော KIO အပေါ် ကချင်ပြည်သူများဘက်မှ မျှော်လင့်ချက်မဲ့သွားသည့် ဖြစ် ရပ်မျိုး မဖြစ်စေချင်ဘူးဟု အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဘက်က ပြောသည်။
“အဓိက လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာလည်း သူ့စည်းကမ်းသူရှိတယ်။ လိုက်နာရမှာ ဖြစ်တယ်။ KIO ဆို တာ ကျနော်တို့အတွက် အားကိုးအားထားရတဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ရမှာ။ သူတို့ဘက်က အခုချိန်ထိ စစ်ဆေးရအုံးမယ်၊ ဗဟိုကပြောတာက တပ်မာ ၂ ကဆက်လုပ်နေတယ်၊ တပ်မဟာ ၂ က ပြောတာက ဗဟိုကို ပို့ လိုက်ပြီဆိုတော့ ကျနော်တို့က ဘာဆက်လုပ်ရမလဲ” ဟု အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဝင်တစ်ဦးက ဆက် ပြောသည်။
အမှုနှင့်ပတ်သက်၍ KIO ပြန်ကြားရေး တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အသတ်ခံလိုက်ရတဲ့ ပြည်သူ (၉) ဦးမှာ မိတ်ဆွေများ ဖြစ်ကြပြီး ဇန်နဝါရီလ (၂၄) ရက်နေ့က ဆားမှော်၊ နမ္မတီး၊ ဗန်းမော် စသည့် မြို့နယ်များမှ မိုးကောင်းမြို့ရှိ အသိမိတ်ဆွေ ဦးကျော်စိုးထံ လာလည်ကြသည့် မအင်ဒေါင်နန် လွမ်၊ ဒေါ်ဖောင်မခေါန်ဘူ၊ ဦးဖိုးတုတ် (အသက် ၂၃ နှစ်)၊ ဦးထွန်းယုံ (အသက် ၂၇ နှစ်)၊ ဦးလဇွမ်ထွယ်ရှောင် (ခ) ထွန်းအေး (အသက် ၃၅ နှစ်)၊ ဦးလဇွမ်တူးလွမ့် (အသက် ၅၄ နှစ်)၊ ဦးကျေး နှင့် ဦးယောဟန် တို့ ဖြစ်ကြသည်။