ကချင်လူငယ်များ မိခင် ဘာသာစကား ပြောဆိုတတ်မြောက် သုံးစွဲမှု နည်းပါးလာမှုကို ဖြေရှင်းရန် အွန်လိုင်း ကျောင်းတစ်ခုကို စတင်ဖွင့်လှစ်တော့မည်ဟု ကျောင်းကော်မတီ အဖွဲ့ဝင်များက ပြောသည်။
ကချင်လူငယ်များမှာ မိခင် ဘာသာစကားကို မြန်မာ၊ အင်္ဂလိပ် စကားများ ရောနှောပြောဆိုနေပြီး အရေးအဖတ်၊ တတ်မြောက်မှု နည်းပါးလာနေသောကြောင့် မူရင်း ကချင်ဘာသာစကား နှင့် စာပေ တိမ်ကောပပျောက်သွားခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ကျောင်းဖွင့်လှစ်သင်ကြားရခြင်း ဖြစ်သည်ဟု ကျောင်းတာဝန်ခံများက ပြောသည်။
ယခု ဖွင့်လှစ်မည့် ကျောင်းကို ကချင် အမျိုးသား စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာ သင်ကြားရေး အွန်လိုင်းကျောင်း ခေါ် Mungmyit Sinli Institute of Educaiton- MSIE ဟု ခေါ်သည်။
MSIE ကျောင်းတည်ထောင်သူ ဦးဒါ့ရှီဘရန်အောင်က “ကျနော်တို့ ဒီကျောင်းဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီနေ့ ခေတ် ၂၁ သစ်ရာစု လူငယ်တွေ တော်တော်များများက ကိုယ့်ရဲ့ ဘာသာစကား၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေကို ကြား ဖူးနားဝယုံပဲ ရှိတော့တယ်။ ပြီးတော့ ပညာရေး အစိုးရကနေလည်း ဒါကို ကောင်းကောင်းမသင်ယူခဲ့တဲ့ အခါကြ တော့ လူငယ်တွေ စကားပြောတဲ့အခါမှာ ကိုယ့်ရဲ့ မိခင်ဘာသာစကားကို ကောင်းကောင်း မပြောတတ် တော့ဘူး။ အင်္ဂလိပ်စကားကို ကြားညှပ်ပြောဆိုတယ်။ မြန်မာဘာသာစကားကို ကြားညှပ်ပြောဆိုကြတယ်” ဟု ပြောသည်။
မိမိတို့ တိုင်းရင်းသား ဘာသာစကား အဓိပ္ပာယ် အစစ်အမှန်ကို ပြောဆိုတတ်ရန်နှင့် မှားယွင်းစွာ သုံးစွဲနေသည် များကို ပြန်လည် ပြင်ဆင်ပေးစေချင်သော ရည်ရွယ်ချက်နှင့် MSIE ကျောင်းကိုဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု ဒါ့ရှီဘရန်အောင်က ဆက်ပြောသည်။
ထို့အပြင် “ပြီးရင် မြို့ကြီးတွေမှာနေတဲ့ သူတွေကလည်း ကိုယ့်ရဲ့ ကချင်ဘာသာ ကချင်စကားတွေကို မသိတော့ ဘဲ တခြား အင်္ဂလိပ်၊ မြန်မာစကားတွေကို ဗန်းစကားအနေနဲ့ ရောရော သုံးပြီး၊ ကချင်လူမျိုး ဖြစ်နေပေမယ့် ကိုယ့်ရဲ့စာပေ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ သမိုင်းတွေကို သိတဲ့သူတွေ နည်းသွားတယ်။ အဲ့ဒါကြောင့်မလို့ ဒီ MSIE မှာ သင်ယူတဲ့သူတိုင်းက ကိုယ့်ရဲ့ ဘာသာစကားကို စနစ်တကျ သင်ယူခွင့်ရှိမယ်။ ပြီးတော့ ကိုယ့်ရဲ့ သမိုင်း၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို နားလည်တတ်ကျွမ်းသွားမယ်” ဟု ပြောသည်။
ယခုဖွင့်လှစ်ရန် စီစဉ်နေငည့် (MSIE) ကျောင်းသည် မည်သည့် အစိုးရလက်အောက်မှာမှ ထားရှိခြင်းမျိုး မဟုတ် ဘဲ ကချင်ယဉ်ကျေးမှုကို လေ့လာတတ်ကျွမ်းသော ကချင်ဆရာ/ဆရာမ ၈ ဦးက စုပေါင်း ကော်မတီဖွဲ့ကာ မျိုး ဆက်သစ် လူငယ်များအတွက် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု ဆိုသည်။
MSIE ကျောင်းကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး ပထမအပိုင်းကို Certifacate Program နှင့် ဒုတိယအပိုင်းကို Diploma Program ဟု သတ်မှတ်ထားကာ အွန်လိုင်းမှ သင်ကြားသွားမည်ဖြစ်သည်။
Certifacate Program မှာ သင်တန်းကာလ ၁၀ လ ကြာမြင့်မည်ဖြစ်ပြီး၊ စာမေးပွဲစစ် အောင်သောသူများကို နှစ်စဉ်နှစ်တိုင်း ကချင်ပြည်နယ်နေ့ဖြစ်သော ဇန္နဝါရီလ ၁၀ ရက်နေ့တွင် Certificate လက်မှတ်များကို ချီးမြှင့် သွားမည်ဟု ဆိုသည်။ သို့သော် Diploma Program ကိုမူ လာမည့် နှစ် ၂၀၂၄ ခုနှစ်မှသာ စတင်ဖွင့်လှစ်နိုင်မည်ဟု ဒါ့ရှီဘရန်အောင်က ပြောသည်။
Certifacate Program တွင် ဘာသာရပ် ၄ မျိုးကို ထည့်သွင်းထားပြီး ပထမဘာသာရပ်မှာ အခန်းငယ် ၄ ခန်း ပါဝင်ပြီး ကချင်စာပေ၏ သဒ္ဒါ၊ ကဗျာ၊ အသီးအနှံနာမည် အခေါ်အဝေါ်များ၊ ပန်းပင်အမျိုးအမည်များ၊ ဝါကျရေး ပုံရေးနည်းများ၊ အလင်္ကာရေးစပ်နည်းများဖြစ်သည်။
ဒုတိယ ဘာသာရပ်မှာ ခေါင်းဆောင်မှုပညာဖြစ်သည့် ကချင်လူမျိုး၏ ခေါင်းဆောင်မှုပညာ၊ ကချင်လူမျိုးများ ၏ အမျိုးသားရေး ခေါင်းဆောင်များအကြောင်း၊ ကမ္ဘာပေါ်ရှိ အမျိုးသားရေး ခေါင်းဆောင်များအကြောင်း၊ ကချင် လူမျိုးတစ်ဦး၏ လူမှုနေထိုင်ပြောဆိုပုံနှင့် ကျင့်ဝတ်များအကြောင်း ဖြစ်သည်။
အလားတူ တတိယ ဘာသာရပ်မှာ ကချင်လူမျိုးများ၏ ဘိုးဘွားစဉ်ဆက် အသုံးပြုလာသော ယဉ်ကျေးမှု၊ အသုံး အဆောင်များအကြောင်း၊ မနှောတိုင်မှာပါရှိသော ယဉ်ကျေးမှု အကြောင်းအရာ၊ တရားစီရင်မှု ထုံးတမ်းများနှင့် နောက်ဆုံး ဘာသာရပ်မှာ ကချင်လူမျိုးများ၏ ဆင်းသက်လာပုံ သမိုင်းကြောင်းများ ပါဝင်မည်ဟု ဆိုသည်။
MSIE ကျောင်းကို ၂၀၂၃ ခုနှစ် မေလမှ စတင် သင်ကြားပေးမည် ဖြစ်သောကြောင့် ယခု ဧပြီလဆန်းမှ စတင်၍ အမည်စာရင်းများကို လက်ခံပေးနေပြီဟု ကျောင်းကော်မတီ အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကျောင်း၏ လူမှုကွန်ရက်စာမျက်နာတွင် လျှောက်လွှာကိုရယုနိုင်ပြီး ပထမဆုံး ကျောင်းအပ်နှံသော သူများထဲမှ အယောက် ၃၀ ကို သင်တန်းကြေး ၅၀၀၀၀ကျပ် သတ်မှတ်ထားပြီး၊ ထိုမှ အထက်ကို ၈၀၀၀၀ ကျပ် သတ်မှတ် ကာ ကောက်ခံသွားမည်ဟု ဆိုသည်။
သင်တန်းတွင် လူဦးရေ အကန့်အသတ်မရှိ လက်ခံသွားမည် ဖြစ်ပြီး၊ ကချင်(ဂျိမ်းဖော)စာ အခြေခံ ရေးဖတ်နိုင် သော အသက် ၁၂ နှစ်ပြည့်ပြီးသည့် လူငယ်များတက်ရောက်နိုင်သည်။
ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသားများအပြင် အခြားသော တိုင်းရင်သားများ အတွက် Diplomar Program တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစကား နှစ်မျိုးဖြင့် သင်ကြားပေးသွားမည်ဟု ပြောသည်။
MSIE ကျောင်းတွင် ကချင်စာပေ အခြေခံ တတ်ကျွမ်းထားသော လူမျိုး၊ ဘာသာမရွေး မည်သူမဆို တက်ရောက် သင်ကြားနိုင်ကြောင်း၊ ဖုန်းတစ်လုံးဖြင့် အင်တာနက် ရရှိသည့်နေရာက မည်သူမဆို အလွယ်ကတူ သင်ကြားခံယူ နိုင်အောင် ဆောင်ရွာထားကြောင်း အဆိုပါ ကျောင်းသည်
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် ဖွင့်လှစ်မည့် ပထမဆုံးသော အွန်လိုင်းပညာရေးကျောင်း ဖြစ်သည်ဟု ကျောင်းကော်မတီ တာဝန်ရှိသူများက ဆိုသည်။