ဆယ်နှစ်ကျော်စစ်ရှောင်ပြီး မိမိနေရပ်ကိုပြန်လာကြတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကဇူးယန်ကျေးရွာက သွပ်မိုးပြီး ပျဉ်နဲ့ဆောက်လုပ်ထားပြီး ယူ(U)ပုံသဏ္ဍာန်ရှိတဲ့ ကျောင်းဆောင်ဟာ ရုပ်လုံးမပေါ်အောင် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။
ကျောင်းဆောင်ကပျဉ်တွေ၊ တံခါးချပ်တွေ၊ အမိုးတွေ၊ တိုင်တွေကအစ ပျက်စီးသွားပြီဖြစ်ပြီး စာရေးခုံတွေ၊ ထိုင်ခုံတွေ၊ သင်ပုန်းတွေကအဆုံး တစ်ခုမှမရှိတော့ဘဲ ခြုံနွယ်တွေနဲ့ ပြည့်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အရင်တုန်းကကျောင်းက ဆရာမတွေ၊ ဝန်ထမ်းတွေနေတဲ့ အဆောင်လည်းမရှိတော့ဘူး။ ကျောင်းဆောင်ကြီးကလည်း မရှိတော့ဘူး။ အားလုံးဖြုတ်ယူ၊ခွာယူသွားပေးကြတယ်။ ကျွန်တော်တို့ဟာက တစ်ခြားရွာတွေနဲ့မတူဘူး။ အားလုံးဖြုတ်ယူသွားကြတော့ လုံးဝအပြောင်ဖြစ်နေတာ။”လို့ဆိုပါတယ်။
ဒ့ါကြောင့်ဒေသခံတွေက မိမိတို့ ကလေးတွေ ဒီနှစ်ပညာသင်နှစ်ကစပြီး ရွာအတွင်းမှာ မူလတန်းကြိုအဆင့်ကနေ စတုတ္ထတန်းအထိ ပညာသင်ကြားနိုင်ခွင့် ရရှိရေးအတွက် ကြိုးစားလုပ်ဆောင်နေရပါတယ်။
ကျောင်းဆောင်ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ ဘတ်ဂျတ်တွေနဲ့ ဆရာ၊ ဆရာမတွေကိုရရှိဖို့အတွက် ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးကို သွားရောက်တင်ပြထားပြီ ဖြစ်တယ်လို့ ကဇူးယန်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ပြန်တောင်ပြန်လာပြီဆိုတော့ ကလေးတွေလည်းပါလာပြီဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဒီမူလတန်း အဆင့်အထိတော့ ဘာပဲဖြစ်ဖြစ်ဖွင့်ရတော့မယ်ဆိုပြီး တွေးထားတယ်။”လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
သွားရောက်ဆွေးနွေးတိုင်ပင်တဲ့အချိန် ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာအတွက် ကျောင်းဆောင် ဆောက်လုပ်ဖို့ ကုန်ကျငွေတွေကို ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းတောင်းဆို တင်ပြထားပြီ ဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးက ပြောဆိုခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ဟာ ဧပြီလမှာစတာဖြစ်တဲ့အတွက် ဘတ်ဂျတ်ကျလာမယ့် မေလအထိစောင့်ရမှာဖြစ်ပြီး ကျောင်းဆောင် တစ်ခုမှမရှိတဲ့အတွက် အခုကတည်းက ရွာအတွင်းမှာရှိတဲ့ ဝါးတွေကို အသုံးပြုပြီး ဆောက်လုပ်ကြဖို့ ပြင်ဆင်နေကြပြီလို့လည်း ကဇူးယန်ဒေသခံ အမျိုးသားက ဆက်လက်ပြောပါတယ်။
“ကျောင်းအဆောင်တွေလည် းမရှိတော့တာဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် မြို့နယ်(ပညာရေးမှူးရုံး) ကနေဒီနှစ် မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့တက်နိုင်တဲ့ ဝါးတွေနဲ့ ဆောက်လုပ်ပြီး မူလတန်းအထိတော့ ဖွင့်ကြမယ်ဆိုပြီး ရွာကနေတွေးထားပါတယ်။”လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။
ကျေးရွာလူကြီးတွေက ကျောင်းဖွင့်နိုင်ဖို့ လုပ်ဆောင်နေကြပေမယ့် တချို့ကျောင်းသားမိဘတွေကတော့ မိမိကလေးတွေကို ကျောင်းထားဖို့ စိုးရိမ်စိတ်တွေရှိနေတယ်လို့လည်း မူလတန်းတက်မယ့် ကလေးတစ်ဦးရဲ့ မိခင်ဖြစ်သူက အခုလိုပြောပါတယ်။
“ဖြစ်နိုင်ရင်ကတော့ ကျွန်မတို့က ပိုလုံခြုံတဲ့နေရာမှာ နေရရင်တော့ ပိုကောင်းတယ်။ ဒါပေမဲ့ ကျွန်မတို့အတွက်က ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး မြို့ကိုဆိုရင်လည်း အသွားအပြန်ကျွန်မတို့ မလုပ်နိုင်တော့ဘူးဆိုတော့ ကျွန်မတို့နေတဲ့နေရာမှာပဲ နေရတာ၊ ထည့်ရ(သင်ကြားပေးရမယ့်) တဲ့အခြေအနေဖြစ်သွားတာပေါ့။”လို့ပြောပါတယ်။
ကဇူးယန်ကျေးရွာမှာ မတ်လ ၂၀ ရက်နေ့အထိ အိမ်ထောင်စု ၁၅၃ စု၊ လူဦးရေစုစုပေါင်း ၇၅၈ ဦးရောက်ရှိနေကြပြီဖြစ်ပြီး အဲဒီထဲမှာမှ မူလတန်းအထိ ပညာသင်ကြားမယ့် ကျောင်းသူကျောင်းသား စုစုပေါင်း ၆၀ နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်မှာရှိတဲ့ ကဇူးယန်ကျေးရွာဟာ ၂၀၁၁ ခုနှစ်က စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာဖြစ်ပါတယ်။
ကဇူးယန်၊ ဒဘတ်ယန်နဲ့ ဂါးရာယန်ကျေးရွာက ဒေသခံတွေပြည်သူတွေက ၁၀ နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက မိမိနေရပ်ပြန်ကို ပြန်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။