ဗန်းမော်မြို့ အဝင်အထွက်က စစ်ကောင်စီဂိတ်တွေမှာ စက်သုံးဆီနဲ့ကုန်ပစ္စည်း သယ်ယူခွင့် တင်းကြပ်ထားပြီး ဆန်သယ်ယူခွင့်ကိုလည်း လုံးဝခွင့်မပြုတဲ့အတွက် အခက်ကြုံနေကြရတယ်လို့ မြို့နဲ့အနီးတစ်ဝိုက်က ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စစ်ကောင်စီဂိတ်တွေကနေ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တင်းကြပ်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတာ တစ်လနီးပါး ရှိလာပြီဖြစ်ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်လောက်ကလည်း ဗန်းမော်မြို့အထွက် မံစီမြို့သွားလမ်းပေါ်မှာရှိတဲ့ ဂိတ်ကနေ ဆန်အိတ်တွေတင်ဆောင်လာတဲ့ ကားနှစ်စီးကို ဖြတ်သန်းခွင့်မပေးဘဲ ပြန်လှည့်ခိုင်းခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဂိတ်ဖြတ်သန်းသွားလာနေရတဲ့ အခြေနေကို အခုလိုပြောပါတယ်။
“တနေ့က ကားနှစ်စီးက ဆန်ဆိုင်တွေမှာ ပိုက်ဆံပေးပြီးသားတွေ။ ဆန်တင်တဲ့အခါကျတော့(ဂိတ်ရောက်တဲ့အခါ) သွားပြန်ချဆိုတော့ ဆန်ဆိုင်မှာ ပြန်သွားချရတာ။ တစ်အိတ်တင်ခဲ့တာတောင်မှ ဆွဲချတယ်။ ကုန်တွေနဲ့ ဖုံးထားလို့ရှိရင်တောင်မှ သူတို့က သံဆူးတုတ်တွေနဲ့ ပြန်ပြီးမှထိုးရှာတာ။”လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။
အရင်ချိန်တွေက အခက်အခဲမရှိဘဲ ဖြတ်သန်းခွင့်ရနေတာ ဖြစ်ပြီးတော့ အခုနောက်ပိုင်းမှသာ ကန့်သတ်မှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အောက်ပိုင်းကနေ ဆန်တင်ပြီးတက်လာတဲ့ ၁၂ ဘီးကားကြီးတွေနဲ့ စက်သုံးဆီတင်ဆောင်လာတဲ့ ဆီဘောက်ဆာကားတွေကိုတော့ အဲဒီစစ်ကောင်စီဂိတ်တွေကနေ ဖြတ်သန်းခွင့်ပြုပေမဲ့ မြို့နဲ့ အနီးတဝိုက်မှာနေထိုင်တဲ့ ကျေးရွာတွေကိုသာ သယ်ဆောင်ခွင့်မပြုတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို ဆန်နဲ့စားသောက်ကုန်ပစ္စည်းတွေကို စစ်ဆေးမှုတင်းကြပ်ပြီး သယ်ဆောင်ခွင့်မပြုတာတွေကြောင့် လက်ကျန် စားသောက်ကုန်တွေကိုသာ စားသုံးနေကြရပြီး ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့လာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
“ဒီပုံစံအတိုင်းဆို ဘာနဲ့သွားစားမလဲ။ ဗန်းမော်ကို အမှီပြုပြီးမှစားတာလေနော့်။ ဒီရွာကထွက်တဲ့ စပါးတွေက သိပ်စားမကောင်းဘူး။ အဲဒီစပါးတွေကို ရောင်းပြီးမှ ဗန်းမော်က (ဆန်) ဝယ်စားကြတာလေ။ ဆန်ဈေးကတက် ဖြတ်သန်းခွင့်ကမရဆိုတော့ ငတ်ရတော့မလားလို့။” လို့ အထက်ပါဒေသခံအမျိုးသမီးက ပြောပါတယ်။
စစ်ဆေးမှုတင်းကြပ်ပြီး ဖြတ်သန်းဖို့ခက်ခဲတဲ့အဓိကဂိတ်တွေကတော့ ဗန်းမော် - မံစီလမ်းက ဖန်းခါးကုန်းဂိတ်နဲ့ ဗန်းမော် - မိုးမောက်လမ်းက ၅ မိုင် စီအင်ဂိတ်တွေဖြစ်ပြီး ဘာအကြောင်းကြောင့် အခုလို ပိတ်ပင်တယ်ဆိုတာကို မသိရှိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူ ကချင်ပြည်နယ်အတွင်းက ဒေသအချို့မှာလည်း ဆန်သယ်ယူတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်မှုတွေရှိနေပြီးတော့ ဆော့လော်မြို့နယ်အတွင်းမှာလည်း ဆန်တင်ပို့မှုကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ထိန်းချုပ်ထားပြီး ခွင့်ပြုချက်ရယူပြီးမှ သယ်ဆောင်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။
ပုံဟောင်းဖြစ်ပါသည်။