ပူတာအိုတွင် ဘိန်းခင်း ဧက ၁၀၀ ခန့်ကို KIA ဖျက်ဆီး

ပူတာအိုတွင် ဘိန်းခင်း ဧက ၁၀၀ ခန့်ကို KIA ဖျက်ဆီး

ပူတာအိုခရိုင် အတွင်းရှိ စစ်ကောင်စီတပ်နယ်မြေနှင့် နီးသည့် နေရာများတွင် စိုက်ပျိုးထားသည့်ဘိန်းစိုက်ခင်း ဧက ၁၀၀ နီးပါးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ဖျက်ဆီးနိုင်ခဲ့သည်ဟု KIO/KIA တာဝန်ရှိသူများက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီ လကုန်တွင် ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဘိန်းစိုက်ခင်း ရှင်းလင်းသည့်လုပ်ငန်း စဉ်တွင် ပါဝင်ခဲ့သူ KIO အရာရှိတစ်ဦးက ပြောသည်။

KIO မူးယစ်ဆေး တိုက်ဖျက်ရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးက “လက်ရှိအခြေအနေက KIA နဲ့ နီးစပ်တဲ့ နေရာ တွေမှာ လုပ်ခွင့် မရှိတဲ့အတွက် ပူတာအိုမြို့နဲ့ နီးတဲ့နေရာ စစ်ကောင်စီတပ် နယ်မြေနဲ့ နီးတဲ့နေရာတွေမှာ တော် တော်များများ စိုက်ပျိုးနေကြတာကို တွေ့ရတယ်။ ပြီးတော့စစ်ကောင်စီတွေဘက်ကလည်း ကျနော်တို့ ဒီဘိန်း တိုက်ဖျက်ရေး လှုပ်ရှားလာတယ်ဆိုတဲ့ သတင်းကြားရတဲ့ အခါမှာ စစ်ရေးအခြေအနေတွေလည်း လှုပ်ရှားလာ တာကို တွေ့ရတယ်။ပြောရမယ်ဆိုရင် ဒီ ဘိန်းစိုက်ခင်းတွေ ကို သူတို့ ကာကွယ်ပေးတဲ့ သဘောဖြစ်နိုင်တယ် ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း KIO ၏ ညွှန်ကြားမှုဖြင့် ကချင်လူထု မူးယစ်ဆေး တိုက်ဖျက်ရေး ကော်မတီ (Pat Jasan)နှင့် နယ်ခံကော်မတီများ ပူးပေါင်းကာ ပူတာအိုခရိုင်အတွင်းရှိ ဘိန်းစိုက်ခင်းများအနက် ဧက ၁၀၀ နီးပါးကို ရှင်းလင်းဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာမသိမ်းခင်းကတည်းက ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှုန်း အခြားသော ပြည်နယ်နှင့် တိုင်းများထက် မြင့်တက်ခဲ့သော်လည်း ယခု အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားနေသည်ဟု ဒေသခံများက ပြောသည်။

အသက် ၁၀ နှစ်ကျော်ဝန်းကျင်းကလေးငယ်များ၊ အမျိုးသမီးများအပြင် အမျိုးသားများ လူငယ်၊ လူလတ်ပိုင်း၊ လူကြီးပိုင်းများ အားလုံး သုံးစွဲနေကြပြီး လူဦးရေ အယောက် ၁၀၀ အနက် အယောက် ၈၀ ကျော်က မူးယစ် ဆေးသုံးစွဲနေ ကြသည်ဟု ဆိုသည်။ အဓိကမှာ ဘိန်းဖြူသုံးစွဲမှု ပိုမြင့်တက်လာသောကြောင့် ယခုကဲ့သို့ တတ် နိုင်သလောက် ဘိန်းခင်းများကို လိုက်လံဖျက်ဆီးနေရခြင်း ဖြစ်သည်ဟု KIO တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ ဒီမြောက်ပိုင်း ပူတာအိုနယ်မြေ ဧရာဝတီ မြစ်ကြော တစ်လျှောက် နေရာတွေမှာက ဘိန်းစားမူး ယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး တော်တော်လေး ဆိုးရွားလာတယ်။ လူငယ်တွေမှာ ဆိုရင်လည်း အဖြူရော၊ အနက်ရော အရမ်းများလာတယ်။ သုံးစွဲတဲ့သူတွေ အယောက် ၁၀၀ မှာ အယောက် ၈၀ လောက်က မူးယစ်ဆေး သုံးစွဲတဲ့ သူတွေ ဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့ Generation တွေ အတွက်ရော စိုးရိမ်ဖွယ်ရာ ဖြစ်လာနေ တယ်” ဟု KIO တာဝန်ရှိသူ က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေများအပြင် ၎င်းတို့ လက်လှမ်းမှီသည့် နေရာဒေသများထဲ တွင် မူးယစ်ဆေး တိုက်ဖျက်ရေး ကော်မတီများမှ ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းများ၊ ပညာပေး ဟောပြောပွဲများ၊ ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်နေသည့်အတွက် စိုက်ပျိုးမှုများ မရှိသလောက် နည်းပါးသွားသော် လည်း စစ်ကောင်စီတပ် သွားလာလှုပ်ရှားနေသည့် နေရာများတွင် အများအပြားစိုက်ပျိုးနေသေးသည်ဟု KIO ဘက်က စွပ်စွဲပြောဆိုသည်။

ပူတာအို ခရိုင်အတွင်း တာဝန်ကျသည့် KIO တာဝန်ရှိသူတစ်ဦးက “ဘိန်းစိုက်ခင်း စိုက်ပျိုးခြင်းက စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှ ပိုမိုများပြားလာတာကို တွေ့ရတယ်။ ပူတာအို၊ ဆွမ်ပရာဘွမ့်- မြစ်ကြီးနားလမ်း လမ်းမကြီးကနေ များသောအားဖြင့်တော့ ဆွမ်ပီယန် လမ်းမကြီးကနေလည်း ကြည့်လိုက်ရင် ဘိန်းစိုက်ခင်းတွေ့ ပဲ တွေ့ရတယ်။ တချို့တွေဆိုရင် အိမ်ခြံအတွင်းမှာတောင် စိုက်ကြတဲ့သူတွေ ရှိတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလအတွင်း ဖျက်ဆီးနိုင်ခဲ့သည့် ပူတာအို ခရိုင်အတွင်းက ဘိန်းစိုက်ခင်းပိုင်ရှင်များအတွက် အစားထိုး သီးနှံအနေဖြင့် မုံညှင်းဆီထုတ်သည့် မုံညှင်းမျိုးနှင့် အားလူမျိုးတို့ကို ထုတ်ပေးခဲ့သည်ဟု မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွင် ပါဝင်သူများက ပြောသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း ပူတာအိုခရိုင်အတွင်းနှင့် လုံရှာယန်၊ တန်ဂျာ၊ ဆွမ်ပီယန်ဒေသတို့တွင် ဘိန်းစိုက်ပျိုးမှုများ မြင့်တက်နေပြီး ယခုနှစ်အစောပိုင်းက တနိုင်းဒေသနှင့် ဆွမ်ပရာဘွမ်ဒေသအတွင်းရှိ ဘိန်းစိုက်ခင်းများကိုလည်း KIO က ဖျက်ဆီးခဲ့သေးသည်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ စတင်၍ နိုင်ငံရေးအခြေအနေများကြောင့် ကချင်လူထု မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့ (PJS) ကလည်း မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် မလုပ်ဆောင်လာနိုင်တော့ခြင်း ကြောင့် ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲသူများလည်း အရင်ကထက် ပိုမိုများပြားလာသည်ဟု စောင့်ကြည့်နေသူများက ပြောသည်။

Most read this week

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...