နှစ်ပေါင်း (၇၆) နှစ်တိုင် အနှစ်သာရ ကင်းမဲ့နေဆဲ ပြည်ထောင်စုနေ့

နှစ်ပေါင်း (၇၆) နှစ်တိုင် အနှစ်သာရ ကင်းမဲ့နေဆဲ ပြည်ထောင်စုနေ့

(၇၆) နှစ်ပြည့် ပြည်ထောင်စုနေ့ နှင့် ပတ်သက်ပြီး တိုင်းရင်းသားလူငယ်တွေ ဘယ်လိုမြင်လဲ။ ပင်လုံစာချုပ်ကြောင့် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုနေ့ ကိုရော လူငယ်တွေသမိုင်းကို မမေ့အောင် ဘယ်လိုလုပ်သင့်လဲ။ ပင်လုံ ကတိကဝတ်ကိုရော ဘယ်လို အကောင်အထည် ဖော်ဆောင်သင့်လဲ။ တိုင်းရင်းသား လူငယ်တွေအနေ နဲ့ ပြည်ထောင်စုကြီးကို ဘယ်လို ပုံဖော်ချင်လဲဆိုတာကို သျှမ်းသံတော်ဆင့်ဌာနမှ မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ်က တိုင်းရင်းသားလူငယ်တွေကို ဆက်သွယ် မေးမြန်းထားပါတယ်။

လွေးနှာမ်းဘလော့ (တအာင်းအမျိုးသမီးလူငယ်)

ကျမအနေ နဲ့ ပြည်ထောင်စုလို့ ပြောလိုက်တာနဲ့ သိထားတာတစ်ခုက အားလုံးပူးပေါင်းပါဝင်ခွင့် နဲ့ တန်းတူညီမျှမှုကို အကောင်အထည်ဖော်ကြပြီးတော့ အတူတကွ ပူပေါင်း ယှဥ်တွဲနေထိုင်ရေးလို့ ဒါကအကျဥ်းချုပ်အနေနဲ့ ပြောလို့ရပါတယ်။ ပြီးတော့ ပြည်ထောင်စုလို့ ပြောလိုက်တာနဲ့ ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိရမယ်။ နောက်တစ်ခုက ကံကြမ္မာ ဖန်တီးခွင့်လည်း ရှိရမယ်။ အဲ့ထဲမှာ စီးပွားရေးဘဲ ဖြစ်ဖြစ်၊ ယဉ်ကျေးမှုဘဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘဲ ဖြစ်ဖြစ် အဲ့မှာစသည့်ဖြင့် အကုန်လုံးပါတယ်။

နောက်တစ်ခု အရေးကြီးဆုံးကတော့ ကျမတို့ ပြည်ထောင်စုလို့ ပြောလိုက်တာ နဲ့ ပြည်နယ်အသီးသီးတွေဟာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဉပဒေဆိုလည်း ရှိရမယ်လို့တော့ ခံယူထားတယ်။ အဓိကတော့ ပူပေါင်း ပါဝင်ခွင့် နဲ့ အတူတကွ ပူးပေါင်းယှဥ်တွဲ နေထိုင်ရေးကို နားလည်ထားပါတယ်။

ကျမအနေနဲ့တော့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ပြည်ထောင်စုနေ့ အကြောင်းဆိုတာ ဘယ်လိုမှန်းတောင် မသိခဲ့ရဘူး။ ကျမတို့ လေ့လာခဲ့ရတဲ့ ပြည်ထောင်စုနေ့ အကြောင်းဆိုရင်လည်း မစုံလင်နေဘူး၊ သမိုးအမှန် မဖြစ်နေဘူး၊ မဟုတ်နေဘူး။ ဆိုတော့အခါ လက်တွေ့မှာ ကိုယ်ကကျောင်းတွေပြီးမှ နိုင်ငံရေးလောကထဲကို ကိုယ်လေ့လာတဲ့အခါ ပြည်ထောင်စုဆိုတာ ထင်ထင်မြင်မြင် ကောင်းကောင်း လေ့လာခဲ့လိုက်ရတယ်။ အခု လက်ရှိ အခြေနေနဲ့ဆိုရင် အရမ်းကို ကွာခြားတယ်။ ဉပမာ- စာထဲမှာက တစ်မျိုး၊ အပြင်လက်တွေ့မှာက ပုံစံ တစ်မျိုး ဖြစ်တယ်။ လက်ရှိ လူထုတွေအားလုံး သိထားတဲ့အတိုင်း လက်ရှိ နိုင်ငံရေးမှာ ဘာတွေဖြစ်နေပြီလဲ။ အခုဆိုရင် စစ်တပ်က အာဏာပြန်သိမ်းလိုက်တော့ အာဏာရှင်စနစ် တခေတ်တခါ တကျော့ပြန် ရောက်သွားတယ်။ ပြောချင်တာ တစ်ခုက ကျမတို့ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရတဲ့ ပြည်ထောင်စုနဲ့ အပြင်လောကမှာ ကျမတို့ လေ့လာခဲ့ရတဲ့ ပြည်ထောင်စုနေ့က မတူနေဘူး၊ ပြီးတော့ ကိုက်ညီမှု မရှိသေးဘူး။

ပင်လုံ ကတိကဝတ်ထဲမှာ ရှိတဲ့အနှစ်သာရကို ကျမတို့က အကောင်အထည် ဖော်ရမယ်။ ကျမတို့ အကောင်အ ထည်ဖော်နေတဲ့အခါမှာလည်း ကျမတို့ စိတ်နေစိတ်ထားတွေ ပြောင်းရမယ်။ လူမျိုးရေး အစွန်းရောက်တဲ့ စိတ်ဓာတ်ကို ကျမတို့ ကိုယ်တိုင်က ပြောင်းလဲရမယ်။ ဘာလို့ပြောင်းလဲရသလဲ ဆိုရင် ဉပမာ – ကျမတို့ သျှမ်းပြည်နယ်လို့ ပြောလိုက်တာနဲ့ သျှမ်းလူမျိုးဘဲ၊ တအာင်းလူမျိုးဘဲ၊ ချင်းလူမျိုးဘဲ အဲ့လိုမျိုး မဟုတ်ဘူး လူမျိုးရေး အစွန်းရောက်တဲ့ စိတ်ဓာတ်ကိုက ကျမတို့အရင်ဆုံး ပြောင်းလဲပေးရမယ်။

သျှမ်းပြည်နယ် အခြေနေကို ကြည့်မယ်ဆိုရင် သျှမ်းပဲဖြစ်ဖြစ်၊ တအာင်းပဲဖြစ်ဖြစ် ကျန်တဲ့ တိုင်းရင်းသားဘဲဖြစ်ဖြစ် လူမျိုးရေး အစွန်းရောက်နေတဲ့ဟာတွေ အမြဲရှိနေတယ်။

ပြည်ထောင်စုကြီးကို မြင်ချင်တာတော့ အေးအေးချမ်းချမ်း၊ ကိုယ့်ရဲ့ နိုင်ငံကို ကိုယ်ကိုယ်ပိုင် စီမံခွင့်၊ အုပ်ချုပ်ခွင့် ရချင်တယ်။ ကျမတို့ ပြည်ထောင်စုလို့ ပြောလိုက်တာနဲ့ အရမ်းလေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကျနော်တို့အားလုံး လေးစားမှုရှိပြီး အားလုံးပူးပေါင်း ပါဝင်မှုရှိတဲ့ အသိုင်းအဝိုင်းတစ်ခုကို ကျမအနေနဲ့ မြင်ချင်တယ်။ ပြီးတော့ နောက်တစ်ခုက အခွင့်အရေးတင်မက တန်းတူညီမျှမှုကိုလည်း လူတိုင်းက ခံစားခွင့်ရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ကိုယ်ပိုင်ဖန်တီးပိုင်ခွင့် ဆိုတဲ့ မြင်ကွင်းတွေကို မြင်ချင်တယ်။

စိုင်းမိန်း (သျှမ်းလူငယ်)

ကျနော်တို့ လူငယ်တစ်ယောက်အနေ နဲ့ ပြည်ထောင်စုဆိုတဲ့ စကားလုံးကို ကြားမိတဲ့အခါ ရင်ထဲမှာ စုပေါင်းဖွဲ့စည်း တည်ထောင်ထားတဲ့ နိုင်ငံတစ်နိုင်ငံလို့ သိတယ်။ အဲ့ကြောင့်မို့ ပြည်ထောင်စုဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှာ အလယ်ဗဟို အစိုးရတစ်ရပ်ထဲကနေပြီးတော့ အာဏာရှင် ဆုပ်ကိုင်ထားပြီးမှ အုပ်ချုပ်တာတော့ မဖြစ်သင့်ဘူး။ ဒါကြောင့် ပြည်နယ်အသီးသီး၊ တိုင်းအသီးသီးမှာ သူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သူ့ကိုယ်ပိုင် ပြဌာန်းခွင့် အချုပ်အာဏာဆိုတာဟာ ရှိသင့်တယ်။ ပြည်ထောင်စု ဆိုတာဟာ တိုင်းရင်းသား အားလုံးကော၊ ပြည်မကော တန်းတူညီမျှခွင့် ရှိရပါ့မယ်။

ကျနော် အနေနဲ့တော့ စာသင်ကျောင်းသင်ခဲ့ရတဲ့ ပညာရေးစနစ် ပြည်ထောင်စု နဲ့ အခုလက်ရှိ တကယ်ဖြစ်နေတဲ့ ပြည်ထောင်စုနေ့က လုံးဝကို ကွဲလွှဲနေတယ်။ တကယ့် ပြည်ထောင်စုကို တည်ထောင်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကိုပဲ ကြည့်မယ်ဆိုရင် လွတ်လပ်သော၊ ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံကို တည်ထောင်ကြစို့။ ဒါပေမယ့် တကယ့်လက်တွေမှာ တိုင်းရင်းသား ပြည်သူလူထုအတွက် “လောင်အိမ်ထဲမှာထွက်လာပြီးမှ ကျော့ကွင်းထဲကို ပြန်ပြီးနှင်းမိသလို ဖြစ်သွားတယ်ပေါ့နော် ” တကယ့်လက်တွေ့ အခြေနေက ဒီလိုဖြစ်နေတယ်။ လွတ်လပ်ရေးရချင်လို့ ပူးပေါင်းပြီး ပြည်ထောင်စု တည်ထောင်မယ်။ ဒါပေမယ့် ကိုယ့်လူမျိုး ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်အတွက် အခုထိတိုက်ခိုက် ယူနေတုန်းပဲ။ ဒါကြောင့် ကျနော်ပြောချင်တာ စာသင်ကျောင်းမှာ သင်ခဲ့ရတဲ့ ပညာရေးစနစ် ပြည်ထောင်စု နဲ့ တကယ့် ပြည်ထောင်စု တကယ့်ကွဲလွဲနေတယ်။

ဖက်ဒရယ်က ကျနော်တို့ တိုင်းရင်းသားတွေ အားထုတ်တာကြာနေပြီ။ ဒါပေမယ့် သမိုင်းအဆက်ဆက်မှာ မှားခဲ့တဲ့ အမှားတွေ ရှိခဲ့တာပေါ့။ တကယ်လို့ ဒီအမှားတွေ မပြင်ဘဲ နဲ့ ရှေ့ဆက် ဆင်ကန်းတောတိုးသွားမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြန်ရဖို့က ခက်တယ်။ ကျနော်တို့ ဒီလူမျိုးရေး ပဋိပက္ခတွေ ရှောင်ရှားဖို့လည်း အရေးကြီးတယ်။ ဘာလို့လည်း ဆိုတော့ ဒီကွဲပြားခြားနားမှုတွေ ပေါင်းစည်းပြီးမှ ကောင်းမွန်တဲ့ ပြည်ထောင်စုကို တည်ထောင်တဲ့အတွက် ကျနော်တို့ အချင်းချင်းကြားမှာ ရှိတဲ့ကွဲပြားမှုတွေ လက်ခံပြီးတာ့ ပိုကောင်းမွန်တဲ့ ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ လိုတယ်။ အဲ့ဒါကြောင့် ပြည်သူလူထုတွေ ရည်မှန်းတဲ့ အေးချမ်းမှု ဖက်ဒရယ် ပြည်ထောင်စုကို အောင်နိုင်မယ်။

တကယ်တမ်း ပြောရရင် လူငယ်တွေများ ဒီ ပင်လုံကတိကဝတ် နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိလဲ။ တိုင်းရင်းသား လူငယ်တွေ တော်တော်များများတော့ ဒါကို သိပ်မသိကြဘူး။ ကျနော်တို့ တက်ခဲ့ရတဲ့ ပညာရေးစနစ်က လူငယ်တွေကို အချက်အလက်တွေ အမှားကြီးတွေဘဲ သင်ကြားပေးခဲ့လို့ပေါ့။ ပင်လုံ ကတိကဝတ်က ဘာလို့ အရေးကြီးလည်းဆိုတော့ ဒီပြည်ထောင်စု စတင်ခဲ့တာလည်း ဒီပင်လုံ ကတိကဝတ်ကြောင့် မို့လို့ပဲ။ ပိုကောင်းမွန်တဲ့ ပြည်ထောင်စုစနစ် တည်ထောင်ဖို့ဆိုရင် ပင်လုံကတိကဝတ်ကို ဆွဲကိုင်ပြီး တိုက်ခိုက်ရမယ်။ ဒီ ပင်လုံကတိကဝတ်ကို မဆွဲကိုင်ဘဲ တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့တွေရဲ့ ရပ်တည်ချက်ဆိုလည်း ပျောက်သွားနိုင်တယ်။ ပင်လုံ ကတိကဝတ်ကြောင့်ဘဲ ပြည်ထောင်စုကို ဖြစ်တည်စေခဲ့တယ်။

ဒီ လက်နက်ကိုင် တော်လှန်ရေး အစကဘာလဲ။ ကျနော်တို့တွေဟာ အာဏာရှင်တွေကို တော်လှန်ချင်တယ်၊ ဒီထက်ပိုကောင်းတဲ့ ပြည်ထောင်စုနိုင်ငံကို တည်ထောင်ချင်တယ် အဲ့ဒါတွေကြောင့်မို့လို့ မရ၊ ရတဲ့နည်းနဲ့ တော်လှန်ခဲ့ရတယ်။ ဒီတော်လှန်တဲ့နည်းတွေထဲမှာ လက်နက်ကိုင်တော်လှန်တဲ့နည်းတွေ အများကြီးရှိခဲ့တယ်။ သူတို့ ဆုံးရှုံးခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ နစ်နာမှုတွေ မလေးစားတာ မဟုတ်ဘူး၊ လေးစားတယ်။

ရည်မှန်းချက်က အတူသွားနေတယ်၊ ပြည်သူလူထုလည်း ကောင်းကျိုးပေးနေတယ်ဆိုရင် ကောင်းတဲ့ ရလဒ်တစ်ခုပဲ။ ကျနော်ပြောချင်တာတစ်ခုက ပေါ်လာစီ မတူလည်း တကယ့် ပြဿနာ မဟုတ်ဘူး။ ကျနော်တို့ ရည်မှန်းချက်မတူတဲ့ အခါမှ တော်တော်ကြီးတဲ့ ပြဿနာတစ်ခုဖြစ်တယ်။

ကျနော်ကတော့ ရောင်စုံတဲ့ ပန်ခင်းကြီး။ ပြည်ထောင်စုဆိုတဲ့ သဘောတရားကလည်း အဲ့လိုမျိုး ဖြစ်သင့်ပါတယ်။ ပြည်ထောင်စုဆိုတာက ပူးပေါင်းနေထိုင်ခြင်း ဆိုတဲ့အတွက် တိုင်းရင်းသား အချင်းချင်းလည်း လက်တွဲညီပြီး ကိုယ်ပိုင်ပြဌာန်းခွင့်တွေ လူ့အခွင့်အရေးတွေ လူတိုင်းမှာ တန်းတူအခွင့်အရေးတွေ ရရှိပြီး ပညာရေး အခြေနေကော အုပ်ချုပ်ရေး အခြေနေကော တန်းတူရစေချင်တယ်။

ကျနော်တို့ တိုင်းရင်းသားတွေထဲမှာ ပညာရေး ပြတ်လပ်နေတဲ့ ကလေးငယ်တွေက များတယ်။ ပြည်ထောင်စုဆိုတဲ့ထဲမှာ လူတိုင်း၊ တိုင်းရင်းသားတိုင်း တန်းတူညီမျှမှုတွေ ရစေချင်တယ်။ ပင်လုံကတိကဝတ် တုန်းကလိုမျိုး ဗမာတစ်ကျပ်၊ သျှမ်းတစ်ကျပ်၊ ကချင်တစ်ကျပ် တိုင်းရင်းသားအားလုံး တန်းတူညီမျှခွင့်တွေ အားစိုက်စေချင်တယ်။

ဘောက်မိုင် (ကချင်တိုင်းရင်းသူ)

ကျမ အနေနဲ့တော့ ပြည်ထောင်စု ဆိုတာက ပြည်နယ်တွေ အားလုံးက သဘောတူထားပြီး စုပေါင်းထားတဲ့ ပြည်ထောင်စုကြီး တစ်ခုဖြစ်တယ်။ ဒီတော့ ပြည်ထောင်စုကြီးထဲမှာ အားလုံးက တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိထားတယ်လို့ နားလည်သဘော ပေါက်ထားတယ်။ ဆက်ပြီးတော့ ဒီဖွဲ့စည်းမှုထဲမှာ ပင်လုံစာချုပ်ထဲ အချက် (၉) ချက်လုံးက ပါဝင်ထားတာဖြစ်တဲ့အတွက် ဒါတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါတွေက ရှိဖို့လိုတယ်ဆိုပြီးမှ ပင်လုံရဲ့ ကတိကဝတ်တွေမှာလည်း ဖော်ပြထားတာတွေလည်း ရှိပါတယ်။ ဒါတွေက သဘောတူပြီးမှ လက်မှတ်ထိုးထားခဲ့ကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်ရှိ အချိန်ထိတော့ အဲ့ဒီ ပြည်ထောင်စုရဲ့ အနစ်သာရတွေက မရရှိသေးဘူး။ အဲ့ဒီ အနစ်သာရက အခုနှစ်ပေါင်း (၇၀) ကျော်လာပြီ အခုချိန်ထိ ပြည်ထောင်စု လူထုတွေ အားလုံးက အဲ့ဒီ တရားမျှတမှုဆိုတာကြီးကို အခုထက်ထိ မခံစားနိုင်သေးဘူး။ ဆိုတော့ အဲ့ဒီအနေအထားမှာ Generation တွေက ဒီဒဏ်ကို ဘယ်လောက်ထိ ဆက်သွားမလဲ။

ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရမယ်ဆိုရင် ၁၉၄၇ ကနေ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တယ်။ အဲ့ကနေ တောက်လျှောက် အခုချိန်ထိ သူရဲ့ ပထမ အုပ်ချုပ်ရေးမှူး၊ ဒုတိယ အုပ်ချုပ်ရေးမှူး အဆင့်ဆင့် ဖြစ်လာတယ် ဆိုတော့ အခုချိန်မှာ ဘယ်လိုဖက်ဒရယ် အနှစ်သာရ၊ ဘယ်လို ဖက်ဒရယ်မျိုးနဲ့ ပြန်ပြီးမှ စီမံအုပ်ချုပ်မလဲ။ ပင်လုံ ကတိကဝတ်တွေကိုလည်း ဖြေကျန်ထားလိုလည်း မရဘူး။ ဒါကို ဖြည့်တွေး ခံစားရမယ်၊ လက်တွေ့ အကောင်အထည် ဖော်ဖို့လည်း အရေးကြီးတယ်။ ပင်လုံ ကတိကဝတ်နဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ သိထားဖို့က အရေးကြီးတယ်။ လူငယ်တွေက နောင်တချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်လာမယ့်သူတွေပါ။ ကိုယ်နေတဲ့ ဒီ မြန်မာနိုင်ငံတော်ကြီးက ကိုယ့် ရဲ့ အနာဂတ် ဖြစ်သလို မျိုးဆက်သစ်တွေကလည်း နိုင်ငံရေး အကြောင်းကို သိထားဖို့ လိုအပ်တယ်။ ပထဝီ၊ သမိုင်းကြောင်းတွေ သိထားဖို့ လိုအပ်တယ်။ နိုင်ငံရေး သမိုင်းကြောင်းက နိုင်ငံရေးသမားဘဲ လေ့လာပါစေ ဆိုသလိုမျိုး မဖြစ်သင့်တော့ဘူး။ လူငယ်တိုင်းက နိုင်ငံရေး သမိုင်းကြောင်းကို သိသင့်တယ်။ ဒါတွေကို အမြဲတမ်းလေ့လာ ရမယ်၊ ဖတ်ရှု့ရမယ်၊ စုံစမ်းရမယ်။ ဒါတွေက အရမ်းကို အရေးကြီးပါတယ် လွှင့်မပစ်နဲ့။ နောက်တစ်ခု ရှိတာက ဂရုစိုက်သင့်တဲ့ မှတ်စုတွေ။ ဒီစာအုပ်ကို ဖတ်ပြီး ဒါအမြဲမှန်တယ်လို့ ပြောလို့မရဘူး ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရမယ်။

ကျမ အနေနဲ့ အခုလက်ရှိမှာ ကျမတို့သည် လူမျိုးရေးပဋိပက္ခတွေ အတတ်နိုင်ဆုံး ရှောင်ရှားဖို့ လိုအပ်တယ်။ ပြည်သူလူထု အချင်းချင်းကြားမှာဘဲ ဖြစ်ဖြစ်၊ လူမျိုးရေး ဖြစ်စေမယ့် အသုံးနှုန်းတွေကို ဂရုစိုက်ပြီး ပြောဆိုဖို့လိုအပ်တယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ အားလုံးက သွေးပူနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံတဲ့နေရာမှာတွေလည်း ဂရုစိုက်ဖို့လိုတယ်။ အပြန်အလှန် လေးစားဖို့လိုတယ်။ ဆိုတော့ အားလုံးက ကာလာစုံလင်နေတဲ့ ပန်းခင်းထဲမှာ အလှပဆုံးဘဲ။ တစ်ရောင်ထဲ ဖြစ်နေရင်က မလှဘူး၊ တစ်ရောင်ထဲ ဖြစ်နေရင် အဆင်မပြေဘူး။ ဒီတော့ ရောင်စုံတဲ့ ပန်းခင်းဟာ အရမ်းကိုလှပ ရှင်မြဲနေတယ်။ ဆိုတော့ အဲ့ဒီအနှစ်သာရကို ခံစားကြည့်လိုက်ပါလို့ ကျမကတော့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် ရောင်စုံပန်းခင်းက အရောင်တွေ စုံလင်ပြီးတော့ လိပ်ပြာတွေလည်း အရောင်စုံလင်နဲ့ ရောက်လာတယ်။ အဲ့ဒါကို ဆိုသလိုမျိုး ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ၊ နိုင်ငံမှာက အရမ်းကို ချစ်စရာကောင်းတဲ့ လူမျိုးပေါင်းစုံတွေ နေထိုင်တဲ့အတွက် ကောင်းတဲ့ရလဒ်တစ်ခု၊ အရမ်းကိုတန်းဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုကြီး ဖြစ်တယ်။ ဆိုတော့ ဒီကာလာစုံတဲ့ မျိုးနွယ်စုတွေ၊ ကာလာစုံတဲ့ ဘာသာစကားတွေ ထိန်းသိမ်းဖို့လည်း လိုအပ်တယ်။ ဒါတွေကို သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ နင်က သျှမ်းလူမျိုးမလို့၊ ငါက ကချင်မို့လို၊ နင်က ဗမာမို့လို့ အဲ့ဟာမျိုးတွေ မဟုတ်ဘဲနဲ့ အပြန်အလှန် သူရဲ့ အလှတရားကို တန်းဖိုးထားပေးတတ်ဖို့လိုအပ်တယ်။ သူရဲ့ အလှပတရားကို မြင်နိုင်ဖို့ အရေးကြီးတယ်။ အဲ့လို အလှပတရားတွေ မမြင်ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးတွေကြီးမယ်၊ တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေ ဖြစ်လာမယ်။ ဒါတွေကို မဖြစ်စေချင်ဘူး ပန်းခင်းထဲက အလှတရားတွေကိုဘဲ ကြည့်ပြီး ဝိုင်းဝန်းကာ ပဋိပက္ခတွေ လျှော့ချဖို့ ချစ်စရာကောင်းတဲ့ ပန်းခင်းလေးလို အပြန်အလှန်တည်ဆောက်သွားကြရအောင်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

ပြည်ထောင်စုကြီးက တိုင်းရင်းသားလူငယ်တွေရဲ့ အားလုံး လက်ထဲမှာ ရှိကြတယ်။ ကောင်းမွန်ဖို့လည်း လူငယ်တွေကလည်း ထိန်းသိမ်းပြီး နောင်တစ်ချိန်မှာ လူကြီးဖြစ်လာရင် ဦးဆောင်ရတော့မယ်။ လက်တွေ့မှာ ပြည်ထောင်စုကို ဘယ်လိုအကောင်အထည်ဖော်ချင်လဲ။ ဘယ်လိုမြင်ချင်လဲ။

နောင်လာမယ့် ပြည်ထောင်စုကို ဗဟိုချုပ်ကိုင်ခွင့်ဆိုတဲ့ အသုံးနှုန်းတွေ မသုံးချင်တော့ဘူး။ ဘာလို့လဲဆိုရင် ဗဟိုချုပ်ကိုင်မှုဆိုတာ အာဏာရှင်ဆန်လွန်းတယ်။ ဒါကို ကျမ မသုံးစေချင်တော့ဘူး၊ လူငယ် တစ်ယောက်အနေနဲ့ မသုံးစေချင်ဘူး။ ဘာလို့လဲ ကျမတို့ သမိုင်းကြောင်းကိုဘဲ ကြည့်ကြည့် မြေပြင်အနေအထား၊ ပထဝီအနေအထား ကိုပြန်ပြီး လေ့လာကြည့်မယ်ဆိုရင် ပြည်ထောင်စု စကားလုံးက တကယ်ကို အနှစ်သာရ ရှိတယ်။ အနှစ်သာရ ပြည့်ပြည့်နဲ့ပဲ ပြည်ထောင်စုကြီးကို ဖြစ်စေချင်တယ်၊ မြင်စေချင်တယ်။ စကားလုံးထဲက ပြည်ထောင်စု ကြီးကို မမြင်ချင်တော့ဘူး မကြားချင်တော့ဘူး။

အနှစ်သာရ ပြည့်စုံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကိုဘဲ ကျမတို့က မျှော်မှန်းတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ရှိမှဘဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မြန်မာနိုင်ငံရဲ့ တရားမျှတမှု တန်းတူညီမျှမှုတွေဆိုတဲ့ အချက်တွေက ပြည့်စုံလာမယ်။ ကျမတို့ မြင်ချင်တာက စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပြည်နယ်နဲ့ သူကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိစေချင်တယ်။ ဖက်ဒရယ်စနစ်လို့ ပြောလိုက်တာနဲ့ သူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများကြီးပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်တွေကိုဘဲ အားလုံးက လက်တွေ့မှာ လုပ်ဆောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

November 22, 2024
သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး...
တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လွှဲအပ်နေစဉ် (ဓာတ်ပုံ – WSTV)
November 21, 2024
သျှမ်းပြည်၊တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို...
November 20, 2024
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO...
ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု
November 20, 2024
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊...