စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အတွက် လှည့်လည် မဲဆွယ်စည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းအတွင်းရှိ နယ်မြို့များသို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက်ခဲ့ကာ USDP ပါတီအတွက် မဲဆွယ်စည်းရုံးမှုများကိုပါ လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
တိုင်းစစ်ကောင်စီ အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဝန်းကြီးချုပ်ရဲ့ ခရီးစဉ်တိုင်းမှာ ကြံ့ခိုင်ရေးပါတီက ထိပ် ပိုင်း ခေါင်းဆောင်တွေ၊ ဝန်ကြီးဟောင်းတွေ၊ ကိုယ်စား လှယ်တွေ အမြဲတမ်းပါတယ် အတူသွားတာ” ဟု ပြော သည်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ၎င်းရောက်ရှိသည့် မြို့များတွင် ဖွင့်ပွဲ၊ တွေ့ဆုံပွဲများလုပ် ဆောင်ရင်း USDP ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းကိုပါ တစ်ပါတည်း လုပ်ဆောင်လျှက်ရှိရာ ယခု ဇန္နဝါရီလ တတိယအပတ်တွင် စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့်တိုင်းစစ်ကောင်စီ အစိုးရအဖွဲ့နှင့် နီး စပ်သူများ က ပြောသည်။
USDP ပါတီဝင်များနှင့်အတူ ဒေသတွင်း လှည့်လည်သွားလာခြင်းသည် ပြည်သူများ အမြင်တွင်ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေသအကျိုး ဒေသဖွံ့ဖြိုးရေးများကို စစ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင် ရွက်နေ သယောင် ထင်သာမြင်သာ ရှိစေချင်၍ ဖြစ်နိုင်သည်ဟု နိုင်ငံရေးပါတီတစ်ခု၏ မြို့နယ် ဥက္ကဋ္ဌတစ်ဦး က ပြော သည်။
နိုင်ငံရေးပါတီတစ်ခု၏ မြို့နယ် ဥက္ကဋ္ဌတစ်ဦး က “ရွေးကောက်ပွဲကျရင် ကြံ့ခိုင်ရေးပါတီကိုထင်းကနဲမြင်အောင် ခုထဲက ပြည်သူတွေရဲ့ မျက်လုံးထဲ မှာ စွဲအောင် ဖန်တီးတာပေါ့ဗျာ ဒါပေမယ့်နှလုံးသားထဲမှာစွဲမှ မဲရမှာ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနှင့်ပြည်နယ် အများစုတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းကြောင့်နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသော်လည်း စစ်ကောင်စီမှ ရွေးကောက်ပွဲပြုလုပ်မည်ဟုကြေညာထားသည်။
အသက် ၇၀ ကျော် နိုင်ငံရေးသမားတစ်ဦးက “အဲဒီတော့မှ တရှက်ကနှစ်ရှက်ကွဲတာပဲအဖတ်တင်မှာ၊ပြည်သူက မထောက်ခံဘဲ ရွေးကောက်ပွဲဝင်တော့ မဲပေးမယ့် သူမရှိလို့ ရှုံးတာကတရှက်၊ ရှုံးမှာကြောက်တော့ မဲလိမ်ရအုံး မယ်။ အဲဒီတော့ လိမ်တာက တရှက်၊ အရှက်တွေ ဗြန်းဗြန်းကွဲဦးမှာ” ဟု ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသည့် ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ ပြုလုပ်ရန် မြို့နယ်တိုင်းတွင်လူဦးရေ စာရင်းများကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လိုက်လံကောက် ယူ နေသည်ဟု ဒေသခံများက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် Derek Chollet က သတင်းလွတ်လပ်ခွင့်မရှိခြင်း၊ထင်ရှား သည့် အတိုက်အခံ ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချထားခြင်းများ ရှိသည့်၊ မြန်မာနိုင်ငံတွင် စစ်ကောင်စီ က ရွေးကောက်ပွဲကျင်းပမည် ဆိုခြင်းကို အမေရိကန်က အသိအမှတ်ပြုမည် မဟုတ်ကြောင်း VOA သတင်းဌာန နှင့် သီးသန့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ပြီးခဲ့သော နှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီက လုပ်မည့် ရွေးကောက်ပွဲကို လက်မခံဘူး ဟု ပြောကြားထားသည်။