မြန်မာနိုင်ငံရှိ မြို့ (၆)ခုတွင် တည်ဆောက်မည့်လေအားလျှပ်စစ်စီမံကိန်းတွင် ပါဝင်သည့် ကျောက်ဖြူစီမံကိန်း အတွက် တရုတ်ကုမ္ပဏီတစ်ခုသည် ရခိုင်ပြည်နယ် စစ်ကောင်စီနှင် လာရောက်ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ လေအားလျှပ်စစ်စီမံကိန်းကို ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတလျှောက်နှင့် ကပ္ပလီပင်လယ် အနောက်ဖက်ကမ်းရိုးတန်းတလျှောက်ရှိ ကျောက်ဖြူ ၊ပုသိမ်၊ရန်ကုန်၊မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်စသောမြို့ကြီးတွင်အကောင်အထည်ဖော်မည်ဟု သိရသည်။
အဆိုပါ လေအားလျှပ်စစ်စီမံကိန်းများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တရုတ်အစိုးရပိုင် Power China Company က ဒီဇင်ဘာလ ရက်နေ့တွင် လာရောက်ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းရင်းမြစ်များအရ သိရသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို ရံဖန်ရံခါ ထုတ်ပြန်နေသည့် သိကြားစေချင် ငွေသဇင် လူမှုကွန်ယက် စာမျက်နှာတွင် ဒီဇင်ဘာလ ၅ရက်နေ့က''POWER CHINA COMPANY ကရခိုင်ပြည်နယ်ကမ်းနီးကမ်းဝေး လေအား လျှပ်စစ် project ကို မိတ်ဆက် တင်ပြလာပါတယ်။ ဖြစ်နိုင်ခြေကွင်းဆင်းတိုင်းတာဖို့ ပြည်နယ်သဘောထားရဖို့ တင်ပြလာပါတယ်။ကျောက်ဖြူ SEZ ကလျှပ်စစ်လိုအပ်ချက် များနေမှာပါ ။ခေတ်ကတော့ လျှပ်စစ်ခေတ်ပါ။ Electric Vehicles EV ခေတ်။ Infrastructures ကတော့ ကျနော်တို့ပြည်နယ်အတွက် လိုအပ်သလို တိုင်းရင်းသားညီအစ်ကိုတွေ အတွက်လဲ အထောက်အကူဖြစ်မှာပါ ''ဟု ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်သည် သဘာ၀သယံဇာတ ပေါကြွယ်၀ပြီး ကိုယ့်ပြည်နယ်ကထွက်သည့် သဘာ၀ သယံဇာတကို ကိုယ့်ပြည်နယ်သားများ ခံစားခွင့်မရဖြစ်နေပြီး ပြည်ထောင်စုအမည်အောက်တွင် ထွက်ရှိသမျှ သယံဇာတများကို ပြည်ထောင်စု အမည်ခံ အစိုးရက လိုအပ်သလို ထုတ်ယူရောင်းချနေသည်ဟု သဘာ၀ သယံဇာတအရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။
“ ရခိုင်မှာ သဘာ၀ဓာတ်ငွေ့တွေ အများကြီးထွက်တယ်လေ။ ဒီဂတ်စ်နဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းချဖို့တတ်ပြီး ဒီပြည်နယ်မှာ လျှပ်စစ်မီးရအောင်လုပ်ပေးဖို့ ကျတော့ ဘာမှ မလုပ်ပေးဘူး။ ပြည်နယ်သားတွေအတွက် ထွက်တဲ့ ဂတ်စ်နဲ့ လျှပ်စစ်မီးရအောင် လုပ်ပေးသင့်တယ်။ အခု လေအားလျှပ်စစ်ထုတ်မယ်လို့ ပြောလာတယ်။ တကယ်စေတနာရှိရင် ရခိုင်က ထွက်တဲ့ဂတ်စ်နဲ့ ရခိုင်မှာ လျှပ်စစ်မီး အရင်လင်းအောင် လုပ်ပေးပါအုံး” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီအောက်တွင် ရခိုင်ပြည်နယ်သည် လျှပ်စစ်မီး အနိမ့်ဆုံး အသုံးပြုနေရသည့် ဒေသဖြစ်နေပြီး တစ်နေ့ကို (၅) နာရီပြည့်အောင်ပင် မရရှိဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“ အခုက တစ်နေ့ ၅ နာရီတောင် လျှပ်စစ်မီးမလာဘူး။ လျှပ်စစ်မီးပြတ်ချိန်၊ ရမယ့် အချိန်ဆိုပြီး အချိန်ဇယားထွက်နေပေမယ့် ဖြတ်ချင်တဲ့ အချိန်ဖြတ်တယ်။ ပေးချင်တဲ့ အချိန်ပေးတယ်။ လူတိုင်း ဒုက္ခဖြစ်နေကြတယ်။ ရခိုင်ကတော့ အဆိုးဆုံးပဲလို့ ထင်ပါတယ်”ဟု ပြောသည်။
အဆိုပါစီမံကိန်းများအတွက် မြန်မာ့ ကမ်းရိုးတန်း အရှည် ၂၈၃၂ ကီလိုမီတာပါဝင်ပြီး မြေဧရိယာ ၆၇၆၅၇၈ စတုရန်းကီလိုမီတာ လျာထားကြောင်းသိရသည်။