မြောက်ဦးဧည့်မျှော်များ၏ သောက

မြောက်ဦးဧည့်မျှော်များ၏ သောက

(တစ်)

ဒီဇင်ဘာ၏ဆောင်းမနက်ခင်းသည်မြောက်ဦးမြို့ကိုနှင်းပင်လယ်ထဲ၌နစ်မြှုပ်ထားသည်လားဟုပင် ထင်မှတ်မှားစရာ ရှိသည်။ ကြည့်လေရာ၊မြင်လေရာတိုင်းတွင်နှင်းမြူဆိုင်း၍ မှုန်မှိုင်းပြာရီနေ၏။ အလွှာလိုက် အထပ်လိုက် တည်ရှိနေသောမြို့ရံတောင်တန်းညို့ညို့များ၊ သက္ကရာဇ်တို့ ဖြိုဖျက် တိုက်စားထားသောနန်းရာကုန်းတံတိုင်းနှင့် ကျောက်ဆစ်လှေကားထစ်များ၊ ရေညှိရောင်ကျောက်တုံးကြီးများဖြင့် ထုဆစ်တည်ဆောက်ထားသာသျှစ်သောင်း၊ ကိုးသောင်းနှင့် ထုက္ကန့်သိမ်စသော စေတီပုထိုးတော်များ၊ ရခိုင့်သမိုင်း၏ အထင်ကရနေရာများဖြစ်သောဘောင်းဒွတ်၊ ဒိုင်းကျီ၊ ဘားပူ၊ လက်ဆည်ကန် စသည်တို့တွင်မူ နှင်းပြာကလေးများ ရစ် သိုင်းနေပုံက ဆွတ်ပျံ့လွမ်းမော ဖွယ်ကောင်းလှသည်။ ချမ်းအေးစိမ့်မြ လှပလွန်းနေလေသည်။

မနွယ်နွယ် သည်“Discovery View Point”ဟု အမည်ပေးထားသော တောင်တန်းကလေးပေါ်မှ နေ၍မြောက်ဦး၏ဆောင်းနံနက်ခင်းကိုငေးမောကြည့်နေမိသည်။ သည်တောင်ကုန်းက အမြင့်ပေ-၁၀၀ မှ ၂၀၀ အကြား မြင့်မားပြီးကမ္ဘာလှည့်ခရီးသွားများ နေဝင်ချိန်ရှုမျှော်ခင်းကို ကြည့်ရှုခံစားသော နေရာတစ်ခုပင်ဖြစ်၏။ သည်နေရာမှကြည့်လျှင် မြောက်ဦးမြို့၏အနောက်စူးစူးနှင့် အနောက်တောင်ဘက်ရှိမြင်ကွင်းများကို သာမောလှပစွာ မြင်တွေ့ရသည်။ စင်စစ်သည်နေရာသည် မြောက်ဦးခေတ် ရခိုင်ဘုရင်ကြီးများ လက်ထက်က နက္ခတ်တာရာ ကြည့်ရှုသောနေရာတစ်ခုပင် ဖြစ်သည်။ လက်ရှိအချိန်ထိတိုင်အောင် “နက္ခတ်တတောင်တန်း” ဟုအမည်တွင်နေဆဲဖြစ်သည်။

လွန်ခဲ့သောနှစ်များအတွင်းက သည်တောင်ရိုးပေါ်တွင် မနွယ်နွယ်တို့မိသားစုကDiscovery View Pointဟုခါ်သောကော်ဖီဘားတစ်ခုကို ဖွင့်လှစ်ခဲ့သည်။နိုင်ငံခြားခရီးသွားများကို နေဝင်ချိန်မြင်ကွင်း (Sun Set View)ကြည့်ရှုရင်း အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီး မဖြစ်ပွားမီအချိန်က မြောက်ဦးမြို့သည် နိုင်ငံရပ်ခြား ခရီးသွားများဖြင့် အလွန်တရာ စည်ကားခဲ့ဖူးသည်။

မနွယ်နွယ်တို့၏Discovery View Pointတည်ရှိရာ နက္ခတ်တ တောင်ပေါ်တွင်လည်းSunSet ကြည့်ရှုသော ကမ္ဘာလှည့်ခရီးသွားများခြေရာချင်းပင် ထပ်ခဲ့ဖူးသည်။

လက်ရှိအချိန်တွင်တော့ ရခိုင့်သမိုင်းအမွေအနှစ်များ စုစည်းတည်ရှိနေသော မြောက်ဦးမြို့ထဲ၌ ခရီးသွားဧည့်သည် တစ်ဦးတစ်ယောက်မျှပင် မမြင်တွေ့ရတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဧည့်သည် ကိုမျှော်ကိုးကာ စီးပွားရှာရသော ဧည့်မျှော်မြို့ သို့မဟုတ် ထုထည်ကြီးမားသော ကျောက်တုံးကြီးများဖြင့် အနုပညာလက်ရာမြောက်စွာ ထုဆစ် တည်ဆောက်ထားသော ကျောက်တုံးမြို့တော်၏ စည်ကားသိုက်မြိုက်သော နေ့ရက်များပြန်လည် ရရှိ လာနိုင်ဦးမည်လားဟုပင် စိုးရိမ်စရာဖြစ်၏။ မနွယ်နွယ်ကဲ့သို့သော ဧည့်မျှော်ဈေးသည် များအတွက်ကတော့ တိတ်ဆိတ် ခြောက်ကပ်နေသောမြောက်ဦး၏နေ့ရက်များကို အမြန်ဆုံး ကုန်လွန်စေချင် သည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

(နှစ်)

မနွယ်နွယ်သည်မြောက်ဦးမြို့၊ သျှစ်သောင်းပုထိုးတော်ကြီးရှေ့ဘက်တွင် သဇင်နွယ်အမည်ရှိသော စျေးဆိုင်ကလေးတစ်ဆိုင်နှင့် နက္ခတ်တ တောင်ပေါ်တွင်Discovery View Pointအမည်ရှိသော ကော်ဖီဘားတစ်ခုကို ဖွင့်လှစ်ထားသူဖြစ်သည်။ အသက် ၄၉ နှစ်ခန့်အရွယ်ရှိသော သူ့တွင် နဝမတန်း တက်ရောက်နေသည့် သမီးပျိုတစ်ဦး ရှိသည်။ လင်ယောကျာ်းဖြစ်သူမှာ ဓါတ်ပုံဆရာတစ်ဦးဖြစ်၏။ မနွယ်နွယ်တို့မိသားစုသည် သျှစ်သာင်းဘုရားရှေ့မှ ပေ-၂၀ ပတ်လည်ခန့် ရှိသော သဇင်နွယ်ဆိုင်ခန်းကလေး၌နထိုင်ကာ ခရီးသည်မျှော်ရင်း စျေးရောင်းသော အလုပ်ကို နှစ်ပေါင်းများစွာလုပ်ကိုင် လာခဲ့ကြသည်။ သူ၏ ဆိုင်ကလေးမှမြောက်ဦးရောက် အမှတ်တရ စာတန်းပါရှိသော အသုံးအဆောင်ပစ္စည်းများ၊ ရခိုင်ရိုးရာ အဝတ်အထည်များ၊ ရခိုင်ကြေးသွန်းဗျာလ ရုပ်ထုများနှင့်ကြးသွန်းဘုရားဆင်းတုတော်ကလေးများကိုရောင်းချသည်။

၂၀၁၈ အလွန်ကာလများသည် မနွယ်နွယ် အပါအဝင်မြောက်ဦးမြို့နယ်ထဲမှဧည့်မျှော်ဈေးသည်များအ တွက် အကျပ်အတည်း ကာလတစ်ခုကို စတင် ရင်ဆိုင်ခဲ့ရချိန်များပင်ဖစ်သည်။ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၄ နော က်ပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်ထဲတွင် ကြိုကြား ကြိုကြားတိုက်ပွဲများ စတင်ဖြစ်ပွားနေခဲ့ကြပြီး ၂၀၁၈ ခုနှစ် အလွန်ကာလများတွင်တော့ ၎င်းတို့၏ ရင်ဆိုင်တိုက်ပွဲများကိုန့စဉ်ရက် ဆက်ဆိုသလို ကြားလာခဲ့ရသည်။

ယခင်အချိန်ကာလများကတာင်ကုန်းတောင်တန်းတို့၌သာ တိုက်ပွဲဖြစ်ပွား ခဲ့ကြသော်လည်း ၂၀၁၈ အလွန်ကာလများတွင်မူ တိုက်ပွဲ ဧရိယာမှာ တစစနှင့် ကျယ်ပြန့်လာခဲ့သည်။၂၀၂၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲအလွန် တိုက်ပွဲများသည် တစ်ဖန်ငြိမ်သက်သွားသဖြင့် အခြေအနေ အကောင်းဖက်ကို ရောက်လာပြီဟု ထင်မှတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လကစပြီး တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်လာသည်။ ယခုဖြစ်သော ရခိုင် တိုက်ပွဲများသည်ကား ယခင်တိုက်ပွဲများထက် ပိုမိုပြင်းထန်ပြီး သယ်ယူပို့ဆောင်ရေးကအစ ခရီးသွားရေးနှင့် ကုန်စည် စီးဆင်းရေးများပါ ရပ်တန့်သွားခဲ့သည်။ စစ်မက်ရေးရာအခြေအနေမှာလည်း ရခိုင်ပြည်နယ်၏ မြို့နယ်အများသို့တိုင်လွှမ်းခြုံသွားခဲ့သည်။

သည်ကြားထဲတွင် ၂၀၁၉ ခုနှစ်စပိုင်း၌ တရုတ်နိုင်ငံမှာစတင်သော ကိုဗစ် ၁၉ရောဂါကပ်ဘေးကြောင့် စီးပွားရေးနလံစထူသည့် အချိန်တွင်ရခိုင်ပြည်နယ်၏ တိုက်ပွဲအခြေအနေမှာပြန်မြင့်တက်လာသဖြင့် ကပ်ဘေးအလွန်တွင်ကပ်ဘေးနှင့်စစ်ပွဲပူးသတ်ခံလိုက်ရသည့်ပမာရှိတော့သည်။ နဂိုကမှ ယိုင်နဲ့နဲ့သာရှိခဲ့သောပြည်နယ်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစသော အခြေအနေများသည်လည်း အနိမ့်ဆုံး အခြေအနေသို့ ချက်ချင်းလက်ငင်း ဆိုက်ရောက် သွားခဲ့ရတော့သည်။ အထူးသဖြင့်   ခရီးသွားလုပ်ငန်းကိုအမှီသဟဲပြုကာ စီးပွားရှာကြသော မြောက်ဦး မြို့ထဲမှ မနွယ်နွယ်တို့ကဲ့သို့ ဧည့်မျှော်ဈေးသည်များ၏ အခြေအနေမှာ ဆိုးဆိုးဝါဝါး ခက်ခဲသွားခဲ့ရလေသည်။

(သုံး)

“မြောက်ဦးမြို့ဆိုတာက ခရီးသွားဧည့်သည်တွေကို အမှီသဟဲပြုပြီးတော့ လုပ်ကိုင်စားသောက်ရတဲ့မို့ ပါ။တခြားမြို့တွေမှာလို အလုပ်အကိုင် အခွင့်အလန်းအတွက် စက်ရုံ အလုပ်ရုံတွေ ရှိနေတာ မဟုတ်ဘူးလေ။ဒီမှာ စစ်ပွဲတွေဖြစ်တယ်။အရင်နှစ်တွေကကပ်ရောဂါတွေဖြစ်တယ်ဆိုတော့ ခရီးသွားတွေ မလာကြတော့ဘူး။အခု စစ်ပွဲတွေ ပြန်ပြီးဆက်လာနေတာဆိုတော့ခရီးသည်တွေ လာ လို့မရတဲ့အခြေအနေပေါ့။ခရီးသွားတွေ မလာတော့ဘူးဆိုတာနဲ့ မြောက်ဦးမြို့ က ခြောက်ကပ် သွားတော့တာ ပါပဲ။ဒီလိုဖြစ်သွားတော့ ကျွန်မတို့လို ဧည့်သည်မျှော်ပြီးစျေးရောင်းကြရသူတွေ အတွက် အခက်အခဲဖြစ်လာပါ တယ်။ရပ်တည်နိုင်ဖို့ ကြိုးစားရတာတစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ခက်ခဲလာပါတယ်” သျှစ်သောင်း ပုထိုးတော်ရှေ့ဘက်တွင်မြောက်ဦးရောက်အမှတ်တရပစ္စည်းများရောင်းချနေသော မနွယ်နွယ်ဖွင့်ပာပြောဆိုသော စကားများပင်ဖြစ်၏။

စစ်ပွဲနှင့်ရောဂါကပ်ဘေးမရှိမီအချိန်ကာလာများ၌မြောက်ဦးမြို့သည်နေ့စဉ်ရက်ဆက် ခရီးသည်များဖြင့်ပြည့်ကြပ်နေခဲ့ကြောင်း မနွယ်နွယ် ကဆိုသည်။ သျှစ်သောင်းပုထိုးတာ်ရှေ့တွင် စျေးရောင်းချနေသောဈေးဆိုင်များသည် တစ်နေ့လျှင် အနည်းဆုံး သုံးသိန်းကျော်ခန့်မျှ ပုံမှန် ရောင်းချခဲ့ရကြောင်း သူကပြောပြသည်။ ယခင်အချိန်များက သျှစ်သောင်းဘုရားပွဲကာလ၌ စျေးရောင်းရငွေဖြင့်တစ်မိုးကုန်အောင်အထိ သုံးစွဲနိုင်ခဲ့ကြောင်းသူမကဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံရေး၊ စစ်ရေးနှင့်တိုင်းပြည်တည်ငြိမ်းချမ်းရေး ပျက်ပြားနေသော အခြေအနေ အရပ်ရပ်များကြောင့်မြောက်ဦးမြို့သို့နိုင်ငံခြားဧည့်သည်များနှင့် ဘုရားဖူးများ မရောက်သည်မှာ ၂၀၁၈ မှ ရေတွက်လျှင်လေးငါးနှစ်မျှပင် ကြာမြင်ခဲ့ပြီဖြစ်ကြာင်း မနွယ်နွယ်ကဆိုသည်။

(လေး)

“တိုက်ပွဲတွေဖြစ်နေတုန်းကဆိုရင် ကျွန်မတို့ဈးဆိုင်တွေကိုပိတ်ထားခဲ့ပြီးတော့ ဘေးကင်းမယ့် နေရာတွေကို သွားနေခဲ့ကြရတဲ့နေ့တွေ ရှိပါတယ်။ အလုပ်လည်း မရှိ၊ လုံခြုံမှုကလည်း စိုးရိမ်စရာ ဖြစ်နေတဲ့ အချိန်မှာ ကုန်စျေးနှုန်းကလည်း တက်တော့ မိသားစု ဘ၀ရပ်တည်ရေးက အထူး အခက်အခဲပါပဲ”၊ ဒါက လက်ရှိသူမတို့ မိသားစု ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ်။

“ထုက္ကန့်သိမ်ပုထိုးတော်အနီးကို လက်နက်ကြီးကျ တုန်းကဆို ရင် ကျွန်မတို့မှာ ကြောက်လန့်ပြီးတော့ သျှစ်သောင်းဘုရားထဲကို ဝင်ပြေးကြရတယ်။ကျွန်မတို့ကိုမြင်ရင် လှမ်းပစ်လေမလားဆိုပြီးတော့လည်း စိုးရိမ်ရသေးတယ်။တချိုစျေးသည်မိန်းကလေးတွေဆိုရင်ကြောက်လန့်ပီးတော့ခြေတွေလက်တွေသေသလိုမျိုး မလှုပ်ရှားနိုင်ဖြစ်စ်သွားကြတာ။အဲဒီနေ့က ဘုရားထဲမှာပဲ တစ်ညလုံး အိပ်ခဲ့ရတယ်။ လက်နက် ကြီးပစ်သံတွေကိုလည်း ညလုံးပေါက် ကြားနေခဲ့ရတယ်”ဟု တိုက်ပွဲကာလများ အတွင်း၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်များကို မနွယ်နွယ်က ပြန်ပြောင်းပြောခြင်းပင်ဖြစ်သည်။

သျှစ်သောင်းပုထိုးတော်ရှေ့ဘက်တွင်မနွယ်နွယ်၏ ဆိုင်အပါအဝင် ဆိုင်ခန်းလေးငါးခန်းတည်ရှိနေရာ ထုက္ကန်သိမ်အပါအဝင် ဘုရားများအနီးတွင်လက်နက်ကြီးကျရောက်ပေါက်ကွဲသံကြားရသောနေ့မှစ၍ ဆိုင်ခန်းများမှာမဖွင့်တစ်ရက် ဖွင့်တစ်ရက်ဖြစ်နေ၍စီးပွားရေးအထူးနစ်နာနေကြရသည်။ လက်ရှိတွင်မြောက်ဦးမြို့ပေါ်တွင်လက်နက်ကြီးပစ်ခတ်သံများ မကြာခဏကြားနေရသလို အရပ်သားများကို ဖမ်းဆီးမှုများရှိနေ၍ လူတိုင်းစိုးရိမ်နေကြရသည်ဟု ဆိုသည်။မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO)ဝင်ဖို့ ကြိုးစားနေကြချိန်တွင် ယခုလိုအခက်အခဲ ဖြစ်သွားခဲ့ရစိတ်မကောင်းဖြစ်ရကြောင်းမနွယ်နွယ်ကပြောဆိုပြန်ပါတယ်။

“မြောက်ဦး စည်ကားနေရင် ကျွန်မ တို့လိုစျေးသည်တွေ အဆင်ပြေတာပေါ့။ အခြားတစ်ဖက်က ကြည့်ရင်မြောက်ဦးကိုကမ္ဘာ့အမွေ အနှစ်စာရင်း (UNESCO)ဝင်ဖို့ ကြိုးစားနေကြချိန်မှာ ဧည်သည်တွေနဲ့ အများကြီး စည်ကားလာခဲ့မယ်လို့ ထင်ထားခဲ့တာ။ အခုလိုအချိန်မှာ အခက်အခဲ တစ်စုံတစ်ရာဖြစ်သွားခဲ့ရတာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်။မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်စေချင်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားမှ စစ်ပွဲတွေဖြစ် လာခဲ့ရင်တောင် ဒီနေရာမှာတိုက်ပွဲတွေဖြစ်လို့ မရတော့ဘူးလို့ပြောတာ ကြားဖူးတယ်။ပီးတော့ အမွေအနှစ်စာရင်းဝင် သွားရင် ခရီးသွားတွေ ပိုရောက်လာပြီးတော့ ဧည့်မျှော်စျေးသည်တွေလည်း စျေးရောင်းကောင်းလာကြမှာပေါ့။”

မြောက်ဦးသည်ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်လာခဲ့ပြီဆိုပါက ပျက်စီးလာနေသော သမိုင်းအမွေအနှစ်များ ထိန်းသိမ်းပြုပြင်ရေးနှင့် မဖော်ထုတ်ရသေးသော အမွေအနှစ်များကို ထပ်မံဖော်ထုတ်ရေးတို့အတွက် အထောက်အပံ့ ဖြစ်လာလိမ့်မည်ဟုမျှော်လင့်ကြောင်း မနွယ်နွယ်ကဆိုသည်။

သူ အမျှော်လင့်ဆုံးမှာမြောက်ဦးမြို့ကို ယခင်ကကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားသိုက်မြိုက်နေစေရန်ပင် ဖြစ်ကြောင်းဆိုသည်။မြောက်ဦးမြို့သည် ခရီးသွားများမရှိဘဲ လက်ရှိအတိုင်းဆက်လက်ခြောက်ကပ်တိတ်ဆိတ် နေမည်ဆိုပါက ဧည့်မျှော် စျေးသည်များအတွက် တဖြည်းဖြည်းနှင့်ရုန်းကန်ရပိုမိုခက်ခဲလာနိုင်ပြီးနေရပ်စွန့်ခွာပြီးတိုင်းတစ်ပါးကို ထွက်ခွာသူ ယခင်က ပိုများလာနိုင်ကြောင်း သူကရှင်းပြသည်။

လက်ရှိနိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ၏ လက်ထက်၌မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်နိုင်ရန်အတွက် အပြီးသတ်အဆိုပြုလွှာကို တင်လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် တွေ့နေရ၏။ သို့သော် ရခိုင် တို့၏ အသည်းနှလုံးမြောက်ဦး အမွေအနှစ်ဒေသအတွင်း၌ မူးယစ်ဆေးသုံးစွဲမှုများနှင့် အဆောက်အဦးအသစ်ဆာက်လုပ်ခြင်းများရှိနေကြပြီးထိုအပြုအမူများက မြောက်ဦးကို ချစ်ရာမရောက် နစ်ရာရောက်နေသည်။ထိုသို့ ပြုမူနေခြင်းများသည်မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် အတွက် စိုးရိမ်စရာအကြောင်းများဖြစ်နေခဲ့သည်ဟုလည်းဆိုသည်။ဒေသခံရခိုင်လူမျိုးများအနေနှင့်မြောက်ဦးကို ပါးစပ်မှချစ်ကြောင်း တန်ဖိုးထားကြောင်းပြောနေရန်ထက် လက်တွေ့ ချစ်ခင်တန်ဖိုးထားကြောင်းကို အလုပ်နှင့် သက်သေပြသရန် လိုအပ်နေပါသေးသည်ဟုသူမက အမျိုးသားရေးအမြင်ဖြင့် ပြောဆိုပြန်သည်။

(ငါး)

မနွယ်နွယ် သည် သဇင်နွယ် ဆိုင်ကလေးထဲမှနေ၍ သျှစ်သောင်းပုထိုးတော်ကြီး၏ လှေကားထစ်များဆီသို့  မျှော်ကြည့်နေမိသည်။ ကုန်လွန်ခဲ့ပြီးသော အချိန်ကာလများက သျှစ်သောင်းပုထိုးတော်ကြီး၏ အရှေ့ဘက်မုဒ်ဦး၌လည်းကောင်း၊ လှေကားထစ်များ ပေါ်၌လည်းကောင်း၊ လမ်းမကြီးတလျှောက်နှင့်သူတို့၏ ဈးဆိုင်တန်းများထဲ၌ လည်းကောင်း ခရီးသွားခရီးလာများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့ဖူးသည်။

လက်ရှိအချိန်တွင်တော့ အ တိတ်ကအရိပ်တို့သည် ဒဏ္ဍာရီလား၊ ပုံပြင်လားဟု တွေးစရာပင် ကောင်းတော့သည်။ ရခိုင့်သမိုင်း အမွေအနှစ် များ စုပုံထားရာ ယဉ်ကျေးမှုမြို့ပြကြီးမြောက်ဦးတွင် ခရီးသည်များခြောက်ကပ်နေသရွေ့ ခရီးသည်ကိုမှီကာ လုပ်ကိုင်စားသောက်နေကြရသော ဧည့်မျှော်ဈးသည်များ၏ ဘဝသည်လည်း ဝမ်းရေးစိုပြေလာရန် မဖြစ်နိုင်ပါချေ။ ရေညှိရောင်ကျောက် တုံးမြို့တော်ကြီးထဲမှ ဧည့်မျှော်တို့၏ မနက်ဖြန် နေ့ရက်များကိုတွေးရင်း မနွယ်နွယ် တစ်ယောက် သက်ပြင်းမောတစ်ချက်ကိုသာ ချမိလိုက်လေတော့သည်။

— ရက္ခ —

Most read this week

January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...
January 2, 2025
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန်ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ...
December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...