စစ်တွေမြို့တွင် လူသွားလမ်း(ပလက်ဖောင်း)များ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေ

စစ်တွေမြို့တွင် လူသွားလမ်း(ပလက်ဖောင်း)များ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့မှ လမ်းဘေးပလက်ဖောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပျောက်ကွယ်နေသည်မှာ အချိန်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

စစ်တွေမြို့ မင်းဗာကြီးလမ်းတစ်လျှောက်တွင် လူသွားလမ်း(ပလက်ဖောင်း)များ မရှိသလောက်ဖြစ်နေပြီး မေယုလမ်းမကြီး တစ်လျှောက်တွင်လည်း နေရာအချို့တွင်သာ လူသွားလမ်းများရှိနေသည်။ ထိုသို့ အနည်းငယ်သာရှိသော လူသွားလမ်းများမှာလည်း လမ်းကိုပိတ်ဆို့၍ ဈေးရောင်းချခြင်း၊ ဈေးဆိုင်ခန်းများ တိုးချဲ့ခြင်းနှင့် ဆိုင်ခန်းအဖီများ ထိုးထားခြင်းတို့ကြောင့် လူသွားလမ်းမှာ ပျောက်ဆုံးနေရသည်။

ယခုကဲ့သို့ လူသွားလမ်းများပျောက်ကွယ်နေခြင်းမှာ မြို့တစ်မြို့၏ အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ထိုသို့ လူသွားလမ်းများမရှိခြင်းကြောင့် ယာဉ်တိုက်မှုများမှာလည်း ပုံမှန်ထက်ပိုဖြစ်စေကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဖြိုးက DMG ကို ပြောသည်။

“ပလက်ဖောင်းတွေမရှိတဲ့အခါ လူတွေက လမ်းကြားတွေကနေ ဝုန်းခနဲထွက်လာတော့ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ အက်ဆီးဒန့်ဖြစ်တာတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်နယ်စစ်ကောင်စီမှ စစ်တွေမြို့အတွင်း လူသွားလမ်း(ပလက်ဖောင်း)များကို ပြန်လည်ဖော်ဆောင် လာနေသည်ကို တွေ့ရသော်လည်း မည်ကဲ့သို့စီမံချက်များဖြင့် ရေးဆွဲလုပ်ဆောင်နေသည်ကို သိနိုင်ရန် DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထိုသို့ လူသွားလမ်း(ပလက်ဖောင်း)များ ဖော်ဆောင်ရာတွင် ကျူးကျော်နေရာယူထားသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို စနစ်တကျ ဖယ်ရှားရန်လိုကြောင်း စစ်တွေဒေသခံ မမီချေကပြောသည်။

“တကယ့် လုပ်ထုံးလုပ်နည်းနဲ့အညီ တကယ်စနစ်တကျနဲ့ အပေါ်ယံလုပ်တာမျိုး မဟုတ်ဘဲ တကယ်စနစ်တကျနဲ့ လုပ်မယ်ဆိုရင်တော့ ဒါအရမ်းကောင်းတဲ့ အစီအစဉ်ပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လူသွားလမ်းမရှိသည့်နေရာများ၌ အများပြည်သူများ၊ ကျောင်းသား/သူများ သွားလာကြသည့်အခါ ယာဉ်အန္တရာယ်ကြုံတွေ့နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်းလည်း ဒေသခံများကပြောသည်။

“လုပ်တယ်ဆိုရင် ထိထိရောက်ရောက်လုပ်တာက ပိုကောင်းတယ်။ လူတွေကိုလည်း ပညာပေးတာတို့၊ ပလက်ဖောင်းပေါ်က လျှောက်လို့ရအောင် ကြပ်မတ်ပေးတာတို့၊ အောက်ကနေ ဆင်းလျှောက်နေရင် အဲဒီလမ်းပေါ်မှာ ယာဉ်ထိန်းရဲတို့၊ ဘာတို့ စောင့်ကြပ်ပြီး လမ်းပေါ်ကလျှောက်ဖို့ ကြပ်မတ်ပေးမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်တို့ကမြင်ပါတယ်”ဟု စိမ်းပြာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးမိုးကျော်ကပြောသည်။

စစ်တွေမြို့တွင် လမ်းဘေးဈေးသည်များလည်း အများအပြားရှိနေသဖြင့် လူသွားလမ်း(ပလက်ဖောင်း)များကို ဖော်ဆောင်ရာတွင် ဈေးဆိုင်ခန်းများ ဖယ်ရှားပေးရမည်ဆိုပါက အစားထိုးမြေနေရာ ပေးစေလိုကြောင်း လမ်းဘေးဈေးသည်တစ်ဦးက တောင်းဆိုသည်။

“အခုလို လုပ်စားမယ့်နေရာတစ်ခုလောက်တော့ လိုချင်တယ်။ ဘယ်နေရာမှာပဲရ ရပေါ့။ ဒီနေရာမှာ ရရင်တော့ ပိုကောင်းတာပေါ့နော်။ ဒီနေရာကို မရရင်တောင် တခြားနေရာတစ်ခုမှာ နေရာတစ်ကွက်လောက် ရရင်လည်း အဆင်ပြေပါတယ်”ဟု ဈေးသည်တစ်ဦးဖြစ်သည့် ဒေါ်ခင်ခင်ဦးကပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့်မေလမှ အောက်တိုဘာလအထိ ၆ လတာအတွင်း ယာဉ်တိုက်မှုစုစုပေါင်း ၁၈၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ယောက်အထိရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။ ထိုသို့ ယာဉ်တိုက်မှုများတွင် လမ်းသွားလမ်းလာသူများ ယာဉ်တိုက်ခံရသည့် ဖြစ်စဉ်များလည်း ပါဝင်သည်။

Most read this week

January 13, 2025
ပုံစာ - ကျောက်တော်မြို့ပေါ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီက ဗုံး ၁၅ လုံးခန့်...
ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
January 9, 2025
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား...
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။
January 8, 2025
မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက်...
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 8, 2025
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား...