နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးမှု သက်သေအထင်အရှား မပြသနိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးမှု သက်သေအထင်အရှား မပြသနိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင် သုံးဦးကို စွပ်စွဲထားသည့် ရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးမှုနှင့် ပတ်သက်ပြီး တရားလိုဘက်က သက်သေအထင်အရှား ပြသနိုင်ခြင်းမရှိကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မေလ ၂၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များကို နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ရာတွင် မလျော်ဩဇာလွှမ်းမိုးမှုရှိကြောင်း တရားလိုက စွပ်စွဲသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတက ရွေးကောက်ပွဲ နည်းဥပဒေ ၁၀ ကို ပြင်ဆင်ရန်ညွှန်ကြားခဲ့သည်ဟု တရားလိုက ဦးတိုက်လျှောက်ထားခဲ့သည်။

တရားလို၏ လျှောက်ထားချက်အပေါ် စွပ်စွဲခံရသူ၏ ရှေ့နေအဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာကို တင်ပြပြီး ပြန်လည်ချေပထားသည်။

“မြန်မာ့အလင်း၊ ကြေးမုံ ၂၂.၅.၂၀၁၉ သတင်းစာတွေမှာ အကုန်အတိအကျပါတယ်၊ အဲ့ဒီအထဲကမှ မဲနဲ့ပတ်သက်လို့ အဲ့ဒီဟာလုံးဝ နည်း- ၁၀ ကို မပါဘဲနဲ့ တခြားလုပ်ရမယ့် လုပ်ငန်းစဉ်လေးတွေ မဲမှန်မှန်ကန်ကန်ဖြစ်ဖို့၊ မဲစာရင်းမှန်ကန်ဖို့၊ လုံခြုံရေး စတဲ့ အဓိက သုံးချက်လောက်ကိုပဲမှာတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ရုံးချိန်းတွင် သမ္မတဦးဝင်းမြင့်က အဆိုပါ နည်းဥပဒေ ၁၀ နှင့် ပတ်သက်ပြီး ညွှန်ကြားခဲ့ခြင်းမရှိကြောင်း သက်သေထွက်ဆိုခဲ့သည်။

နည်းဥပဒေ ၁၀ မှာ မြန်မာပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးနိုင်ရေး ရည်ရွယ်သည့်ပုဒ်မဖြစ်ပြီး မိမိရောက်ရှိရာ မဲဆန္ဒနယ်အတွင်း မဲပေးလိုလျှင် အနည်းဆုံးရက်ပေါင်း ၁၈၀ နေထိုင်ပြီးဖြစ်ရမည်ဟု ယခင်ပြဋ္ဌာန်းချက်အစား ရက်ပေါင်း ၉၀ ဟုပြင်ဆင်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အတည်ပြုခဲ့သည်။

“သူတို့ ဘက်က အဲ့ဒါကိုလည်း နည်း- ၁၀ နဲ့ ပတ်သက်လို့လည်း အခိုင်အမာ မတင်ပြနိုင်ဘူး၊ သဘောလောက်လေးပဲ ပြောသွားတယ်၊ အတိအကျခုခံပြီးပြောသွားတာတို့ တင်ပြပြီး သက်သေပြသွားတာတို့ မရှိဘူး”ဟု ၎င်းက ဆိုသည်။

သမ္မတဦးဝင်းမြင့်အပေါ် ထပ်မံစွပ်စွဲထားသည့် နောက်တစ်ချက်မှာ ဦးမင်းသူက ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၄ ရက်နေ့က ထွက်ရှိခဲ့သော ညွှန်ကြားစာတစ်စောင်နှင့် ပတ်သက်သည်။

အဆိုပါ စာမှာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းရန် တိုင်းနှင့် ပြည်နယ်သို့ ညွှန်ကြားစာဖြစ်သည်။

“ဝန်ကြီးချုပ်တွေက အဲ့ဒီမှာ အဖွဲ့ခေါင်းဆောင်တွေလုပ်ပြီးတော့မှ မဲမသမာမှုတွေလုပ်တယ်၊ ဖန်တီးတယ်လို့ စွပ်စွဲတာ။ ဒီစာထွက်လို့ဖြစ်တာကြောင့် ဒီကောင့်မှာ တာဝန်ရှိတယ်ဆိုပြီးမှ သူတို့က စွပ်စွဲတာ”ဟုဆိုသည်။

ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် NLDအစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့မှာလည်း အဆိုပါစာနှင့်ပင် ဆက်စပ်၍ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်စာရင်း ပြုစုသည့်နေရာတွင် မလျော်ဩဇာသုံးခြင်း မရှိကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီသာဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းပြုစုခြင်းတို့တွင် ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခြင်း လုံးဝမရှိဟု ဇူလိုင် ၁၅ ရက်နေ့ရုံးချိန်းတွင် ထွက်ဆို ထားသည်။

ထိုကဲ့သို့ ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းပြီး မဲမသမာမှုပြုလုပ်ကြောင်း တရားလိုဘက်က စွပ်စွဲသော်လည်း ခိုင်မာသည့် သက်သေကို ပြနိုင်ခြင်းမရှိဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် မဲစာရင်းအမှားအယွင်း ၁၁ သန်းကျော်ရှိသည်ဟုဆိုသော်လည်း အဆိုပါ ၁၁ သန်းကျော်နှင့် ပတ်သက်ပြီး မည်သူဖြစ်ကြောင်း၊ မည်သည့်မြို့နယ်တွင်ဖြစ်ကြောင်း စသည့်အသေးစိတ်အချက်အလက်များကိုလည်း တင်ပြနိုင်ခြင်းမရှိဟု သိရသည်။

စွပ်စွဲခံရသူ သုံးဦး၏ ရှေ့နေအဖွဲ့က တရားလိုဘက်က အသေအချာ သက်သေမပြနိုင်သည့်အပေါ် ထောက်ပြခဲ့ကြပြီး စွပ်စွဲခံရသူများကို အပြစ်မပေးသင့်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြသည်ဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်စစ်ဆေးခဲ့သည့် ယင်းအမှုကို လာမည့် စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့်ချမှတ်တော့မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် အားနည်းချက်များရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရလဒ်များဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...