ဆောမြို့ပေါ်တွင် အသက်မပြည့်သူ အပါအဝင် ၆ ဦးသတ်ဖြတ်ခံရမှု ဘယ်လိုဖြစ်ခဲ့လဲ

ဆောမြို့ပေါ်တွင် အသက်မပြည့်သူ အပါအဝင် ၆ ဦးသတ်ဖြတ်ခံရမှု ဘယ်လိုဖြစ်ခဲ့လဲ

မကွေးတိုင်း၊ ဆောမြို့၊ ဇေယျရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအတွင်းက နေအိမ်တစ်ခု၌ အသက်၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ပြီးခဲ့သည့် ဩဂုတ်လ၂၁ရက် ညပိုင်းက သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးရာမှ ပြန်လည်ခုခံသဖြင့် ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့သည်ဟု ယောကာကွယ်ရေးတပ်(YDF)ဘက်က ဩဂုတ်လ၂၂ရက်နေ့တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။

ထိုညက နေအိမ်အတွင်း အိမ်ရှင် ဦးခင်မောင်လင်း (အသက် ၆၁) ၊ အိမ်ရှင်၏ ညီဖြစ်သူ ဦးဇော်ဌေး (အသက် ၅၈နှစ်)၊ ရပ်ကွက်ထဲမှ TVလာကြည့်သူဦးအောင်သိန်းဝင်း(အသက်၅၂နှစ် )၊ အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ယဥ်ငွေ ( အသက်၅၉နှစ် ) ၊ အိမ်ရှင်၏ ချွေးမဖြစ်သူ ဒေါ်ခင်မာသက်( အသက်၃၇ နှစ် ) ၊ အိမ်ရှင်၏ မြေးများဖြစ်သည့် မသက်အေးငြိမ်း (အသက် ၁၃ နှစ်)၊ အသက် ၁၁ နှစ် အရွယ် လမင်းအောင် နှင့် အသက် တစ်နှစ်နှင့် တစ်လ အရွယ် မောင်သာထက်အောင် ၊ ပြင်ပမှ လာရောက်နေထိုင်သည့် အသက် ၆၅နှစ်အရွယ် အမျိုးသမီး (အိမ်ရှင်၏ သားဖြစ်သူ ကိုအောင်အောင်လင်း၏ ဆရာမ) တို့ ရှိခဲ့ကြသည်။

YDFအဖွဲ့ဝင်များသည် ဆိုင်ကယ်ကို ထိုအိမ်နှင့် မနီးမဝေးနေရာတွင်ရပ်ခဲ့ပြီး အိမ်ထဲသို့ ခြေလျင်ဝင်ရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အိမ်ထဲသို့ရောက်သည့်အခါတွင် ဦးခင်မောင်လင်း(အိမ်ရှင်) ၊ဦးဇော်ဌေး (ဦးခင်မောင်လင်း၏ညီ) နှင့် ဦးအောင်သိန်းဝင်း(ရပ်ကွက်ထဲမှ TVလာကြည့်သူ) တို့သည် ရုပ်မြင်သံကြားကြည့်လျက်ရှိနေကြပြီး YDFများက အားလုံးမှောက်ထားရန် အမိန့်ပေးခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောပြသည်။

“မှောက်ခိုင်းနေတဲ့ အချိန်မှာပဲ ကျနော်အဖေရဲ့ဖုန်းလာတယ်။ ဒါဘယ်သူ့ဖုန်းလဲလို့ မေးတယ်။ ကျနော့်အဖေက ကျနော့်ဖုန်းပါဗျလို့ ပြောတယ်။ ဘာသဘောလဲခင်ဗျားက ဘယ်ကိုဆက်သွယ်တာလဲဆိုပြီးမှ ပြောပြီးပြီးချင်းပဲ သေနတ်နဲ့ လှမ်းပစ်ချလိုက်တယ်။ လှမ်းပစ်တဲ့ အချိန်မှာ ခေါင်းတစ်ခြမ်း ပွင့်သွားတယ်။ အဲတာပြီး မကြာမီကျန်တဲ့ သူတွေပါသတ်ပစ်လိုက်တယ်” ဟု ဦးခင်မောင်လင်း၏သားဖြစ်သူ ကိုအောင်အောင်လင်းကဆိုသည်။

ကိုအောင်အောင်လင်းသည် YDFအဖွဲ့ဝင်များမလာခင် မိနစ်ပိုင်းအလိုတွင် အိမ်နှင့်မလှမ်းမကမ်းရှိ အဒေါ်ဖြစ်သူ၏နေအိမ်သို့ ရောက်ရှိနေသဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူများ၏ တွေ့ကြုံရမှုများကို ၎င်းက ပြန်ပြောပြခြင်း ဖြစ်သည်။

၎င်းနှင့်ပတ်သက်ပြီး YDFကထုတ်ပြန်သည့်စာထဲတွင်မူ “ပျူစောထီးခေါင်းဆောင် ခင်မောင်လင်း၏သားက လက်ထဲတွင်ရှိသော သေနတ်ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုအောင်အောင်လင်းကမူ အဆိုပါအချက်ကို ငြင်းဆန်ခဲ့ပြီး အလုပ်ကိစ္စတစ်ခုအတွက် အဒေါ်ဖြစ်သူ၏နေအိမ်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ပြောသည်။

၎င်း၏ပြောပြချက်အရ တပ်ဖွဲ့ဝင်များသည် နေမကောင်းဖြစ်၍ အိပ်ရာထဲတွင်လဲနေသည့် မိခင်ကိုလည်း အခန်းပြင်သို့ထွက်ခိုင်းခဲ့ပြီး ရွှေငွေထားသည့် နေရာကို ဖွင့်ပေးရန်ပြောဆိုခဲ့ပြီးနောက် ကြာသည်ဟူသော အကြောင်းပြချက်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

“အခန်းထဲမှာ အဘွားကြီးခင်ဗျားရှိတယ် ထွက်ခဲ့ဆိုပြီးတော့ အမေ့ကိုခေါ်တော့ အမေက ဟုတ်ကဲ့ပါ လာပါပြီရှင့် ဆိုပြီးထွက်လာတာ။ ခင်ဗျားမှာရှိတာ အကုန်ထုတ် ဆိုပြီးမှ အမေ့ကိုပြောတယ်။ အမေက သော့ကိုယူပြီးဖွင့်တယ်။ ဖွင့်နေတာကို ကြာလို့ဆိုပြီး ပစ်သတ်သွားတယ်” ဟု ကိုအောင်အောင်လင်းက ဆိုသည်။

ထိုအချိန်တွင် မသက်အေးငြိမ်းနှင့် ကိုလမင်းအောင် တို့မှာ နောက်ဖေးရှိ မီးဖိုချောင်ထဲတွင်ကလေးငယ်ကို ထိန်းလျက်ရှိနေကြသည်။ သေနတ်သံများကြား၍ အစ်မဖြစ်သူ မသက်အေးငြိမ်းက လှေကားမှတဆင့် အပေါ်ထပ်သို့တက်မည်အပြုတွင် အောက်ကိုဆင်းလာပြီး ထိုင်နေကြရန်ပြောဆိုခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်အပေါ်ထပ်တွင် ရှိနေသည့် ဆရာမဖြစ်သူသည်လည်း အောက်သို့ဆင်းလာခဲ့ရသည်။

ကိုအောင်အောင်လင်း အမျိုးသမီးဖြစ်သူသည်လည်း ရေချိုးရန်ပြင်ဆင်နေရာမှ သေနတ်သံများကြား၍ ထွက်လာချိန်တွင် YDF အဖွဲ့ဝင်များက ၎င်းထံမှ ကားသော့များတောင်းခဲ့သည်။

ထို့သို့တောင်းပြီး ကားများ၊ဆိုင်ကယ်များကို ယူဆောင်ပြီးချိန်တွင် ပစ်သတ်ခဲ့သည်ဟုသိရသည်။

ပစ်သတ်သည့်အချိန်တွင် ၁နှစ်ခွဲအရွယ်ကလေးငယ်မှာ မိခင်၏ရင်ခွင်အတွင်း ရှိနေသည်။ သေဆုံးသူအချို့တွင် ဓါးဒဏ်ရာများ နားရွက်ဖြတ်ထားခြင်းများကို တွေ့ရှိခဲ့ရသည်ဟု ကိုအောင်အောင်လင်းလင်းက ဆိုသည်။

အဖြစ်အပျက်များမှာ မိနစ်နှစ်ဆယ်ဝန်းကျင်အ တွင်းဖြစ်ပွားခဲ့သော အဖြစ်အပျက်များဖြစ်သည်ဟု ၎င်းကပြောသည်။

“သူတို့က သဲကျောက်လုပ်ကိုင်တဲ့ သူတွေဖြစ်တယ်၊ လမ်းတံတားလုပ်ကိုင်တဲ့သူတွေဖြစ်တယ်။ အခုကတော့ ကုန်စုံဆိုင်လုပ်တယ်။ အားလုံးနဲ့ သံဟဇာတဖြစ်တယ်။ တစ်ခုရှိတာက သူတို့ကားနဲ့ ကုန်တိုက်ရတဲ့အခါကျတော့ စစ်တပ်နဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေရှိတယ်။ခရီးသွားဖို့ ထောက်ခံစာယူရတာမျိုးပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွါးနေစဉ် ကိုအောင်အောင်လင်း ရောက်ရှိနေသည့် ၎င်း၏ အဒေါ်အိမ်ကိုလည်း ခြိမ်းခြောက်ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် အဒေါ်ဖြစ်သူ၏အမျိုးသား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး မကွေးဆေးရုံတင်ထားရသည့်အပြင် အဆိုပါဖြစ်စဉ်တွင်ပင် တင်ပဆုံ ဒဏ်ရာရသွားသည့် လူငယ်တစ်ဦးပါ ဆေးရုံတင်ထားရသည်ဟု ဆိုသည်။

“ကျနော်က နေတဲ့နေရာကနေ ချောင်းနေတာ သူတို့ကအော်ပြောသွားတယ်။ ခင်ဗျားတို့အိမ်တွေ လည်းပါတယ်နော် ကြပ်ကြပ်ဂရုစိုက်နေ

နောက်နေ့ ချက်ချင်းလာခေါ်မယ် ။အော်ပြီးတော့မှ သေနတ်နဲ့ လေး၊ ငါးချက်ဆက်တိုက်ပစ်တယ်” ဟု ကိုအောင်အောင်လင်းက ဆိုသည်။

ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွါးပြီးချိန်တွင် ဆောမြို့ပေါ်တွင်ရှိနေသည့် ရဲစခန်းမှ ဦးခင်မောင်လင်းနေအိမ်ဘက်သို့ မီတာ ၃၀၀ အကွာမှ ၄၀ မမများဖြင့် ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ကြောင်း YDF ပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းက ပြောသည်။

ထို့နောက် YDF ရဲဘော်များနှင့် ထိုစစ်ကောင်စီတပ်လက်အောက်ခံများ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

"အပြန်အလှန်ပစ်ခတ်မှုကလည်း အဲဒီရပ်ကွက်မှာပဲ ဖြစ်ခဲ့တယ်ဗျ။ အဲဒီကြားထဲမှာလည်း မဆိုင်တဲ့ပြည်သူတွေ ကျဆုံးသွားတာလည်း ဖြစ်နိုင်တယ်ဗျ‌။ ကျည်က နှစ်ဖက်ပစ်တာဆိုတော့ ရန်သူ့ကျည်လား ရဲဘော်တွေကျည်လားမသိ ၊ ကျဆုံးသွားတာလည်းဖြစ်နိုင်တယ်ဗျ" ဟု ထိုနေ့ညက တိုက်ပွဲမိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပုံကိုလည်း ကိုမင်းမင်းက ပြန်ပြောပြသည်။

နေအိမ်နှင့်မနီးမဝေးတွင်ရှိနေသည့် စစ်တပ်အထိုင်ချထားရာနေရာမှာ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ ခြင်းကို မဇ္ဈိမထံသို့ ဒေသခံများက အတည်ပြုခဲ့ကြပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟူ သော ပြောဆိုချက်ကိုမူ ငြင်းဆိုခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ မိနစ်နှစ်ဆယ်အတွင်း ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်တွင် နေအိမ်အတွင်း လူကိုးဦးရှိသည့်အနက်တွင် ခြောက်ဦးသေဆုံးပြီး သုံးဦးသာအသက်ရှင်ကျန်ရစ်ခဲ့သည်။

YDFအနေဖြင့် ဦးခင်မောင်လင်း၏ အချက်အလက်များကို အခိုင်အမာရရှိခဲ့သည့်အတွက် ၎င်း၏ နေအိမ်ကို ယခုကဲ့သို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“သူကလုံးဝဒလန်ဖြစ်တယ်။ စစ်တပ်ကို ဆောမှာ စစ်ကောင်စီတပ်တွေအင်အားတွေ ထပ်ပြီးတိုးချပေးဖို့ PDF တွေ ၊ YDF တွေ တအားနယ်မြေစိုးမိုးထားတယ်ဆိုပြီးတော့ ခရိုင်ထိတင်ထားတဲ့ သတင်းအချက်အလက်တွေလည်း ကျနော်တို့မှာရှိတယ်” ဟု YDFပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းကဆိုသည်။

ထို့အပြင် ၎င်းတို့တွင် ဦးခင်မောင်လင်းဒလန်ဖြစ်ကြောင်း တိုင်ကြားထားသည့် ဒေသခံများ၏ တိုင်စာများကို ငါးကြိမ်ခန့် ရရှိထားသည်ဟု ဆိုသည်။

လူသေဆုံးမှုများ ရှိခဲ့ခြင်းများ နှင့်ပတ်သက်၍လည်း YDF ထောက်လှမ်းရေးဌာနမှ စုံစမ်းစစ်ဆေးနေပြီး စစ်ဆေးမှုပြီးသည့်အခါ အသေးစိတ် ထုတ်ပြန်ပေးသွားမည်ဟု YDF ၏ လက်အောက်ခံအဖွဲ့ဖြစ်သည့် Yaw Defense Force - Saw တာဝန်ရှိသူထံက သိရသည်။

သေဆုံးသူများ၏ မိသားစုဝင်ဖြစ်သည့် ကိုအောင်အောင်လင်းက ၎င်းတို့သည် ကားဖြင့်ကုန်သွယ်ရေးလုပ်သည့်အတွက် စစ်ကောင်စီနှင့် ထောက်ခံစာအဆက်အသွယ်ရှိကြောင်း ၊ ကုန်ကူးနေသူဖြစ်သဖြင့် စစ်ကောင်စီဘက်မှ ပစ္စည်းမှာယူမှုများ ရှိသဖြင့် အလုပ်သဘောအရသာ ဆက်ဆံမှုရှိသည်ဟု မဇ္ဈိမသို့ပြောသည်။

ထောက်ခံစာယူသည့်ကိစ္စအပေါ် လွန်ခဲ့သည့် သုံးလခန့်က ဆောအခြေစိုက် PDFအဖွဲ့တစ်ခုနှင့် PDFအဖွဲ့တစ်ခုက သတိပေးခဲ့ဖူးကြောင်း၊ YDFထံမှ သတိပေးစာမရဘူးကြောင်း ၎င်းကပြောသည်။

ဒလန်ရှင်းလင်းရေးခေါင်းစဉ်ဖြင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုတစ်စုလုံးကို သတ်ဖြတ်ခဲ့သည့်အတွက် ဆောဒေသခံအဖွဲ့များက ကျူးလွန်ခဲ့သည့် YDFအဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လ ၂၂ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် Yaw Defense Force - Saw အဖွဲ့သည် အထက်ပါဖြစ်စဉ်အတွင်း ပစ္စည်းများလုယက်ယူငင်သည်ဟု ရေးသားထားသည့်အပေါ် ကိုမင်းမင်းက အောက်ပါအတိုင်းတုံ့ပြန်ပြောဆိုသည်။

အိမ်မှထွက်ခွာချိန်တွင် ဖောကားတစ်စီး၊ဆူဇီကီးကားတစ်စီး၊ငွေသားသုံးသိန်းနှင့် ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးကို ယူဆောင်ခဲ့သော်လည်း ခန္ဓာကိုယ်မှပစ္စည်းများ ဖြုတ်ယူခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ YDF၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပြည်သူများက ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

"ဦးခင်မောင်လင်းတို့ကို ဖမ်းပြီးတော့အေးဆေးခေါ်ပြီးရင် ဒီပစ္စည်းတွေကိုကျွန်တော်တို့ မိသားစုကို ပြန်အပ်ခဲ့မှာပါ။ ဒီလိုမျိုး စစ်ကောင်စီတပ်သားတွေက ဝိုင်းလာတော့ ကျွန်တော်တို့အထွက်မှာပဲ ရုတ်တရက်ပြေးထွက် ထွက်ခဲ့ရတာကြောင့်ဗျ" ဟု ကိုမင်းမင်းက ဆိုသည်။

သို့သော် ဒေသခံများကမူ အခင်းဖြစ်ပွါးစဉ် ကာလအတွင်း ထိုအိမ်ကို စစ်ကောင်စီတပ်သားများ လာရောက် ဝိုင်းထားခြင်းမျိုး မရှိခဲ့ကြောင်းပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး YDF ၏ ထုတ်ပြန်သောစာထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟူ ၍ထုတ်ပြန်ခဲ့သော်လည်း နာရီပိုင်းအတွင်းတွင် YDF (ဗဟို) မှ အမှုမှန်ပေါ်ပေါက် နိုင်စေရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

အသက်၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုးသမီးနှစ်ဦးနှင့် အသက်၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းများ စတင်လုပ်ဆောင်နေပြီး YDF ဘက်မှလည်း ပူးပေါင်းပါဝင်မည်ဟု အကြောင်းပြန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။

"မြေပြင်မှာလက်တွေ့ဆင်းပြီး စစ်နိုင်ဖို့တော့ ကျွန်တော်လှမ်းပြောထားတယ် ။ ဖြစ်တဲ့ညကတည်းက ကျွန်တော်တို့ဘက်က ရှိတဲ့အဖွဲ့တွေကိုပြောတယ်။ အခုဟာက ပြောတဲ့ပုံစံကနှစ်မျိုးတော့ ဖြစ်နေတယ်။ဒါပေမဲ့သေချာတော့ ထပ်စုံစမ်းပြီးတော့ နှစ်ဖက်လုံးရဲ့ဟာကိုယူရမယ့်သဘောမျိုးတော့ရှိတယ်” ဟု ၎င်းကဆိုသည်။

ဆောမြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ သိရသလောက် YDFကNUGရဲ့ လက်အောက်ခံတပ်မဟုတ်ဘဲ သီးခြားရပ်တည်တဲ့ LDFဖြစ်တယ် ။ ဒါကြောင့်မို့ NUGအနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ ဘယ်လိုထိန်းသိမ်းမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အနေအထားပါ”ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...