ဘုရားသုံးဆူ ၃ လောင်းပြိုင်လူသတ်မှု အမှုမှန်ပေါ်အောင် ဆက်ဖော်ထုတ်နေ

ဘုရားသုံးဆူ ၃ လောင်းပြိုင်လူသတ်မှု အမှုမှန်ပေါ်အောင် ဆက်ဖော်ထုတ်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့် ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိသားစုဝင် ၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ခန့်မှန်းရိပ်မိထားသလို အမှုမှန်ပေါ်အောင် ဆက်လက်ဖော်ထုတ်နေသည်ဟု မြို့လုံခြုံရေးတာဝန်ရှိသူက ပြောသည်။

အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုသည် ဘုရားသုံးဆူမြို့ အမှတ်(၂) ရပ်ကွက်အတွင်း နေထိုင်သူ မိသားစုဝင် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် မြို့ပြင်ရှိ မက္ကသာကျေးရွာတွင် အလောင်းသွားရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

ထိုအမှု ကျူးလွန်ခဲ့သူတို့၏ အချက်အလက်တချို့ကို ရရှိထားပြီးဖြစ်သလို အမှုမှန်ပေါ်ပေါက်အောင် ဆက်လက်ဖော်ထုတ်သွားမည်ဟု မြို့လုံခြုံရေးအပိုင်း တာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်- DKBA ၏ အမှတ်-၂ စစ်ကွပ်ကဲရေး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ယခုလိုပြောသည်။

“အခုက ပြောလို့မရသေးဘူး။ သက်သေအခိုင်အမာရရင်တော့ သူတို့အပြစ်သူတို့ ခံရမှာပဲ။ အခုက မြို့ထဲမှာ လာဖမ်းတယ်၊ သတ်လိုက်ပြီးတော့ ကျနော်တို့နေရာဘက်မှာ လာပစ်တယ်။ ပြီးတော့ အဲဒီပစ်တဲ့အနီးမှာလည်း ကျနော်တို့အဖွဲ့ဂိတ်တွေနီးတယ်။ ကေအဲန်ယူဘက်ကလည်း ဂိတ်နီးတယ်။ အဲလိုဆိုတော့ ဒီဘက်အဖွဲ့အစည်းဘက်ပြန်ကြည့်ရင်လည်း မကောင်းဘူးပေါ့နော်။ ကျနော်တို့နယ်မြေထဲကို  ဒီလိုလာလုပ်တာက အခေါက်ပေါင်းများပြီး၊ ပြီးတော့ သူတို့ အသွားအလာ ကြည့်ချင်းအားဖြင့် ဘယ်သူ လုပ်လဲဆိုတာ ခန့်မှန်းလို့ရပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

အမှုဖြစ်စဉ်သည် ပုဂ္ဂိုလ်ရေးရင်းနှီးသည့် သူနှင့်သာဖြစ်နိုင်ပြီး ကလေးအပါအဝင် မိသားစုဝင်များကို ယခုလို သတ်ဖြတ်ခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်သည့်အတွက် အမှုမှန်ပေါ်အောင် ဖော်ထုတ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ကို လက်ရှိ ကေအဲန်ယူက အုပ်ချုပ်ရေးယန္တရားကိုင်တွယ်နေပြီး၊ DKBA က မြို့လုံခြုံရေး တာဝန်ယူထားချိန်တွင် မှုခင်းဖြစ်ပွားခဲ့ခြင်းကို ဒေသခံပြည်သူတို့ ဝေဖန်မှုများ ပေါ်ထွက်နေသလို အဖွဲ့အစည်းများအပေါ် လူထုယုံကြည်မှု နည်းသွားနိုင်သည့်အတွက် အမှုမှန်ပေါ်အောင် မဖြစ်မနေဖော်ထုတ်သွားမည်ဟု တာဝန်ရှိသူတို့က ပြောသည်။

ယခင်က မြို့ပေါ်ရှိ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို ပြန်ပေးဆွဲ ပစ္စည်းလုယက်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်ကလည်း ရုပ်အလောင်းကို ကရင့်တပ်ဖွဲ့များရှိရာအနီးတွင် လာရောက်စွန့် ပစ်ခဲ့ဖူးသည်။ အလောင်းစွန့်ပစ်သည့်နေရာသည် DKBA နှင့် KNU ဂိတ် ၂ ဂိတ်ကို ဖြတ်သွားရသည့်အတွက် အဆိုပါ လူသတ်မှုသည် အဖွဲ့အစည်းဝင်တို့နှင့် ရင်းနှီးသူများသာ ဖြစ်နိုင်သည်ဟု ဗိုလ်အေဝမ်းက ပြောဆိုသည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘုရားသုံးဆူ သုံးလောင်းပြိုင် လူသတ်မှုတွင် အသတ်ခံရသူများမှာ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အငြိမ်းစားလျှပ်စစ်ဝန်ထမ်း အသက် ၆၉ နှစ်ရှိ ဦးရခိုင်၊ သမီးဖြစ်သူ အသက် ၃၆ နှစ်ရှိ ဒေါ်သိမ့်သိမ့်သူနှင့် မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် မောင်စိုင်း ဝဏ္ဏထွန်းတို့ ဖြစ်ကြသည်။

Most read this week

January 27, 2025
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းတွင်...
January 27, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်၌...
January 27, 2025
သတင်းမီဒီယာသမားများကို ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး...
January 24, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့...