လမ်းခရီးခက်ခဲမှုတွေကြောင့် မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ပြေးဆွဲတဲ့ ကားသမားအချို့ ရပ်နားထားရ

လမ်းခရီးခက်ခဲမှုတွေကြောင့် မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ပြေးဆွဲတဲ့ ကားသမားအချို့ ရပ်နားထားရ

မြစ်ကြီးနား-တနိုင်း လမ်းပိုင်းပျက်စီးမှုတွေကြောင့်  ကားသမားအချို့ ခရီးစဉ်ပြေးဆွဲမှု ရပ်နားရတာတွေ ရှိလာတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ကနေ တနိုင်းမြို့မရောက်ခင် နောင်းမီ-ဝါရာဇွပ်ကျေးရွာကြား သုံးနေရာ၊ နမ်ဖြတ်-ကောင်ရာကြား နှစ်နေရာမှာ ကားလမ်းပျက်စီးမှု ဆိုးရွားနေတာဖြစ်ပြီး အနည်းအကျဉ်း ပျက်စီးနေတဲ့ လမ်းတွေပါပေါင်းရင် စုစုပေါင်း ၁၀ နေရာထက်မနည်းရှိတယ်လို့ သိရပါတယ်။

 မိုင် ၁၀၀ ကျော်လောက်ကွာဝေးတဲ့ မြစ်ကြီးနား-တနိုင်းခရီးစဉ်အတွက် အရင်က ခရီးသည်တစ်ဦးကို ကျပ်လေးသောင်းခွဲကနေငါးသောင်း ကောက်ခံရာကနေ လက်ရှိ ကားနောက်ခန်းအတွက် ကျပ်သုံးသိန်းနဲ့ ကားရှေ့ခန်းဆိုရင် ကျပ်လေးသိန်းခွဲရှိတဲ့အပြင် တစ်ရက်ခရီးကို သုံးညအိပ် လေးရက်ခရီးသွားနေရတယ်လို့လည်း သိရပါတယ်။ 

ဒါပေမဲ့ ကားအပျက်အစီးများတာကြောင့် တစ်ချို့ကားသမားတွေက ပြေးဆွဲမှု ရပ်နားထားတဲ့အပြင် လက်ရှိ ဓာတ်ဆီတစ်လီတာကို ကျပ်တစ်သောင်းကျော်ရှိနေတဲ့အပြင် လမ်းပိုင်းအခက််အခဲတွေကြောင့် ကားသမားအချို့ ရပ်နားကုန်တာလို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"လောလောဆယ်က လမ်းမကောင်းသေးဘူး။ အရမ်းဆိုးနေသေးတယ်။ လမ်းပိတ်တာ ဗွက်တွေဘာတွေနဲ့။ မိုးရွာရင်တော့ တစ်ပတ်လောက်တော့ ကြာတယ်။ အခုက အမြတ်ဘာမှမကျန်ဘူး။ ခရီးသည်တွေ အဆင်မပြေတော့ ဒီထက်တင်ရင်လည်း မရတော့နားတဲ့သူတွေ များလာတယ်။"လို့ ပြောပါတယ်။ 

အထက်ပါ ကားသမားရဲ့ ပြောပြချက်အရ စက်သုံးဆီအတွက် ကုန်ကျစရိတ်နဲ့ လမ်းပျက်တဲ့နေရာတွေမှာ ကားဆွဲခ အသွားအပြန်အပါစုစုပေါင်း ကုန်ကျစရိတ်ဟာ ခန့်မှန်းခြေ ၁၉ သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ 

အရင်က မြစ်ကြီးနား-တနိုင်း ပြေးဆွဲနေတဲ့ ကားဂိတ် ၇ ဂိတ်လောက်ရှိပေမဲ့ လက်ရှိမှာ ပြေးဆွဲနေဆဲ ဂိတ်လေးဂိတ်လောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဂိတ်တစ်ခုကို အရင်က တစ်နေ့ကားငါးစီးကနေ ဆယ်စီးအထိ ထွက်တာတွေရှိပေမဲ့ လက်ရှိအချိန်မှာတော့ ခရီးသည်ပါးလာတာ၊ ကားသမားတွေ အရှုံးပေါ်တာနဲ့ ကားဝပ်ရှော့တွေမှာ အပ်ထားရတာကြောင့် တစ်နေ့ တစ်စီးပုံမှန်မလွှတ်နိုင်တော့တာတွေ ရှိနေတယ်လို့လည်း သိရှိရပါတယ်။

ပျက်စီးနေတဲ့ ကားလမ်းတွေဟာ မိုးရွာသွန်းမှုကြောင့်သာမက ကားကြီးတွေ ဖြတ်သန်းသွားလာမှု များတဲ့အတွက်ကြောင့်ပါ ရွှံ့တောတွေလိုမျိုး ဖြစ်နေတာလို့ ဆိုပါတယ်။ ရွှံ့တွေမှာ နစ်နေတဲ့ကားတွေကို ဆင်၊ ဘက်ဟိုး၊ ဝန်ချီ(Loader)စက်တွေနဲ့ ဆွဲယူနေရပြီး ကားဆွဲခ တစ်ခေါက်ကို ကျပ်သုံးသောင်းပေးရတာရှိသလို အခြေအနေအရ တိုးပေးရတာတွေလည်း ရှိတယ်လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။ 

မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ပျက်စီးနေတာဟာ သုံးလဝန်းကျင်ရှိလာပြီဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းလောက်ကလည်း အဲဒီလမ်းပိုင်းမှာ အတက်၊ အဆင်းလုပ်နေတဲ့ ကားတွေ အစီး ၂၀၀ ဝန်းကျင် ပိတ်မိခဲ့ပါတယ်။

Most read this week

January 27, 2025
ရှမ်းမြောက်ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)...
January 24, 2025
ဗန်းမော်မြို့ဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဌာနချုပ်တည်ရှိရာ...
January 22, 2025
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိ သင်တန်းဆင်းပွဲသို့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၃...