အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီကိုမုန်းတီးနေမည့်အစား တွန်းလှန်နိုင်မည့်နည်းလမ်းများကို စဉ်းစားရန်အချိန်ရောက်ပြီဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုး မင်းက ဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် လူ့အခွင့်ရေးချိုးဖောက်မှုများကျူးလွန်နေသည့် အဆင့်ထက်ကျော် လွန်ပြီး နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် တွန်းလှန်နိုင်မည့်နည်းလမ်းများကို စဉ်းစား ရန်အချိန်ရောက်ပြီဟု ဝန်ကြီးက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။
“ လူ့ အခွင့်ရေးချိုးဖောက်တဲ့ စစ်တပ်ကို မုန်းတီးနေမယ့်အစား သူတို့ကိုဘယ်လိုမျိုးနည်းနဲ့ တွန်းလှန်နိုင် မယ့်နည်းလမ်းတွေကို လုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်ခွင့်စွာ အသက်ရှင်သန်ပိုင်ခွင့် စသည့် အခြေခံလူ့အခွင့်ရေးများကို ချိုးဖောက်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန် ထားသော သတင်းများအရ ဩဂတ်လ ၇ ရက်နေ့အထိ စစ်ကောင်စီမှ သတ်ဖြတ်ထားသည့် ပြည်သူ စုစုပေါင်း၂၁၅၈ ဦး ရှိနေပြီဖြစ်သည်။
ထိုသို့ သတ်ဖြတ်မှုများပြုလုပ်သည့် စစ်ကောင်စီသည် ၎င်းကိုခုခံတိုက်ခိုက်နေသည့် ဒေသများတွင် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေသည်။
ISP (Institute For Strategy and Policy- Myanmar) မှ ထုတ်ပြန်ထားသည့်စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ နေအိမ် မီးရှို့ခံရမှု ၂၈၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး ၎င်းတို့ထဲတွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့မှာ မီးရှို့ခံရမှုအများဆုံးဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်က အငြိုးထားတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
စစ်ကောင်စီ၏လုပ်ရပ်များသည် အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် စစ်ရာဇဝတ်မှုများကို ဆက် တိုက်ကျူးလွန်နေသည့်အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို လက်တွေ့ကြိုပေးသတ်ဖြတ်ပြီး တရားဝင်လူသတ်မှုများကို စတင်ကျူးလွန်ခဲ့သည်။
“အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုမျိုးစုံကို ဆိုးဆိုးရွားရွားချိုးဖောက်နေတဲ့ ရာဇဝတ်ကောင်တွေဖြစ်နေပြီ ဆိုတာပြောလို့ရတယ်။ အရင်တုန်းက လူသတ်တယ် သေဆုံးမှုက ဒီလောက်မများဘူး။ အခုက တစ်နိုင်ငံ လုံး တွေ့သမျှမဲမဲမြင်ပစ်နေတာမျိုး တစ်နိုင်ငံလုံးမီးရှို့နေတာမျိုး” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။