သတင်းနှင့် မီဒီယာ ကွန်ရက်အတွက် ရေးသားသည်။
မြန်မာ-တရုတ်နယ်စပ်၊ ကချင်လွတ်လပ်ရေး အဖွဲ့ -ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာအနီးက ဂျေယန့် စစ်ဘေးရှောင် စခန်းပတ်ပတ်လည်ရှိ မြေနေရာအလွတ်များနှင့် နယ်စပ်ချောင်းဘေးတစ်လျှောက်က ကျောက်ကြိုကျောက်ကြားပါမကျန် စိုက်ခင်း သေးသေးလေးများနှင့် ပြည့်လျှက်ရှိသည်။
အဆိုပါ စိုက်ခင်းများတွင် မုန်ညှင်း၊ ပဲ၊ ပြောင်း၊ နံနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မိတ်က အစ စိုက်ပျိုးထားကြသည်။ ကိုဗစ် မတိုင်ခင်က ထိုစိုက်ခင်းမျိုး အနည်းအကျဉ်းသာ ရှိခဲ့ရာမှ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့် နှစ်နှစ်ကျော် ကာလနှင့် စစ်တပ်က အာဏာသိမ်း လိုက်သည့် တစ်နှစ်ကျော်ကာလအတွင်း မြေနေရာ အလွတ်မကျန် စစ်ရှောင် စခန်းအပေါ် ဘက်ရှိ တောင်ကုန်းများပေါ်တွင်ပါ ပြည့်လာခဲ့သည်။
သူ့ထက်ငါ အလုအယက် စိုက်ပျိုးထားသည့် ထိုစိုက်ခင်းများက ဟင်းသီးဟင်းရွက်များကသာ စစ်ရှောင် အိမ် ထောင်စုတိုင်း အတွက် စားဝတ်နေရေးကို ဖြေရှင်းပေးသည့် အရာ ဖြစ်လာသည်ဟု ဂျေယန့်စစ်ရှောင်စခန်း က စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။
“အခု စခန်းထဲမှာ ဆန်ကုန်သွားတဲ့ အိမ်ထောင် မိသားစုတွေ များလာလို့ တော်တော်တော့ စိတ်ညစ်နေကြတဲ့ အချိန်ဖြစ်နေတယ်။ ချေးငှားပြီးစားနေကြတာပေါ့။ တခြားနည်းနဲ့ ရှာစားဖို့ကလည်း အခုအခြေအနေက တော် တော် ခက်နေတယ်။ နိုင်ငံရေးကလည်းရှုပ်၊ ကိုဗစ်ကလည်း ပြန်ဖြစ် အဲ့လိုနော်။ နေ့စားသွားလို့ကလည်းမရ။ တရုတ်ပြည်ဘက်လည်း သွားလို့မရဘူး။”
ဓါတ်ပုံ - ရိန်နူးအောင်
ဆယ်စုနှစ်ကြာ စစ်ရှောင်နေရသည့် ကချင် ဒုက္ခသည်များသည် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ယခင်က ကဲ့သို့ နိုင်ငံတကာ၏ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ မရတော့သည့်အတွက် ရိက္ခာ မလုံ လောက်မှု အခက်အခဲများ ရှိလာသည်ဟု မြန်မာ-တရုတ်နယ်စပ် ကေအိုင်အို ထိန်းချုပ်ဒေသရှိ ဂျေယန့်စစ်ရှောင် စခန်း အတွင်းရေးမှူး ဦးခါးမိုင် က ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်ခဲ့ချိန်ကတည်းက စစ်ရှောင်စခန်းများကို အချိန်မှီ ကူညီထောက်ပံ့မှုများ မပေးနိုင်တော့ခြင်း ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ဒေသများ တွင် တိုက်ပွဲဖြစ်ပွားမှု ပိုများလာပြီး သွားလာရေး လမ်းကြောင်းများ ခက်ခဲလာခြင်းကြောင့် စစ်ရှောင်များ အတွက် စားနပ်ရိက္ခာကူညီထောက်ပံ့ရန် ပစ္စည်းများ သယ်ယူရာတွင် များစွာ အခက်အခဲ ဖြစ်နေသည်ဟု တရုတ်-မြန်မာ နယ်စပ် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပေးရေး အဖွဲ့အစည်းများ ပူပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း ကူညီထောက်ပံ့ရေး လမ်းကြောင်းတွေက စစ်ရေးတင်းမာတဲ့ နေရာဒေသ တွေကို ဖြတ်ကျော်ရတာကြောင့် ဘယ်ကားသမားတွေကမှ မပို့ချင်တော့ဘူး။” ဟုပြောသည်။ နိုင်ငံတကာက မြန်မာနိုင်ငံကိုပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း ထက်ဝက်မက လျော့ကျလာတယ်လို့ သူက ဆက်ပြောပါတယ်။ “အကူအညီတွေပေးနေတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံကို ကူညီတဲ့ ဘတ်ဂျက်တွေ အရမ်းနည်းလာတယ်။ ဥပမာ Durable Peace Program (DPP) ပရိုဂရမ်တစ်ခုက အခုက အဆင့် ၃ ရောက်ပြီး အရင် အဆင့် ၂ တုန်းက ဆိုရင် ၁၇ သန်းပေးတယ်။ အခု DPP အဆင့် ၃ ရောက်တဲ့ အခါ ၄ သန်းဘဲ ပေးတော့တယ်။ အဲ့လောက်ထိကို လျော့သွားတယ်။"
မြန်မာ-တရုတ် နယ်စပ်ရှိ စစ်ရှောင်စခန်းအများစုသည် စစ်တပ်၏ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံတကာမှ စစ် ကောင်စီအား စီးပွားရေး ငွေကြေးစီဆင်းမှု ဖြတ်တောက်ထားခြင်းကြောင့် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ အလွန်ပင် လျော့နည်းလာသည့်အတွက် ယခုနှစ် ဇူလိုင်လမှ စတင်ပြီး အစားအစာ မလုံလောက်မှု တွေရှိနေ သည်။
ထို့ကြောင့် ယခုအခြေအနေ အတိုင်း ဆက်သွားမည်ဆိုပါက စစ်ဘေးရှောင်များ အငတ်ဘေးနှင့် ရင်ဆိုင် ရမည့် အခြေအနေမျိုးရှိသည်ဟု ရှအစ်ယန်စစ်ဘေးရှောင်စခန်းက ဒေါ်ဘွေးဒေါ့ဇေနော က ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ရံပုံငွေ အားလုံးကို ၎င်းတို့၏ လမ်းညွှန်းချက်အတိုင်း ကူညီဆောင်ရွက်မှုများ ပြုလုပ်ရန် ထုတ်ပြန်ထားသည်ဟု မြန်မာ-တရုတ် နယ်စပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ က ပြောသည်။
“မြန်မာနိုင်ငံရဲ့ humanitarian funding (လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှု) မှာ စဉ်းစားစရာ တခုရှိလာတာက AHA Centre ဆိုတာ တစ်ခုရှိတယ်။ စစ်ကောင်စီက အခုချိန် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရှာနေတဲ့ အချိန်ဖြစ်တယ်ဆိုတော့ မြန်မာ နိုင်ငံရဲ့ humanitarian funding အားလုံးက AHA Centre ကနေ ဝင်သင့်တယ်ဆိုပြီး ဒီနှစ်ရဲ့ သဘောတူညီမှုမှာ ပါသွားပြီ။ အဲ့မှာ ပြဿနာက ဘာရှိလဲဆိုတော့ အဲ့ဒီစင်တာမှာက စစ်ကောင်စီခန့် လူတွေတပုံကြီးပါ နေတာဘဲ၊ အဲ့တော့ မြေပြင်အခြေအနေအားလုံးကို သူတို့ကို တင်ပြရတယ်။ ဒါကြောင့် INGO တွေက မြေပြင်မှာ တိုက် ရိုက် ကူညီထောက်ပံ့မှုတွေ ပေးဖို့ အရမ်းခက်ခဲသွားတယ်” ဟု ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ဆောင်ရွက်နေသည့် ပူးတွဲ မဟာဗျူဟာအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အာဆီယံနှင့် စစ်ကောင်စီတို့ တွေ့ဆုံပြီး စစ်ဘေးရှောင်များထံသွားမည့် ပံ့ပိုးကူညီမှုများကို အာဆီယံ လူသားချင်း စာနာကူညီမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာန - the ASEAN Coordinating Centre for Humanitarian Assistance on disaster management (AHA Centre) မှ တဆင့် သွားရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရ သည်။
စစ်ကောင်စီသည် နိုင်ငံတကာက ကူညီထောက်ပံ့မှု လမ်းကြောင်းများ၊ ငွေကြေးစီးဆင်းမှုများကို အကြောင်း အမျိုးမျိုး ပြကာ နည်းလမ်းအမျိုးမျိုးဖြင့် စောင့်ကြည့်နေသည်။ အထူးသဖြင့် တိုင်းရင်းသား ဒေသများရှိ စစ် ဘေးရှောင်စခန်းသို့ ကူညီမည့် စီမံကိန်းများကို စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု မြန်မာ-တရုတ် နယ်စပ်ရှိ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများက ပြောသည်။
ကူညီထောက်ပံ့မှုများ လျော့နည်းလာရသည့် အကြောင်းရင်း
အာဏာမသိမ်းမှီ NLD အစိုးရ လက်ထက်ကတည်းက ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းများ အတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များက အစိုးရထံ တရားဝင်စာတင်ပြီး ရိက္ခာများထောက်ပံ့ ကူညီခဲ့သည်။
သို့သော် အာဏာသိမ်းပြီးနောက်တွင် လူသားချင်းဆိုင်ရာ ကူညီနေသည့် အဖွဲ့အစည်းများသည် စစ်ကောင်စီ ထံ စာတင် အကြောင်းကြားပြီး သွားလာရန်အတွက် အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်များ သက်တမ်း ကုန်ဆုံးနေ ခြင်း ကြောင့် တရားဝင် ခွင့်ပြုချက်တောင်းခံရန် အခက်အခဲ ရှိနေသည်ဟု မြန်မာ-တရုတ် နယ်စပ်ရှိ လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများက ပြောသည်။
ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံအတွင်းရှိ ဘဏ်များတွင် ငွေကြေးဆိုင်ရာ မတည်ငြိမ်မှု များ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဘဏ်စာရင်းရှင် အများစုက ဘဏ်များတွင် အပ်နှံထားသည့် ငွေများကို ပြန် လည် ထုတ်ယူကြသဖြင့် ဘဏ်များက ငွေထုတ်ယူခြင်းများကို ရပ်ဆိုင်းလိုက်သည်အထိ ဖြစ်ပေါ်ခဲ့သည်။
ဘဏ်များတွင် ငွေကြေးထုတ်ယူမှုများ ခက်ခဲလာခြင်းကြောင့် ကချင်ပြည်နယ်ရှိ NGOs, CSO အဖွဲ့အစည်းများက လည်း စစ်ရှောင်စခန်းများသို့ အချိန်မှီ ကူညီထောက်ပံ့ရန် အခက်အခဲများစွာ ရှိခဲ့သည်ဟု လိုင်ဇာရှိ Relief Action Network For IDP and Refugee (RANIR)မှ ကိုဘားအောင် က ပြောသည်။
အဆိုပါ အခက်အခဲများနှင့် ပတ်သက်၍ “စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဘဏ်တွေမှာ ပိုက်ဆံ ထုတ် လို့မရတော့ ကျနော်တို့က စစ်ရှောင် စခန်းတွေကို အချိန်မှီ ရိက္ခာများ မကူညီနိုင်ဘူး၊ ပိုက်ဆံထုတ်တဲ့ အချိန်မှာ လည်း ကိုယ်ထုတ်မယ့် ပိုက်ဆံ ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းနဲ့ ပေးရတယ်။ အစကဆိုရင် ၁၂ ရာခိုင်နှုန်း အထိ ပေးရတာရှိတယ်။ အခု နောက်ပိုင်းကတော့ ၂ ရာခိုင်းနှုန်းပဲ ပေးရတော့တယ်။ အဲ့လို ရာခိုင်နှုန်းပေးရတော့ တကယ်လိုအပ်တဲ့ စစ်ရှောင်တွေကို ကူညီတဲ့အခါ ကျနော်တို့ ကူညီချင်တဲ့ အတိုင်းအတာ မရောက်တော့ဘူး” ဟု ကိုဘားအောင် က ပြောသည်။
စစ်ရှောင်များကို ကူညီရန် နိုင်ငံတကာရှိ ငွေကြေးထောက်ပံ့သူများကို ယခင်ကုန်ပစ္စည်း ဈေးနှုန်းများဖြင့်သာ အကူအညီ တောင်းခံထားခြင်း ဖြစ်သည်။ သို့သော် အာဏာသိမ်းပြီးနောက် ယခုလက်ရှိအချိန်တွင် ကုန်စျေးနှုန်း များ ထက်ဝက်ကျော်ခန့် မြင့်တက်လာသောကြောင့် အခက်အခဲများစွာရှိသည်ဟု မြန်မာ-တရုတ် နယ်စပ်ရှိ လူ သားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အရင်က ကျနော်တို့ ဆယ်ပေ ပတ်လည် မီးဖိုဆောင်အပါ အိမ်တစ်အိမ်ကို သိန်း ၅၀ နဲ့ ပြီးတယ်။ အဲ့လိုဘဲ ဒိုနာ တွေကို တင်ထားတယ်။ အခုက မရတော့ဘူး။ အဲ့လို အိမ်တစ်အိမ်ကို အခုစျေးနဲ့ဆိုရင် သိန်း ၇၀နဲ့ ၈၀ ကြားရှိ တယ်၊ အဲတော့ ကျနော်တို့က ရတဲ့ ပိုက်ဆံကို ကြည့်ပြီး ကူညီရတော့ အဆင်မပြေဘူး၊ အခက်အခဲရှိတယ်။”
မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနေသည့် (INGO) အဖွဲ့အစည်းကြီးများသည် NLD အစိုးရ လက်ထက်တွင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများဖြစ်သည်။ ယခုအခါ ထိုအဖွဲ့အစည်းများသည် မှတ်ပုံတင် ထားသည့် ကာလ ကုန်ဆုံးသွားပြီး ဖြစ်သောကြောင့် အဖွဲ့အစည်းများအနေဖြင့် ပြန်လည် မှတ်ပုံတင်ရန် လိုအပ် နေသည်။ သို့သော် အာဏာသိမ်း စစ်တပ်ထံ မှတ်ပုံမတင်လိုသည့် နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ စွန့်ခွာရန် ပြင်ဆင်နေခြင်းကလည်း စစ်ဘေးဒုက္ခသည်များကို ကူညီနေသူများအတွက် စိန်ခေါ်မှု တစ်ခု ဖြစ်နေ သည်။
အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြားမှ စစ်ရှောင်များ၏ ဘဝ
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများက အနောက်နိုင်ငံများ၏ ကူညီ ထောက် ပံ့မှုများ ရယူနေမှုကို တရုတ်နိုင်ငံအနေဖြင့် ကြိုက်ပုံမပေါ်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသများတွင် အနောက် နိုင်ငံများ၏ သြဇာလွှမ်းလာမည်ကို တရုတ်အနေဖြင့် လွန်စွာ စိုးရိမ်သည်။
အထူးသဖြင့် ဂျပန်နိုင်ငံ၏ အကူအညီဆိုပါက အလှူရှင်အဖွဲ့အစည်းများ၏ အမည်များကို ဖော်ပြခွင့်ပင် ခက်ခဲ သည်ဟု ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာန Humanitarian and Development Department of Kachin Baptist Convention(KBC-HDD) Field Manager ကိုနော်ထွယ်က ပြောသည်။
“ဒီဘက်ဒေသမှာဆိုရင် လာကူညီရင်တောင်မှ ဂျပန်ရဲ့ အကူအညီဆိုရင် အရမ်းခက်တယ်။ ပေါ်ထင်အောင် မပြရ ဘူး။ ဗီနိုင်းတွေ ချိတ်ဆွဲတာက အစပေါ့။ ဒီဟာက ဂျပန်က ကူညီတာနော်လို့တောင် ထုတ်ဖော်ပြောလို့မရဘူး။ ဒီ တရုတ်နယ်စပ်ဘက်တော့ မရဘူး။”
လက်ရှိမြန်မာနိုင်ငံကို ကူညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ဥရောပ သမဂ္ဂနှင့် အမေရိကန် အစိုးရ က ပေးသည့် အကူအညီများမှာ အများဆုံးဖြစ်သည်ဟု မြန်မာ-တရုတ် နယ်စပ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများ က ပြောသည်။
"ကျနော်တို့ဆီကို ဘယ်က Funding ပိုလာသလဲ အဲဒါက အရေးကြီးတယ်။ ဥပမာ Funding အများဆုံးလာ တာ က ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ အမေရိကန် အစိုးရဆီက ဖြစ်တယ်။ USAID Funding ဆိုရင် အရမ်းများတယ် ပေး တာက။ တရုတ်နယ်စပ်ဘက်ဆိုရင်တော့ USAID Funding တွေ ဘယ်လောက် ရောက်နိုင်မလဲဆိုတာကတော့ မသိဘူး။ ဒါပေမယ့် တရုတ်ကတော့ မကြိုက်ဘူး။ အဲ့လိုမျိုး အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေး အားပြိုင်မှုတွေ က ရှိသေးတယ်” ဟု မြန်မာ-တရုတ် နယ်စပ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်း က တာဝန်ရှိသူက ဆက်ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို အကူညီများ ပေးနေသည့် ဥရောပနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ယူကရိန်း ကို ရုရှားက ကျူးကျော်စစ် ဆင်နွဲနေခြင်းကြောင့် ယူကရိန်းပြည်သူအများစုသည် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို့ ကြောင့် နိုင်ငံတကာ အလှူရှင်များက လက်ရှိ စစ်ဖြစ်ပွားနေသည့် ယူကရိန်းသို့ ပိုမိုကူညီရန် စိတ်အားထက်သန် ကြသည်ဟု တရုတ်-မြန်မာ နယ်စပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ ဆက်ပြော သည်။
စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက “နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုအကူအညီတွေက အကုန်လုံး လျော့သွားတယ်၊ မြန်မာနိုင်ငံဘဲ လျော့သွား တာတော့မဟုတ်ဘူး၊ ဥရောပ တိုင်းပြည်တွေက ယူကရိန်းအပေါ် ရှရှားရဲ့စစ်ကျူးကျော်စစ်မှာ စိတ်မဝင်စားမဲ့ အကြောင်းမရှိဘူးလေ သူတို့ကိုယ်တိုင်ကိုက လက်နက်တွေ ထောက်ပံ့ပေးနေတာပဲ။ အဲတော့ လူသားချင်း စာနာမှု အကူအညီတွေ အဲ့ဘက်ကို ရောက်သွားတာပေါ့။ ကျနော် တို့ ဒီဘက်က စစ်ရှောင်သက်တမ်းကလည်း ဆယ်စုနှစ် ရှိလာပြီးဆိုတော့ အကူအညီတွေလည်း အကုန်လျော့ နည်းလာတာလည်း ပါ ပါတယ်” ဟု ပြောသည်။
မြန်မာ-တရုတ်နယ်စပ် ကေအိုင်အို ထိန်းချုပ်ဒေသ အတွင်းရှိ စစ်ရှောင်များကို အဓိကအားဖြင့် စားနပ်ရိက္ခာ ကူ ညီပေးနေသည့် အဖွဲ့အစည်းများမှာ KBC-HDD၊ ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း (KMSS) နှင့် Health Poverty Action (HPA) အဖွဲ့အစည်းများဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများအနက် KBC - HDD နှင့် KMSS အဖွဲ့ အစည်းများသည် ဆယ်စုနှစ်ကြာ နိုင်ငံတကာ အလှူရှင် donor များနှင့် အတူတွဲလုပ်နေသည့် စီမံကိန်းများ သက် တမ်းကုန်ဆုံးသွားခြင်းကြောင့် လက်ရှိအချိန်တွင် စစ်ရှောင်များကို စားနပ်ရိက္ခာ ကူညီရန် အခက်အခဲ ဖြစ်နေ သည်။
KBC-HDD သည် တရုတ်နယ်စပ်ရှိ စစ်ရှောင်စခန်း ၅ ခုကို ကမ္ဘာ့ကုလသမဂ္ဂ၏ လမ်းညွန်းချက်အတိုင်း နိုင်ငံတ ကာ လူသားချင်းစာနာမှု ကူညီရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ ယခုနှစ် မေလအထိသာ ကူညီပေးခဲ့သည်။ KBC-HDD နှင့် ဆယ်စုနှစ် တစ်ခုကြာ လက်တွဲခဲ့သော Oxfam အဖွဲ့အစည်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
နိုင်ငံတကာ လူသားချင်း စာနာဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စစ်ရှောင်များအရေး လက်တွေ့ လုပ်ကိုင် နေ သည့် နယ်ခံအဖွဲ့အစည်းများကို တိုက်ရိုက် ကူညီထောက်ပံ့ပေးခြင်းက ပိုမိုထိရောက်ပြီး Funding များ အလေအ လွှင့်မရှိဘဲ အကူအညီလိုအပ်သူများထံ ရောက်ရှိနိုင်ကြောင်း မြန်မာ-တရုတ် နယ်စပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများက ပြောသည်။
“ကျနော်တို့က Localization Agenda အနေနဲ့ သွားနေတယ်။ Localization Agenda ဆိုတာကတော့ Local NGO, CSO တွေပိုပြီး funding ရရမယ်ဆိုတဲ့ agenda ဖြစ်တယ်။ အခုအားလုံးကလည်း အဲဒါကို advocate လုပ်နေ တယ်။ အခု မြန်မာနိုင်ငံမှာဆိုရင် JST အနေနဲ့လည်း အခု DPP project ကနေ စနေပြီး သူတို့ကို approve လုပ် တာ။ funding ရဲ့ ၇၀ ရာခိုင်နှုန်းကို JST ယူမယ်၊ ၃၀ ရာခိုင်နှုန်းကိုတော့ Admin Cost အနေနဲ့ ယူ အဲလိုတော့ လုပ်ဖို့ ဆုံးဖြတ်ထားတယ်" ဟု Joint Strategy Team (JST) မှ တာဝန်ရှိသူ တစ်ဦး ပြောသည်။
ယခုလောလောဆယ်မှာ တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်ရာဒေသရှိ စစ်ရှောင်စခန်းများတွင် စားနပ် ရိက္ခာ ပြတ်လပ်မှု မရှိအောင် Local NGOs များက နိုင်ငံတကာရှိ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများထံ အကူအညီများ တောင်းခံထားသည်။
“တကယ်တော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီ စားနပ်ရိက္ခာ ကူညီပေးနေတာက မတ်လ ကတည်းက သက်တမ်းကုန်ပြီ။ ဧပြီလအတွက် ကတော့ ကျမတို့ဆီမှာ ရှိတဲ့ အရံ funding ကနေ စခန်း (၆) ခုကို ထုတ်ပေး ထားတယ်။ မေလကနေ ဒီနောက်ပိုင်းအတွက်တော့ ကူညီပေးနိုင်မယ့် donor တွေကို ရှာနေတုန်းကာလ ဖြစ် တယ်” ဟု KMSS မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်း ၂၄ ခု၊ စစ်ရှောင် လူဦးရေ ၄၀၀၀၀ ကျော်နှင့် စစ်ဒဏ်သင့် ပြည်သူ ၅၀၀၀ ကျော်ရှိဟု ကေအိုင်အို စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက် ရေး ကော်မတီ တာဝန်ခံ လမာဇော်ယော် က ပြောသည်။
စစ်တပ်က အာဏာသိမ်း လိုက်ပြီးသည့်နောက် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့ စစ်အာဏာ ရှင် ဖြုတ်ချရေး တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေလည်း မကြုံစဖူးအောင် များ ပြားလာနေသည်။
ထိအခြေအနေများကြားတွင် ဒုက္ခသည်များ အရေးတကြီးလိုအပ်နေသည့် လူသားချင်း စာနာမှု အကူအညီများ အချိန်မှီ ရောက်မလာပါက ပြေးစရာမြေမရှိသူ စစ်ဘေးရှောင်များ စားစရာ ဆန်နှင့် အခြားစားနပ်ရိက္ခာ ပြတ် လပ်သည့် အခြေအနေများနှင့် ကြုံလာမည်ကို စားနပ်ရိက္ခာ ကူညီရေးအဖွဲ့များက အထူးစိုးရိမ်နေကြသည်။