လက်နက်ကြီးသံ နှင့် သေနတ်သံများ ဆူဆူညံညံထွက်ပေါ်နေသည့်ကြားက နွားလှည်းတစ်စီးသည် အညာဒေသ၏ လမ်းကြမ်းကြမ်းပေါ် ညင်သာနိုင်သမျှ အညင်သာဆုံး မောင်းနှင်နေသည်။
ထိုလှည်းကလေးပေါ်တွင် အတွေးကိုယ်စီဖြင့် ထိတ်လန့်နေသည့် လူတစ်စု လိုက်ပါလာသည်။ စစ်ကောင်စီ တပ်များနှင့် ထိတ်တိုက်တွေ့လေမလား၊ လက်နက်ကြီးကျည်များ လာပြီးထိမှန်လေမလား ဆိုသည့်အတွေးဖြင့် သူတို့၏ မျက်ဝန်းများက ဂနာမငြိမ်။ အရပ်လေးမျက်နှာဆီသို့ ကျီးကန်းတောင်းမှောက် ကြည့်လျက်ရှိနေသည်။ လှည်းကို ကျည်ဆန်များနှင့် ဝေးရာဆီသို့ အမြန်ဆုံးရောက်အောင် နှင်ရမည် ဖြစ်သော်လည်း မနှင်နိုင်ခဲ့ချေ။
လွန်ခဲ့သည့် နာရီပိုင်းကမှ လူ့လောကကို ရောက်ရှိလာသည့် နီနီထွေးထွေး ကလေးငယ် လူသစ်ကလေးက မိခင်ရင်ခွင်မှာ မှေးစက်လျက် လိုက်ပါလာနေသည်။ ထို့အတွက် လှည်းယာဉ်ကို ဒုန်းစိုင်းမောင်းမပြေးနိုင်ဘဲ အန္တရာယ် လမ်းကြမ်းပေါ်တွင် ဖြေးဖြေးနှင့် ညင်သာစွာသာ မောင်းနှင်နေခဲ့ရသည်။
အသက် ၂၃ နှစ်အရွယ် မခင်ခင် (အမည်လွှဲ)၏ ရင်ခွင်ထဲတွင် ရှိနေသည့် ကလေးသည် သူ၏ ပထမဦးဆုံးကလေး သားဦးဖြစ်သည်။ စစ်ဘေးရှောင်ရင်း မီးဖွားချင်လာသည့် မခင်ခင် ဆေးဝါးပစ္စည်းများရှိရာ ရွာမှ နေအိမ်သို့ အမြန်ပြန်ကာ ကလေးကို မွေးဖွားသည်။ မခင်ခင်တစ်ယောက် သွေးနုသားနု ဆိုသည့် စကားလုံးကို လျစ်လျူရှု၍ မွေးပြီးပြီးချင်းမှာပင် တောထဲသို့ တဖန်ပြန်ထွက်ပြေးခဲ့ရသည်။
“စစ်မော်တော်တွေ တက်လာပြီ။ စစ်မော်တော်တွေ တက်လာပြီဆိုတော့ တစ်ခါတည်း ပြန်ထွက်ပြေးပြီး စစ်ရှောင်ခဲ့ရတာ။ မွေးပြီး ၁၅ မိနစ်လောက်ပဲကြာမယ်။ နို့တောင် မတိုက်ခဲ့နိုင်ပါဘူး” ဟု အညာသူ မခင်ခင်က စစ်ဘေးကြားကနေ အသက်လု မီးဖွားခဲ့ရပုံ ကို ပြန်ပြောပြသည်။
ကလေး မွေးဖွားပေးခဲ့သည့် သူနာပြုဆရာမလေးက ကလေးအဖေဖြစ်သူ၏ ပုဆိုးကိုဖြဲ၍ ကလေးအား လေမတိုးအောင် သေချာထွေးပိုက်လိုက်သည်။ မိခင်ကော ကလေးပါ လှည်းပေါ် ကောက်တင်ရင်း သူလည်း အပြေးတက်ရင်း ထွက်ပြေးခဲ့ရသည့် အဖြစ်ကို ယခုတိုင် သူ မမေ့နိုင်သေးချေ။
CDM သူနာပြုဆရာမ မယု (အမည်လွှဲ) မွေးဖွားပေးခဲ့ရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးလေးဦးအနက် မခင်ခင်သည် ဒုတိယမြောက် တာဝန်ယူ မွေးဖွားပေးရသည့် ကိုယ်ဝန်သည် ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကနီနယ်ထဲရှိ မခင်ခင်တို့ရွာဘက်ကို စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးလာသည့် သတင်းကြောင့် ကိုယ်ဝန်အရင့်အမာလွယ်ထားရသည့် မခင်ခင်လည်း ခင်ပွန်း၊ မိဘများနှင့်အတူ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့သို ထွက်ပြေးတိမ်းရှောင်ရာတွင် အိမ်နီးချင်း CDM သူနာပြုဆရာမ မယုပါ မခင်ခင်တို့နှင့် အတူတူပါလာခဲ့သည်က အဆိုးထဲက အကောင်းဟု ဆိုရပေမည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ခဲ့ပြီး မွေးရပ်မြေ ကနီနယ်သို့ ပြန်လာခဲ့သည် ဆရာမ မယုတစ်ယောက် မွေးရပ်မြေသို့ ပြန်မရောက်ခင် အချိန်အထိ မည်သည့် ကိုယ်ဝန်သည်ကိုမှ တစ်ဦးတည်း မီးမဖွားပေးခဲ့ဘူးချေ။ စစ်ဘေးရှောင်ရင်း ကလေး မီးဖွားဖို့အရေး အခက်ကြုံနေသည့် ကိုယ်ဝန်ဆောင်များကို ကူညီရာမှ သားဖွားဆရာမ ဖြစ်လာခဲ့ရသည်။
CDM သူနာပြုဆရာမ မယုသည် မုံရွာပြည်သူ့ ဆေးရုံကြီးတွင် ကလေးမီးဖွားပေးသည့် ဆရာဝန်၊ သူနာပြုဆရာမကြီးများ၏ အကူသူနာပြုအဖြစ်သာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။ မယု ပထမဆုံး ကိုယ်တိုင်ကိုယ်ကျ မွေးဖွားပေးခဲ့ရသည့် ကိုယ်ဝန်သည်မှာ အသက် ၃ဝ ဝန်းကျင်အရွယ် ကိုယ်ဝန်ပျက်ကျဖူးသူ အမျိုးသမီး တစ်ဦး ဖြစ်သည်။
“ကိုယ့်ဘာသာမွေးပေးရမယ်ဆိုတော့ အောင်အောင်မြင်မြင်မွေးပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်၊ ဖိစီးမှုတွေရှိတယ်။ စိုးရိမ်စိတ် အများကြီးနဲ့ပဲ မိခင် အသက်ရော ကလေးရဲ့ အသက်ပါ အသက်နှစ်သက်လုံး ရအောင်ယူနိုင်ရမယ်ဆိုတာကိုပဲ ခေါင်းထဲမှာ ထည့်ထားရတယ်” ဟု မယုက သူ၏ လုပ်ဆောင်မှုများအပေါ် ပြန်ပြောင်းပြောပြသည်။
ပထမအကြိမ်ကိုယ်ဝန်ပျက်ကျခဲ့ပြီး ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရသည့် ထိုအမျိုးသမီးမှာ နီးစပ်ရာတွင် သားဖွားဆရာဝန်မရှိသလို မြို့ပေါ်ဆေးရုံသို့ သွားရန်လည်း ခက်ခဲလွန်းသည့်အတွက် သူ့ထံ ရောက်လာခြင်းဖြစ်သည်။
ပထမဆုံးကလေးမီးဖွားပေးရချိန်တွင် ဆေးဝါးပစ္စည်းမပြည့်စုံမှုနှင့် တစ်ယောက်တည်း မွေးဖွားပေးရသည့် အတွေ့အကြုံ မရှိသည့်အတွက် စိန်ခေါ်မှုများစွာရှိခဲ့သည်။ သို့သော်လည်း အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည့်အတွက် ရှေ့ဆက်ရန် လုပ်ဆောင်ရန် ခွန်အားများရခဲ့သည်ဟု သားဖွားဆရာမဖြစ်လာသူ မယုက ဆိုသည်။
ကိုယ်ဝန်သည် တစ်ယောက် ကလေးမီးဖွားပေးရတိုင်း မယု ကြုံရသည့် စိန်ခေါ်မှုများက မတူကွဲပြားမှုရှိသည်။ သူမွေးဖွားပေးခဲ့ရသည့် သုံးယောက်မြောက် ကိုယ်ဝန်ဆောင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ရဲဘော်၏ ဇနီး အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးဖြစ်သည်။
ထိုအမျိုးသမီးသည် ကိုယ်ဝန်အရင့်အမာ လွယ်ထားရချိန် စစ်ရှောင်ခဲ့ရပြီးနောက် ရွာပြန်ရောက်ချိန်တွင် ကလေးမီးဖွားခဲ့ခြင်း ဖြစ်သည်။ ဒုတိယမြောက်ရင်သွေးကို လွယ်ထားရသည့် အဆိုပါအမျိုးသမီးမှာ ကိုယ်ဝန်ကြီးဖြင့် ဗုံးခိုကျင်းတွင် မကြာခဏ ဝင်ပုန်းခဲ့ရသည်။ ခင်ပွန်းဖြစ်သူမှာလည်း PDF တပ်ဖွဲ့ဝင် ဖြစ်သည့်အတွက် သူ၏ နံဘေးတွင် အမြဲတစေ မရှိနိုင်ခဲ့ချေ။
သွေးတိုး၊ ဆီးချိုရောဂါအခံရှိသည့် ၎င်းကိုယ်ဝန်သည်မှာ ကလေးမီးဖွားချိန်တွင် ကိုယ်ဝန်ဆိပ် တက်နေသည့်အတွက် မယုတစ်ယောက်တည်း ခက်ခက်ခဲခဲ မွေးဖွား ပေးခဲ့ရသည်။
“အရင်နှစ်ယောက်ကို မွေးပေးတုန်းကလည်း ကြုံတွေ့ထားတာဆိုတော့ ဘုရားစာ တွေတော့ ရွတ်တယ်။ ဒီကလေးကို ဆေးရုံကလည်း ခွဲမွေးရမယ်လို့ လမ်းညွှန်ထားတာ။ ကလေးအမေကလည်း သွေးလည်း တိုးတယ်ဆိုတော့လေ။ သွေးဆောင့်တိုးလိုက်ရင် တစ်ချက်တည်းပါသွားမှာလေ။ လမ်းပန်းဆက်သွယ်ရေးရော ကားရော အဆင် မပြေတော့ ကျွန်မကို အပ်တယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မခေါင်းပေါ် ရောက်လာတာပေါ့” ဟု မယုက ပြန်လည်ပြောပြသည်။
ကလေးနှင့်မိခင်ကို စေတနာအရင်းခံဖြင့် မွေးဖွားပြုစုပေးချင်သည့် CDM သူနာပြုဆရာမ မယု၏ မေတ္တာရောင်ပြန်ဟပ်သည်ဟု ဆိုရပေမည်။
“ကလေးရော မိခင်ကိုပါ အောင်အောင်မြင်မြင်ပဲ မွေးဖွားပေးနိုင်ခဲ့တယ်” ဟု သားဖွားဆရာမ မယုက ပြောသည်။
သူနာပြုဘဝမှ သားဖွားဆရာမအဖြစ် အသွင်ပြောင်းခဲ့ရသည် CDM သူနာပြု ဆရာမလေး မယုအတွက် အောင်မြင်မှုများရှိသလို ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် များကိုလည်း ရှောင်လွဲ မရနိုင်ခဲ့ပါ။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာတိုင်း ဆိုင်ကယ်စီးကာ ပြေးခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ ကလေးကိုမူ မယု မကယ်တင်နိုင်ခဲ့ပေ။
“ ဆိုင်ကယ်နဲ့ ပြေးရရှောင်ရတဲ့အခါ လမ်းတွေက မကောင်းတော့ ဆိုင်ကယ် မတော်တဆ လဲတာက တစ်ခါနှစ်ခါမဟုတ်ဘူး။ အဲ့ဒီအခါကျတော့ ကလေးကို အထဲထဲတင် ဖျစ်ညစ်မိပြီးတော့ ထိသွားပုံရပါတယ်။ စမ်းသပ်ကြည့်တော့ ကလေးက မလှုပ်ဘူး။ မလှုပ်တာ သုံးရက်လောက်ရှိပြီ။ ဗိုက်နာနေတာက နှစ်ရက်ပေါ့။ အဲ့ဒီလိုနဲ့ ကလေး အသေကိုပဲ မွေးထုတ်ခဲ့ရတယ်” ဟု မယုက ပြောပြသည်။
စစ်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုယ်ဝန်သည်များ မီးဖွားနိုင်ရန် ဆေးဝါးပစ္စည်းကိရိယာစုံစုံလင်လင် မရှိသည့်အခြေအနေအပြင် ကျန်းမာရေးနှင့်အဟာရ မပြည့်ဝသည့် အဖြစ်အပျက်များက စစ်ကိုင်းတိုင်း တစ်ခုတည်းတွင် သာမက စစ်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်နေသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း ရှိခဲ့သည်။
လူထုကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် CNDN က ကောက်ယူထားသည့် စာရင်းအရ ယမန်နှစ်က ကရင်နီပြည် စစ်ရှောင်စခန်းတချို့တွင် ကိုယ်ဝန်ပျက်ကျသည့် မိခင် ကိုးဦးရှိခဲ့ပြီး အသေမွေးသည် ကလေးငယ်နှင့် မွေးပြီးတစ်လအတွင်း သေဆုံးသွားသည့် ကလေးငယ် ခုနစ်ဦးအထိ ရှိခဲ့သည်။
အမျိုးသမီးအရေးဆောင်ရွက်သူ လူးမူဖိုးက “မိခင်တွေ အဟာရမပြည့်ဝတာနဲ့ ဆေးဝါးရရှိဖို့ လက်လှမ်းမမီတာကြောင့် အသက်အန္တရယ်ဆုံးရှုံးတာတွေ ကြုံနေရတယ်” လို့ ကန္တရဝတီတိုင်းမ် သတင်းဌာနကိုဆိုထားသည်။
ကနီနယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများစုတွင်စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်ထားသည်။ ထို့ကြောင့်ကိုယ်ဝန်ဆောင်သည်၊ ကလေးမိခင်များနှင့်ဒေသခံများမှာ အကူအညီ လိုအပ်လျှင်ပင် ဆက်သွယ် တောင်းခံနိုင်သည့် အခြေအနေနှင့် ဝေးကွာနေပေသည်။
ယခုအခါ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက သာလွန်အင်အားသုံးကာ ကျေးရွာများအား မီးရှို့ခြင်း၊ ဓားစာခံအဖြစ် အသုံးချခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်၍ ဖိနှိပ်လျက်ရှိသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များအပါအဝင် ဒေသခံသိန်းချီသည် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် နေကြရသည်။
မီးခိုး တလူလူလွင့်နေသည့် စစ်ကိုင်းတိုင်း အညာဒေသတွင် လက်နက်ကြီးသံ၊ သေနတ်သံများဖြင့် ဆူညံလျက်ရှိသည်။ နွားလှည်းပေါ်တွင် ငိုယို လိုက်ပါလာသည့် လေးလသားအရွယ် ကလေးငယ်ကိုပွေ့ပိုက်၍ စစ်ရှောင်နေရသည့် အမျိုးသမီးတစ်ဦး ရှိသည်။
ထိုအမျိုးသမီးမှာ ကလေးမီးဖွားပြီးကတည်းက မွေးကင်းစကလေးငယ်ကို ရင်ခွင်ပိုက်ကာ နေရာရွှေ့ပြောင်းရင်း စစ်ရှောင်နေရသည့် အညာသူမ မခင်ခင်ပင် ဖြစ်တော့သည်။
“စစ်ခွေးတွေက တစ်ရွာဝင် တစ်ရွာထွက် ရွာလုံးကျွတ်ကို မီးရှို့နေတာဆိုတော့ တစ်အိမ်နှစ်အိမ်ကျန်ရင်ကို အဲ့အိမ်ကို နောက်ထပ်ပြန် မီးရှို့တာဆိုတော့ ကိုယ့်ရွာပါမလား၊ ပါမလားဆိုပြီးတော့ စိတ်က ပူနေတာ။ ပြန်ရင် နေစရာတောင်ရှိပါ့မလား” ဟု အော်ဟစ်ငိုကြွေးနေသည့် လေးလသားအရွယ် ကလေးငယ်လေးကို ပိုက်ရင်း မခင်ခင်ကပြောသည်။
အရင်က မေတ္တာပို့၊ ပဌာန်းရွတ်ဖြင့် အေးအေးချမ်းချမ်းရှိခဲ့သည့်သူ၏ စိတ်မှာ မီးခိုးငွေ့များ တလူလူလွင့်၍ မီးရှို့ခံထားရသည့် နေအိမ်များကို မြင်ရသည့် အခါ ကြေကွဲဒေါသများဖြင့် ပူလောင်နေခဲ့သည်။
“သူ(ကလေး)ကြီးလာတဲ့ အသက်အရွယ်ရောက်လာရင်၊ သူ့တို့ခေတ်ရောက်တဲ့ အခါကြရင် အခုလိုမျိုး မကြုံရပါစေနဲ့။ အဲ့လိုမရှိစေချင်တော့ဘူး” ဟု ပြောရင်း မခင်ခင်က ငိုယိုနေသည့် သူ၏ကလေးကို ပိုက်ချီကာ ချော့သိပ်နေခဲ့သည်။