DonBosco — မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ် အသွင်ပြောင်းလဲလာပြီးနောက် သတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာလည်း အားကောင်းလာခဲ့ကာ ပြည်တွင်း၌ သတင်းပညာများလည်းကျယ်ပြန့်စွာ သင်ကြားပေးမှု ရှိလာသော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်တွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ ပြန်လည်မှေးမှိန်သွားသလို သတင်းမီဒီယာအချို့၏ လိုင်စင်ပိတ်သိမ်းခံရခြင်းများဖြစ်ပေါ်လာခဲ့သည်။ သို့သော် ယနေ့အင်တာနက်နည်းပညာ၊ ဆိုရှယ်မီဒီယာအားကောင်းနေသည့် ခေတ်တွင် နည်းမျိုးစုံဖြင့် သတင်းဖြန့်ဝေမှုကို တွေ့ရှိရမည်ဖြစ်သည်။ လူအများအင်တာနက်အသုံးပြုနိုင်ပြီဖြစ်သည့်ခေတ်တွင် ထိလွယ်ရှလွယ်၊ အမုန်းစကားများနှင့် သတင်းအချက်အလက်မှားယွင်းမှုများစွာ ပြန့်နှံ့နေသည့်ကာလဖြစ်သည်နည်းတူ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် များစွာပြန့်နှံ့မှုနှုန်းမြန်ဆန်စွာဖြင့် သတင်းစီးဆင်းမှုရှိနေသည်။ သို့သော် သတင်းမှန်ကန်ကြောင်း၊ အချက်အလက်မှန်ကန်ကြောင်း စိစစ်မှု၊ သတင်းအမှားများကို သတင်းမှန်ပြန်လည်ထုတ်ဝေပြီး ပြန်လည်ဖြေရှင်းမှုလည်း များစွာအားနည်းနေသည်။
စစ်ကောင်စီ၏ အာဏာသိမ်းမှုကို တော်လှန်သည့်အတွက် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက “ ကျွန်တော့်အတွေ့အကြုံအရပြောမည်ဆိုရင် သတင်းအမှားဖြန့်မှုဟာ စကစက အရမ်းကြိုက်တဲ့ လက်နက်တစ်ခုဖြစ်တယ်။ တော်လှန်ရေး အင်အားစုဖြစ်တဲ့ မတရားဖမ်းခံတဲ့ နိုင်ငံရေးအကျဉ်းသား/ အချုပ်သားတွေကို သူ့လက်အောက်က သတင်းအမှားကိုသာ နားထောင်ခိုင်းပြီး စိတ်ဓာတ်ကျအောင်လုပ်တယ်။ ထောင်လာဖောက်မည်ဟု သတင်းအမှား လွှင့်ပြီး ထောင်မှာ ဘယ်သူမှ အေးအေးချမ်းချမ်း အိပ်မရအောင်လုပ်ခဲ့တာရှိတယ်။ အဲ့လိုသူတင်းမှားတွေကို ယုံတဲ့သူတချို့ဟာ နောက်ပိုင်းရူးကြောင်ကြောင်တောင် ဖြစ်သွားကြတာကိုယ်တိုင်ကြုံဖူးတယ်” ဟုဆိုသည်။
လက်ရှိကာလတွင်း အမှီခိုကင်းသည့် သတင်းမီဒီယာများ၏ သတင်းရေးသားတင်ဆက်မှုများသည်လည်း သတင်း၏ရည်ရွယ်ချက်များကို ခန့်မှန်းရခက်သည့်အတွက် သတင်းများကို ချင့်ချိန်ယုံကြည်ဖို့ လိုအပ်သကဲ့သို့ သတင်းအမှားများ ဆက်လက်ပြန့်နှံ့နေပါက လူမှုအသိုင်းအဝိုင်းအတွင်း ဆိုးကျိုးပိုမိုဖြစ်စေမည်ကို စိုးရိမ်ကြောင်း သူကပြောသည်။
“ တချို့ချင်းသတင်းမီဒီယာတွေက သူတို့သတင်း ပေ့ချ်တွေမှာ တင်တာ ဘာရည်ရွယ်ချက်လဲတော့ မှန်းရခက်တယ်။ အဲ့ဒီထဲမှာ ကိုယ့်အချင်းချင်းကြား အမုန်းစကားပွားကြတယ် ဆိုတော့ ဒါတွေက စကစအကြိုက်ကို ကိုယ်ကမသိဘဲ လုပ်ပေးနေရတဲ့ သဘောဘဲ။ ဒီလိုသတင်းအမှားဟာ ခုလိုအင်တာနက်လိုင်းပုံမှန်မရတဲ့ ချင်းလိုဒေသတွေမှာဆို အမုန်းပွားရုံမက ကောင်းမွန်စွာ မသုံးသပ်မိရင် သွေးမြေကျတဲ့အထိပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ပြီးတော့ ဒီလို မဟုတ်တဲ့ သတင်းတွေကြောင့် နောင်အချိန် ချင်းအမျိုးသားရေးတည်ဆောင်နိုင်ဖို့ မျှော်လင့်ချက်အလှမ်းဝေးနိုင်ပါတယ်” ဟုပြောသည်။
ချင်းမီဒီယာအဖွဲ့အစည်းတစ်ခု၏ အယ်ဒီတာတစ်ဦးမှလည်း အထောက်အထားခိုင်လုံမှုမရှိသည့် သတင်းများကို အများပြည်သူများမှ ဖတ်ရှုပြီး စိုးရိမ်စိတ်၊ ထိတ်လန့်မှုစသည်များကိုသာ ဖြစ်စေလျှင် သတင်းများအချိန်နှင့်တစ်ပြေးညီတင်ဆက်နိုင်သည့်တိုင် မိမိတို့လူမှုဝန်းကျင်အတွက် အဆိုးကိုသာဦးတည်စေမည်ကို သတိချပ်ရန်အထူးလိုအပ်ကြောင်း၊ ထို့ကြောင့် အများပြည်သူများအား အချိန်နှင့်တစ်ပြေးညီသတင်းများကိုတင်ဆက်ရာတွင် အထောက်အထားခိုင်လုံမှုကို စိစစ်ခြင်း၊ ဓာတ်ပုံများဖော်ပြရာတွင် လူ့ဂုဏ်သိက္ခာကိုလေးစားမှုကို ထည့်သွင်းစဉ်းစားခြင်း၊ အမုန်းစကားနှင့် ထိလွယ်ရှလွယ်ကိစ္စရပ်များကို ပညာသားပါပါဖြင့် တည်းဖြတ်ဖော်ပြရန်အထူးလိုအပ်ကြောင်းနှင့် သတင်းရေးသားသူများနှင့် သတင်းကိုပေ့ချ်တွင်သတင်းဖြန့်ဝေသူများအနေဖြင့် မိမိ၏ အမြင်၊ သုံးသပ်ချက်၊ ခံစားချက်များကို ရှေ့တန်းမထားပဲ ပြည်သူများ သတင်းမှန်သိရှိရေးကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာများအနေဖြင့် သတင်းရယူမှုတွင် မည်သည့်သတင်းမှ လူကိုယ်တိုင် အခင်းဖြစ်ရာ၊ သတင်းဖြစ်ပျက်သည့်နေရာသို့ သတင်းသမားကိုယ်တိုင်သွားရောက်သတင်းယူနိုင်ခြင်းမရှိသဖြင့် အချို့သတင်းများကို မြေပြင်အနေအထား အချက်အလက်မှန်ကန်မှုအတည်ပြုရာတွင် အခက်အခဲဖြစ်ခြင်း၊ သတင်းရေးသားရာတွင် ဖက်လိုက်မှုမရှိစေရန် အထူးအလေးထားသော်လည်း ယခုအခါ သတင်းဌာန၏ သတင်းထုတ်လုပ်မှုများတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ် (သို့) ပြည်သူများကြားဖြစ်ပျက်သည့် သတင်းများတင်ဆက်မှုများတွင် စစ်ကောင်စီ ဖက်သို့ ဆက်သွယ်မေးမြန်းခွင့်ခက်ခဲခြင်းစသည့် စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ရသည်။
ချင်းသတင်းမီဒီယာတစ်ခု၏ အယ်ဒီတာတစ်ဦးဖြစ်သူက “ ထုတ်ပြန်ကြေညာချက်တွေမှာဆိုရင်လည်း ဖြစ်စဉ်နဲ့ အချက်အလက်တွေကို အမုန်းစကားတွေအသုံးပြုပြီး ထုတ်ပြန်ကြတော့ သတင်းသမားအနေနဲ့ သတင်းရေးရာမှာ သတင်းကျင့်ဝတ်နဲ့အညီရေးသားဖို့ အခက်အခဲဖြစ်တာပေါ့။ သူတို့ရေးထားတဲ့ အမုန်းစကားတွေကို ရှောင်တော့ သူတို့ဖက်က မကျေနပ်တာမျိုးတွေရှိတာပေါ့” ဟုပြောသည်။
သတင်းအချက်အလက်မှားများသည် မြေပြင်တွင် ဖြစ်ပျက်သည့် အခြေအနေမှန်ကိုလည်း မသိရှိနိုင်သည့်အတွက် အချက်အလျက်များဖောင်းပွမှုဖြစ်စေပြီး လက်ရှိပဋိပက္ခကြောင့် လူသားမှုစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလိုသူများအနေဖြင့်လည်း အခက်အခဲကြုံတွေ့ရသည်။ စိတ်ခံစားမှုကို အခြေခံပြီး စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် သတင်းမှားများ၊ ခန့်မှန်းသတင်းများကို ဖြန့်ဝေမှုသည်လည်း တစ်ဖက်တွင် ပြည်သူများကို အန္တရယ်ဖြစ်စေသကဲ့သို့ ပြသနာများ ဖြေရှင်းရန်လည်း ပိုမိုခက်ခဲစေမည်ဖြစ်သည်။
၀ါရင် သတင်းစာဆရာအမျိုးသမီးတစ်ဦးက “ စိတ်ခံစားချက်နဲ့ဘယ်ဘက်ကိုတော့ ဘယ်လောက် သတ်လိုက်နိုင်ပီဆိုတာ မျိုးတိုက်ပွဲ အချက်အလက်တွေက စိတ်ဓါတ်စစ်ဆင်ရေးမှာ တဖက်တပ်တွေကို ထိတာမှန်ပေမယ့် မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေကို နီးရာ အန္တရာယ်ပေး အသက်ရန်ရှာတာတွေ ရွာတွေမီးရှို့ဖျက်ဆီးခံရမှုတွေက ပိုတိုးလာနိုင်ပါတယ်။ တဖက်မှာလည်း တဖက်နဲ့တဖက် အမုန်းတွေပြန့်နေတဲ့အတွက် လက်ရှိ ပဋိပက္ခ ပြသနာတွေကိုဖြေရှင်းညှိနှိုင်းဖို့ဆိုတာ အများကြီး ခက်ခဲလာနိုင်ပါတယ်” ဟုသုံးသပ်သည်။
လက်ရှိအချိန်တွင် ယခင်က ပြည်သူများသတင်းမှန်ပုံမှန်စီးဆင်းရေးနှင့် ကျင့်ဝတ်နှင့်အညီ သတင်းသမားများအနေဖြင့်လည်း လုံခြုံရေးအရ လွတ်လွတ်လပ်လပ် သတင်းယူခွင့်မရှိတော့သကဲ့သို့ မြေပြင်သို့ သတင်းယူရန်ခက်ခဲသည့်အတွက် ဖုန်းဖြင့် သတင်းမေးမြန်းမှုအတွက်လည်း မလုံခြုံသည့်အခြေအနေဖြစ်လာသည်။
ချင်းသတင်းဌာနမှ ၀ါရင်သတင်းသတင်းသမားဖြစ်သူ တစ်ဦးက “ အဓိကတော့ ကိုယ့်ရဲ့လုံခြုံရေးရယ် သတင်းရင်းမြစ်တွေရဲ့လုံခြုံရေးက စိုးရိမ်ရဲတဲ့အခြေနေ မှာရှိနေတယ်လေ။ ဒါကြောင့် သတင်းရင်းမြစ်တွေကလည်း အရင်ကလို ပြောဆိုဖို့အဆင်မပြေတာတွေရှိတယ်။ နောက်တစ်ခုကတော့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်းတွေလည်းပိတ်ထားတာလချီရှိနေပြီဖြစ်သလို ဖုန်းလိုင်းတွေက လည်း ပိတ်လိုက် ဖွင့်လိုက်နဲ့ သတင်းလိုက်တဲ့အပိုင်းမှာ အတော်လေးကိုအဆင်ပြေမနေဘူး။ ပြီးတော့ ဖုန်းနဲ့သတင်း လိုက်ရတဲ့အခါမှာ ကိုယ့်ဖုန်းကို ခိုးနားထောင်ပြီး ကိုယ့်ကိုနောက်ယောင်ခံလာမလား ဆိုတဲ့ စိုးရိမ်မှုတွေကလည်းရှိပြန်တယ်” ဟုပြောသည်။
လက်ရှိကာလတွင် သတင်းအမှားများ၊ ၀ါဒဖြန့်သတင်းများစွာ ပြန့်နှံ့နေသည့်အတွက် သတင်းအချက်အလက်မှားယွင်းမှုသည် ပြည်သူဖက်သို့ ဒုက္ခရောက်နိုင်သည့်အတွက် ဆိုရှယ်မီဒီယာတွင် တွေ့ရှိသည့် သတင်းများအချို့သည် ခေတ္တအတွက် စိတ်ဖြေစေမှု ရရှိနိုင်သည့် သတင်းများဖြစ်စေကာမူ ရေရှည်တွင် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်သည့်အတွက် သတိထားရန်လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
သူက “ တွေ့သမျှသတင်းတွေကို အမှားအမှန်အတိအကျမသိဘဲ ကိုယ့်စိတ်ခံစားချက်တွေနဲ့ ရောပြီး ထပ်ဆင့်ဖြန့်တာ၊ ကော့မန့်တွေဝင်ရေးတာတွေကို မလုပ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ လုပ်သူအတွက် ခဏတာစိတ်ဖြေစေနိုင်ပါတယ်။ ဒါပေမဲ့အကျိုးဆက်ဟာ အမုန်းပွားစေနိုင်သလို၊ သွေးမြေကျစေနိုင်ပြီး လူ့အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါတွေဟာ ဥပမာတောင်ပေးစာရင်မလိုဘူး၊ သတင်းပေါက်ကြားမှုက အဖမ်းခံသူဘယ်နှစ်ယောက်ရှိပြီလဲ။ သတင်းမှားကြောင့်အပြင်မှာအချင်းချင်းခိုက်ရန်ဖြစ်တာတွေ ဘယ်လောက်ရှိနေပြီလဲ။ ပေါ့ပေါ့လဲဝင်ဆဲလိုက်မိတဲ့ ကော့မန့်ဟာ ယနေ့တော်လှန်ရေးအတွက် ဘယ်လောက်အတားအဆီးဖြစ်နေသလိုဆိုတာကို သိထားပြီးသာမို့ ကိုယ်တိုင်က စပြီး သတိထားဖို့နှင့် မိတ်ဆွေတွေကိုလည်း မလုပ်ဖို့တားတာမျိုးတွေ လူတိုင်းက လုပ်ဖို့လိုတယ်” ဟုဆိုသည်။
ဆိုရှယ်မီဒီယာတွင် တက်လာသည့် သတင်းများနှင့်ပတ်သက်ပြီး သတင်းအချက်အလက် မှန်ကန်မှုရှိမရှိ ပြည်သူများအနေဖြင့် သိရှိနိုင်ရန် မလွယ်ကူသော်လည်း သတင်းဖတ်သူမှ အသေအချာစဉ်းစားကာ နီးစပ်ရာ မြေပြင်တွင် ရှိသူများကို မေးမြန်းမှုမျိုးအထိ လုပ်သင့်ကြောင်း သတင်းဌာနတစ်ခု၏ ရေးသားချက်တစ်ခုကိုသာ မယုံကြည်ပဲ သတင်းဌာနကြီး သုံးလေးခုမှ သတင်းများကို တိုက်ဆိုင်စစ်ဆေးဖတ်ရှုသင့်ကြောင်း ၀ါရင့်သတင်းစာဆရာတစ်ဦးက ပြောသည်။
နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်ကာလအတွင်း ပဋိပက္ခပေါင်းစုံကြား သတင်းမှားများ ဖြန့်ချိသည့် ဆိုရှယ်မီဒီယာပေ့ချ်များ၊ တော်လှန်ရေးအင်အားစုကို အခြေပြုသည့် ပေ့ချ်များ၊ ကိုယ်ကျိုးရှာပြီး သတင်းမှားမှန်စိစစ်မှုမရှိပဲ သတင်းများကူးယူဖော်ပြသည့်ပေ့ချ်များ၊ အမုန်းစကားများနှင့့် သွေးထိုးလှို့ဆော်မှုများကိုအလေးပေးသည့်ပေ့ချ်များ၊ ၀ါဒါဖြန့်ချိမှုအတွက်သီးသန့်ထောင်ထားသည့်ပေ့ချ်များစွာ ရှိလာသည့်အတွက် သတင်းဖတ်သူပြည်သူများအနေဖြင့် ချင့်ချိန်ယုံကြည်ကာ ပြသနာများပိုမိုဆိုးရွားမှုကို ဦးမတည်စေရန် သတင်းမှားယွင်းကြောင်းပြန်ဖော်ပြခြင်း၊ ယုံကြည်သင့်မယုံကြည်သင့်သည့် သတင်းဌာနအမည်ခံ ပေ့ချ်များကို ဖော်ထုတ်ခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုလည်း များစွာအရေးကြီးနေပါသည်။