ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ MyTel ဖုန်းတာဝါတိုင် တစ်တိုင် အောက် တိုဘာလ ၁၂ ရက်နေ့ည ၈ နာရီအချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။
ကန်ကြီးထောင့်မြို့နယ် အစုကြီးကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် MyTel ဖုန်းတာဝါတိုင် အောက်ခြေရှိ စက်၊ ထရန်ဖော်မာနှင့် ဝိုင်ဖိုင်ပုံးတို့ ပျက်စီးသွားသည်ဟု ပုသိမ်မြို့အခြေစိုက် MyTel ဖုန်းဆက်သွယ်ရေးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။
"အဲ့ တာဝါတိုင်က ကျနော်တို့ MyTel တစ်ခုတည်းချိတ်တဲ့ တာဝါတိုင်မဟုတ်ဘူး တခြား ဖုန်းအော်ပရေတာတွေလည်း ချိတ်ထားတာ" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစုကြီးကျေးရွာအနီးက အခြားသောကျေးရွာများတွင် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း အောက်တိုဘာ ၁၃ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရသူ မရှိသေးဘူးဟု ဒေသခံအချို့က ပြောသည်။
ထိုဖုန်းတာဝါတိုင် ဖောက်ခွဲမှုနှင့်ပတ်သက်၍ မြစ်ဝကျွန်းပေါ် ပြောက်ကျားတော်လှန်ရေးတပ်ပေါင်းစုနှင့် ဧရာ ၁၄ အဖွဲ့က ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းအတွင်း၌ MyTel ဖုန်းတာဝါတိုင်များကို ဒေသခံ PDF များက ပစ်မှတ်ထား မိုင်းခွဲဖျက်ဆီးနေသော်လည်း ဝန်ထမ်းများမရှိသည့် အချိန်ကို ရွေးချယ်ဖောက်ခွဲခြင်းဖြစ်၍ လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြပြောက်ကျားများက စစ်ကောင်စီ၏ MyTel ဖုန်းတာဝါတိုင် ၆ တိုင်ကို မိုင်းခွဲဖျက်ခဲ့ပြီးဖြစ်ကြောင်း ပုသိမ် ပြောက်ကျားတပ်ဖွဲ့ PSTF ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းမှ ယခု အောက်တိုဘာလ ဒုတိယအပတ်အထိ MyTel ဖုန်းတာဝါတိုင်ပေါင်း ၁၂၀ ကျော် ဖျက်ဆီးခံထားရပြီး တာဝါတိုင်တစ်တိုင်၏တန်ဖိုးသည် အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ ခန့်မှ ၂၅၀၀ ခန့်အထိရှိနိုင်ပြီး တစ်လအတွင်း ငွေကျပ် ဘီလီယံ ၂၀ ခန့်အထိ စစ်ကောင်စီက ထိခိုက်ဆုံးရှုံးနိုင်သည်ဟု ဖုန်းတာဝါတိုင် ကန်ထရိုက်လုပ်ဖူးသူအချို့က ပြောဆိုထားသည်။