ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝချင်းလူငယ် (၅) ဦးအနက် တစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြန်လွတ်မြောက်လာကြောင်းသိရသည်။
“မနေ့က ပြန်လွတ်ပေးတယ်၊ ဦးရာကျော် တစ်ယောက်ပဲလွတ်သေးတယ်၊ သူက ပရဟိတလုပ်ငန်း တွေကို လုပ်နေပြီးတော့ ဒီအမှုမှာက ပါဝင်ပက်သက်မှုတွေလည်းမရှိပါဘူး၊ ဘာသာရေးခေါင်း ဆောင်တယောက်အနေနဲ့ရော နောက်ပြီး လူမှုဖွံ့ဖြိုးရေး ပရဟိတလုပ်ငန်းတွေကို လုပ်နေတဲ့သူ တယောက်အဖြစ် ပြန်ပြီးတော့ ထောက်ခံပြီးတော့လွတ်ပေးတာ။ သူကတော့ ကျန်းမာရေးကောင်း ပါတယ်။” ဟု ၎င်းနှင့်နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။
အဆိုပါ ပြန်လွတ်မြောက်လာသူ ဦးရာကျော်မှာ ပလက်ဝမြို့တွင် အဂ္ဂါပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မှ ဒါရိုက်တာ တစ်ဦးဖြစ်ပြီး တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လွတ် မြောက်လာခြင်းဖြစ်သည်။
ပလက်ဝမြို့က ချင်းလူငယ် (၅) ဦးကို ၅၀၅ (က) ဖြင့်အမှုဖွင့်ခံရပြီး ဦးရာကျော် တစ်ဦးသာ ပြန်လွတ် မြောက်လာသေးသောကြောင့် အပြည့်အဝပျှော်ရွှင်မှု မရှိသေးကြောင်းနှင့် ကျန် (၄) ဦးကို်လည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်းဆိုထား ကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။
“ကိုယ်ကတော့ ၅ယောက်ထဲမှာ ၁ယောက်ပဲ ပြန်လွတ်သေးတော့ တအားတော့ ပျှော်ရွှင်မှုမရှိပါဘူး၊ ကျန်တဲ့ သူတို့အတွက်ကိုတော့ စိတ်မကောင်းသေးဘူး၊ ကျန်တဲ့သူတွေလည်း ရင်ဆိုင်နေရသေးတော့ အဆင်ပြေမှာပါကောင်းမှာပါဆိုပြီးတော့ ထွက်တော့ထွက်တာပေါ့ဒါပေမယ့် ဘယ်လိုမျိုး ဘယ်လို ဖြစ်မလဲဆိုတာက လူကကြိုတင်ပြီးတော့မပြောနိုင်တော့ မသိနိုင်ဘူးလေ” ဟု ပလက်ဝမြို့ဒေ သခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ပလက်ဝတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဦးရာကျော်၊ ကိုအိုက်မင်း (အဆိုတော်)၊ ကိုအိုက်ထွန်းမင်း၊(ကုမ္ပဏီ)၊ ကိုအိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အားလူးတို့ကို စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှုငွေကောက်ခံသည့် ကိစ္စနှင့်ပက်သက်၍ ပုဒ်မ ၅၀၅(က) ဖြင့်အမှုဖွင့်ခံရခြင်းဖြစ်သည်။