ဆောင်းပါးရှင်- သဒ္ဒါမန်
နေရာက... မွန်ပြည်နယ်ရဲ့ တောင်ဘက် အကျဆုံး နဲ့ ပြည်နယ်ရဲ့ စီးပွားရေး အဖွံ့ဖြိုးဆုံးမြို့ငယ်လေး တစ်မြို့၊ အချိန်ကား.. ၁၉၈၈ သြဂုတ်လ (၈) ရက်နေ့၊ မြို့လယ်ရှိ ရွှေဆံတော်ဘုရား ရင်ပြင်ပေါ်မှာတော့ ဒီမိုကရေစီရရှိရေး ဆန္ဒပြလူအုပ်ကြီးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဘုရားရင်ပြင်ရှေ့ ဘောလုံးကွင်းတကွင်းစာ ကွက်လပ်ရှေ့မှာလည်း ဆန္ဒပြလူအုပ်ကြီးက ကြက်ပျံမကျ၊ လမ်းမကြီးအပေါ်၊ လမ်းကျဉ်းထဲ၊ အိမ်ပြတင်းပေါက်မှာလည်း အားပေးသူ၊ ဆန္ဒပြလူအုပ်ကြီးတွေ။ မြို့ရဲ့နယ်စုံက တက်လာကြတဲ့ အလွှာစုံ၊ လူတန်းစားအစုံ၊ လူမျိုးစုံ မြို့နယ်လုံးကျွှတ် လူအုပ်ကြီးဟာ မနက်အစောကြီး မြို့ကိုပတ်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြကြွေးကြော်ခဲ့ကြပြီး စုရပ်အဖြစ် မြို့လယ်ရှိ ရွှေဆံတော်ဘုရား ရင်ပြင်မှာ လာရောက်စုရုံးနေကြတာပါ။
ရေးမြို့လယ်က ရွှေဆံတော်ဘုရားပုံ ရေးမြို့လယ်က ယာယီပြုလုပ်ထားခဲ့တဲ့ တရားဟောစင်မြင့်ထက်မှာတော့ တရားဟောတဲ့သူကဟော၊ သဘောကျ စရာ ကြားရင် လက်ခုပ် တီးပြီး အားပေး ထောက်ခံသူက ထောက်ခံနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ဆန္ဒပြ ထုတ်ဖော်ပွဲကတော့ စည်းကားလို့နေပါတော့တယ်။ "နေဝင်းအစိုးရ အလိုမရှိ " "ဆိုရှယ်လစ်၊ ဆိုရှယ်လစ်"" သူလစ်၊ ငါလစ်…တိုင်းပြည်ပျက်" ဟူသော အဲဒီ အချိန်တုန်းက ဆန္ဒပြလူထုကြီးရဲ့ ထပ်ခါထပ်ခါ ကြွေးကြော်သံကို ပြန်စဉ်းစားသုံးသပ်ရင် အဖြေက ရှင်းရှင်းလေးရယ်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ (မဆလ) စစ်အဏာရှင်အစိုးရရဲ့ အာဏာရှင်ဆန်ဆန် တိုင်းသူပြည်သားအပေါ် မတရားအနိုင်ကျင့်အုပ်ချုပ်မှု၊ အထက်အောက်အဆင့်ဆင့်ရဲ့ အကျင့်ပျက်ခြစားမှု၊ စီးပွားရေးစီမံခန့် ခွဲမှုညံ့ဖျင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကျပ်ငွေ စက္ကူရဲ့ တန်ဖိုး ဖောင်းပွ လာကာ၊ ငွေစက္ကူ အတု နှိမ်နှင်းရေး အကြောင်းပြချက်နဲ့ မိမိတို့ကိုယ်တိုင် တရားဝင် ထုတ်ထားတဲ့ တရားဝင် ငွေစက္ကူကို ပြန်လည် လဲလှယ်မှု မပေးပဲနဲ့ တရားမဝင် ငွေစက္ကူအဖြစ်...တိုင်းသူ ပြည်သားတွေကို ကြေငြာ လိုက်သောအခါ၊ တပြည်လုံးရှိ နိုင်ငံသူ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့မကျေနပ်မှု၊ ရန်ကုန်မြို့ရှိ မြေနီကုန်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ တက္ကသိုလ် ကျောင်းသားများနဲ့ အာဏာပိုင် သားသမီး အရပ်သားတို့ရဲ့ ရန်ပွဲကနေ ကျောင်းသား ထုကြီးရဲ့ စစ်အာဏာရှင် အပေါ် မကျေနပ်မှု..... အစရှိတဲ့ ကျောင်းသားနဲ့ပြည်သူ မကျေနပ်မှု နှစ်ခုပေါင်းစပ် လာတဲ့အခါ ...၈၈.... အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရပါတယ်။
အဲဒီ အချိန်တုန်းက အများစုသော ဆန္ဒပြ လူထုကြီးဟာ တစ်ယောက်ကို တစ်ယောက် ဒီမို ကရေစီ ဆိုတာ ဘာလဲလို့ တစ်ယောက်က မေးလာရင် တစ်ယောက်က" ဒီမိုကရေစီ ဆိုတာ..ဒီမိုးတွေကြောင့် ဒီရေတွေ စီးနေကြတာ" ဆိုပြီး အနီးနားက စီးဆင်း နေတဲ့ မြစ်ရေကို လက်ညှိးထိုးပြီး အမေးအတွက် အဖြေပေး လိုက်သလို အခြား တစ်ယောက်က " ဒီမို ကရေစီဆိုတာ ဆို ၊ က ၊ ရေး၊ တီး ဆိုကရေတီး ပေါ့ကွာလို့" သူဖတ်ဖူးတဲ့ ကြားဖူးတဲ့ ဂရိ အတွေးအခေါ် ပညာရှင်ရဲ့ နာမည်ကို ပြောချလိုက်တာပါပဲ။
ဒီလိုနဲ့ ... လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် မြန်မာ တပြည်လုံး လူထု အုံကြွမှု အရှိန် ကောင်းလာတော့ ဗိုလ်နေဝင်းလည်း မတတ်သာတော့တဲ့အဆုံး၊ လူယုံတော် ဗိုလ်စိန်လွန်ကို သမ္မတ တင်လိုက် ပါတော့တယ်။ ဒီပုပ်ထဲက ဒီပဲမို့ ၊ လူထူကြီးကလည်း မငြိမ်၊ လက်မခံ "စိန်လွန်ခြောက်တန်း၊ တစောက်ကန်း ``ဘဲဥတလုံး တကျပ်ခွဲ၊ စိန်လွင်ခေါင်းကိုခွဲ "အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဒီမိုကရေစီရရှိရေးအတွက် လူထု အုံကြွမှုက အရှိန်ကောင်းလို့နေခဲ့ပါတယ်၊ ဗိုလ်စိန်လွင် ကလည်း အရှံးမပေး မိမိခေါင်းကို ဘဲဥနဲ့ လာရိုက်ခွဲဖို့ ကြိုးစားနေကြတဲ့ လူထုကြီးကို ဂျာမာန်ထုတ် ဂျီသရီး ကျည်တောက်တွေနဲ့ ပြန်တုန့်ပြန်လိုက်တော့ ကျောင်းသူ၊ ကျောင်းသား တို့ရဲ့ သွေးတွေ၊ ပြည်သူတို့ရဲ့ သွေးတွေ ကလမ်းမပေါ် စီးဆင်ခဲ့ရတယ်။
ဒါပေမဲ့ ... လူထုကမကြောက်၊ ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုက အရှိန်ကောင်းလာသောအခါ သမ္မတ ဦးစိန်လွင်ကို ဖယ်ရှားပြီး၊ ဒေါက်တာ မောင်မောင်ကို သမ္မတအဖြစ် ဆက်တင်မြှောက်လိုက်ပြန်ပါတယ်။ သမ္မတဖြစ်လာတဲ့ ဒေါက်တာ မောင်မောင်ကလည်း ဆန္ဒတွေ သိပ်မစောကြပါနဲ. "တစ်ပါတီစနစ်လား၊ ပါတီစုံစနစ် လား" ဆိုတဲ့ ခပ်ပျော့ပျော့ စကားလေသံတွေဖြင့် ဆန္ဒပြလူထုကြီးကို အချိန်ဆွဲစည်းရုံးနေခဲ့ပါသည်။ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးကို ဦးတည် လိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်တဲ့ စစ်အုပ်စုက ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၉) ရက်မှာ တိုင်းပြည်ရဲ့ အာဏာ အရပ်ရပ်ကို သိမ်းယူ လိုက်ပါတော့တယ်။ တိုင်းပြည်ရဲ့ အာဏာ အရပ်ရပ်ကို စစ်တပ်မှ သိမ်းယူ လိုက်ပြီးသောအခါ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ယုံကြည်တဲ့ကျောင်းသူ ကျောင်းသား ပြည်သူ၊ ပြည်သားများ နဲ့အာဏာသိမ်း စစ်အစိုးရ ဖမ်းဆီးနှိပ်စက်မှုကနေ လွတ်မြောက်ဖို့အတွက် ထောင်သောင်းချီသော ကျောင်းသား မိဘပြည်သူတို့ဟာ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများထံ ဝင်ရောက် ခိုလှုံခဲ့ကြတာပါ။
ပြည်တွင်းမှာ ကျန်ရစ် နေခဲ့တဲ့ (၈၈၈၈) လေးလုံး အရေးအခင်း ကာလက ရာထောင်ချီတဲ့ တက်ကြွ လှုပ်ရှားခဲ့သူ ကျောင်းသား ပြည်သူ အများစုတို့မှ တချို့ကတော့ နဝတ စစ်အစိုးရ လိုက်လံ ဖမ်းဆီးမှုကို လှို့ဝှက်စွာ ပုန်းအောင်း နေထိုင် ခဲ့ရသလို တချို့မှာ ဖမ်းဆီး ခံရပြီးနောက် ထောင်ကျ၊ တချို့မှာ ထောင်၌ပင် ဘဝ ဆုံးခဲ့ကြရပါတယ်။ သို့သော် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှု ကတော့ ငြိမ်မသွားခဲ့ပါ။
နေရာကတော့…ရာမညဌာနေတက္ကသိုလ် နယ်မြေ၊ အနာဂတ်ကြယ်တို့ လင်းလက် တောက်ပရာနေရာ။ အချိန်ကား ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့။ ဒီဇင်ဘာ မနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည် အောက်မှာ ကြည်လင်တောက်ပ အေးမြတဲ့ အပြုံး ကိုယ်စီနဲ့ စာသင်ခန်း ၀င်ကြမဲ့သူတွေ၊ ကံ့ကော်ပင် တန်းအောက်ကင်တင်းမှာ ၀ိုင်းဖွဲ့ ကော်ဖီ သောက်နေကြတဲ့ သူတွေနဲ့ တက္ကသိုလ် ရဲ့ နံနက်ခင်းက လှပလို့ နေခဲ့ပါတယ်။ ပင်မ စာသင်ဆောင်ရဲ့ အရှေ့က သုံးပင်လိမ် အောင်သပြေ အဝိုင်း (ယခု ရွှေဟင်္သာ မောင်နှံအဝိုင်း) မှာတော့ ကျောင်းသား အယောက် ၂၀ ၀န်းကျင်လောက်ဟာ………
၁။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးလွှတ်ပေးရေး။
၂။ ကိုမင်းကိုနိုင်၊ မင်းဇေယျာ အပါအဝင် အဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များ အားလုံး လွှတ်ပေးရေး။
၃။ ကျောင်းသားသမဂ္ဂအား တရားဝင်ပြန်လည် ဖွဲ့စည်းပေးရေး။
၄။ (၉၀) အထွေထွေ ရွေးကောက်ပွဲရဲ့ တရားဝင် ရလာဒ်ကို အကောင်အထည် ဖော်ပေးရေး။
၅။ ယခုလက်ရှိ တက်ရောက် သင်ကြားနေရတဲ့ (၆ ) လ တနှစ်အတန်း တက်ပုံစံကို ပယ်ဖျက်ပြီး ယခင်တနှစ်တတန်း ပုံစံအတိုင်း ပြန်လည်ဖော်ဆောင်ပေးရန်။
၆။ ကျောင်းသူကျောင်းသားများ၊ ကျောင်းသွားကျောင်းပြန် လွယ်ကူချောမွေ့စေရန် (၇ ) လိုင်းကားအစား ခေတ်မှီသောလိုင်းကား အစားထိုးစီစဉ်ပေးရန်။
၇။ ကျောင်းတွင်း လက်တွေ့စမ်းသပ်ပစ္စည်း ကိရိယာ အလုံအလောက် ဖြည့်ဆည်းပေးရန်။
အစရှိတဲ့ တောင်းဆိုချက်ပါ အချက် (၇)ချက်ဖြင့်…“ဒီမိုကရေစီရရှိရေး၊ဒို့အရေး” “အရေးတော်ပုံ၊ အောင်ရမည်’’ ဟူ၍ ကြွေးကြော်သံတွေနဲ့ စတင် ဆန္ဒပြကြပါတော့တယ်။
မနက် (၈) နာရီ ၀န်းကျင်လောက်က ကျောင်းသားအယောက် (၂၀) ခန့်နဲ့ စခဲ့တဲ့ အဲဒီဆန္ဒပြ ပွဲဟာ နောက်ထပ် (၁၅) မိနစ် လောက်ကြာလာတော့ ဆန္ဒပြ ကျောင်းသား ဦးရေဟာ (၃) ရာ (၄) ရာလောက် ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီ ရရှိရေး ကြွေးကြော်သံ တွေကတော့ အားလုံးရဲ့ ရင်ထဲက လာခဲ့တာမို့အားမာန်ကတော့ အပြည့်၊ စစ်မှန်တဲ့ မြန်မာပြည် ဒီမိုကရေစီ ကျောက်တိုင် တတိုင် အတွက် သဲတပွင့်အနေဖြင့် ပါ၀င်နေကြတာမို့ရေဆာရမှန်းမသိ၊ သုံးပင်လိမ်အောင် သပြေအဝိုင်းငယ်ကို တရားဟော စင်မြင့်အဖြစ် မိမိတို့ရဲ့ မကျေနပ်ချက်၊ လိုအပ် ချက်ကို တယောက်တက် တယောက်ဆင်း စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး တရားပွဲက တော့ အားပေးထောက်ခံ လက်ခုပ်သံတွေနဲ့ အထူးပင်စည်ကား ခဲ့ပါတယ်။
နယ်စုံက ဤနေရာလေးမှာ လာပြီး အလွှာစုံ၊ လူမျိုးစုံ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ထားဝယ်၊ မြိတ်၊ ကရင်၊ ပအို့ဝ် အစရှိသော တိုင်းရင်းသားပေါင်းစုံ အနာဂတ် ကြယ်တို့ရဲ့ တူ ညီတဲ့ တခုတည်းသော ရည်ရွယ်ချက်က “စစ်အာဏာရှင် စနစ်ကျ ဆုံး ရေးပါပဲ၊ ဒီမိုကရေစီ ဟူ သော ဝေါဟာရကိုလည်း သိနှင့်ခဲ့ကြပြီးမို့ တယောက်ကို တယောက် ဒီမိုကရေစီ ဆိုတာ ဘာလဲလို့ မမေး ကြ၊ ရေစုန်မှာ လှေကြုံစီးကြမဲ့ လူတွေ မဟုတ်ပြန်တော့လည်း မွန်နဲ့ဗမာ၊ ရခိုင်နဲ့ဗမာ၊ ရှမ်းနဲ့ဗမာ မခွဲခြား၊ ဗမာတိုင်းရင်းသား အပါအဝင် တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ အခြေခံအခွင့် အရေးအတွက် ဖိနှိပ်သူ စစ်အာဏာရှင်ကို စည်းလုံး ညီညွတ်စွာ တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။
နေမြင့်လေ ဆန္ဒပြပွဲက အရှိန်ကောင်းလေ၊ ကျောင်းသားထု အင်အား ကလည်း ပိုပို တိုးလာခဲ့ တယ်။ ဒီဇင်ဘာလရဲ့ နေ့လည်ခင်း နေရောင်ခြည်က အပူသား၊ ပူပြင်းတဲ့ နေရောင်အောက် မှာ ကျောင်းသားထုတို့ရဲ့ ချွေးတွေက တရွဲရွဲ။ ပင်မစာ သင်ဆောင်ရဲ့ တခါးကတော့ ပိတ်လို့ ထားဆဲ၊ ဘာကြောင့် ရယ်မှန်းမသိ၊ စစ်ထောက်လှမ်းရေး တယောက် ပင်မစာသင်ဆောင် ရဲ့ အခန်းတခန်း ပြတင်းပေါက်ကနေ မှတ်တမ်းတင် ဗွီဒီယို လှမ်းရိုက် နေတာကို ကျောင်းသားထု တွေ မြင်သွားလို့ ဆန္ဒပြ ကျောင်းသားတွေနဲ့ပြသာနာဖြစ်ခဲ့သေးတယ်။ မြို့ခံကျောင်းသားတယောက်ရဲ့ ဆိုင်ကယ် ကျေးဇူးကြောင့် လွတ်မြောက် သွားခဲ့တယ်။
ဆန္ဒပြပွဲ အရှိန်ကောင်းလာတော့ တပည့်တို့ရဲ့ ဇွဲ၊ သတ္တိကို အသိမှတ်ပြုတယ် ထင်ပါ တယ်၊ မွန်းလွဲ တစ်နာရီ ကျော်ကျော် လောက်မှာ ပါမောက္ခချုပ် ကိုယ်တိုင် ပိတ်ထားတဲ့ ပင်မစာ သင်ဆောင်ကို ဖွင့်ပြီးကျောင်းသား လှုပ်ရှားမှုရဲ့ တာဝန်ခံတချို့တွေနဲ့စာသင်ဆောင် အဝင်ဝမှာ ဆွေးနွေးနေကြပါတယ်။ အဲဒီအချိန်မှာပဲ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ကျောင်းသား တစ်ယောက်ဆီက သတင်းဆိုးလေးကြားရပါတယ်၊ “ ကျောင်းဝင်းတခုလုံးရဲ့ အဝင်အထွက်တခါး အားလုံးကို ပိတ်လိုက်ပြီး မုဒုံမြို့နယ်က တက်လာတဲ့ ကျောင်းကားကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကလမ်းမှာတားပြီး ပြန် လွှတ်၊ မြို့ရဲ့ အချက်ချာကျတဲ့ လမ်းဆုံလမ်းခွမှာ စစ်တပ်က လုံခြုံရေး ချထားလိုက်ပြီး၊ မြို့တွင်းကလာမဲ့ လိုင်းကားကိုလည်း ပိတ်ထားလိုက်ပြီ ဟူသော သတင်း ဆိုးကြီး ရောက်လာ ပါတော့တယ်၊
ဘာမှလည်း မတတ်နိုင်တော့ အစက ရည်ရွယ်ထားခဲ့ကြတဲ့ ကျောင်းဝင်းထဲက ကျောင်းသား လူထုတွေ၊ အဆောင်နေ ကျောင်းသား လူထုတွေ၊ မုဒုံမြို့နယ်က တက်လာတဲ့ ကျောင်းသား လူထု ရသမျှ အင်အားနဲ့ မြို့ထဲမှာ စောင့်နေမဲ့ မြို့ခံကျောင်း သားတွေနဲ့ စုရပ်မှာ ဆုံပြီးမြို့ကို လှည့် လည်ဆန္ဒပြပြီး ပူးပေါင်း ပါ၀င် လာမဲ့ ပြည်သူတွေနဲ့ “စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် ဆန္ဒပြ ကြဖို့ပါပဲ၊၊ နောက်ဆုံးမှာတော့ အခြေအနေ အရပ်ရပ်ကြောင့်ရယ် ပါမောက္ခ ချုပ်ကြီးနဲ့ တာဝန်ခံကျောင်းသား ခေါင်း ဆောင်တို့ရဲ့ ညှိနှိုင်း ဆွေးနွေး သဘော တူညီချက်အရ မိမိတို့ကျောင်းသားလူထုရဲ့ လိုလားချက် တောင်းဆိုချက်ကို ပါမောက္ခ ချုပ် ကိုယ်တိုင်သက်ဆိုင် ရာ အာဏာပိုင်ဆီ အရောက်ပို့ပေးမည်ဟု ပါမောက္ခချုပ်ဆီက ကတိကို ရရှိခဲ့ပါတယ်။ နောက်ထပ် သဘောတူညီမှု တခုအရ အဆောင်တံခါးတွေ ပိတ်ထားလို့ အပြင်ထွက် ဆန္ဒပြခွင့် မရခဲ့ကြတဲ့ အဆောင် သူတွေ အတွက် မိမိ တို့ရဲ့ တောင်းဆိုချက် (ရ) ချက်ကို သူတို့လေးတွေသိ အောင် သော့ခတ်ထားခဲ့တဲ့ အဆောင်ရှေ့မှာ ပါမောက္ခချုပ် ကိုယ်တိုင် လိုက်လံပြီး ဖတ်ပြဖို့ ဖြစ် ပါတယ်။
သုံးပင်လိမ်အောင် သပြေ အဝိုင်းကနေ နာရီ လက်တံပြောင်း ပြန်လည့်ပတ်ပြီး တဆောင်ချင်းစီ မိမိ တို့ရဲ့ လိုလားချက်ကို သိခွင့်ပေး လိုက်တိုင်းမှာ အဆောင်သူလေးတို့ရဲ့ အားပေး ထောက်ခံ ချက်တွေက စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလား တောင့်တနေ့ကြတဲ့ အဲဒီအချိန်တုန်းက ဗမာတိုင်းရင်းသားအပါအဝင် သန်း (၅၀) နီးပါးသော မြန်မာပြည်သူပြည်သား တိုင်းရင်းသား အားလုံး၏ ဆန္ဒနဲ့ တထပ်ထဲ တသားထဲပါပဲ။ သူတို့ လေးခများ လှောင်ချိုင့်ထဲက ငှက်ပမာ စစ်အစိုးရဲ့ ညစ်ပတ်တဲ့ ညွှန်းကြားချက်အရ ပိတ်နေတဲ့ တခါးရဲ့ အတွင်းဘက်က အဆောင်ရှေ့ ကွက်လပ်မြေနီနီပေါ်ကနေ “ ဒီမိုကရေစီ ရရှိရေး၊ ဒို့အရေး ” “အရေးတော်ပုံ၊ အောင်ရ မည် ” တဲ့။
မွန်းလွဲချိန် (၂) နာရီကျော်ကျော် ထင်ပါတယ်။ အစပြုခဲ့ကြတဲ့ အဲဒီသုံးပင်လိမ်အောင် သပြေ အဝိုင်းမှာပဲ ပင်မစာ သင်ဆောင် အဝင်ဝက မွန်လူမျိုးတို့ရဲ့ အထိမ်းမှတ်သင်္ကေတ ဟင်္သာမောင်နှံအရှေ့မှာပဲ“ဒီမိုကရေစီရရှိရေး၊ ဒို့အရေး ” “အရေးတော်ပုံ၊ အောင်ရမည် ” ဟူသော ကြွေးကြော်သံတွေနဲ့ ဆန္ဒပြပွဲကို အဆုံးသတ် လူစုခွဲလိုက်ပါတော့တယ်။
ညနေခင်းရောက်တော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတို့အတွက် အဲဒီခေတ်စစ်အစိုးရက နေ့စဉ်ကျွေးနေကျ ဆန်နီကြမ်းနဲ့ ပဲပြား ရေပြုတ်ဟင်းကို ဘိုင်ပြတ်ကာလမို့ မြိန်ရေရှက်ရေ စားသောက်နေတုန်း၊ အဏ္ကာဝါဗေဒက ရခိုင် ကျောင်းသား တယောက်မှ “ ခင်ဗျားကို အဆောင်မှူး ဦးဌေးအောင်ကတွေ့ချင်လို့တဲ့” စားလက်စ အဆုံးသတ်ပြီး အဆောင်မှူး အခန်းကို ရောက်သွားတော့ အသင့် ပြင်ဆင် ထားခဲ့တဲ့ ထောက်ခံစာ ရထား လက်မှတ် တစောင်နဲ့အတူ ၀မ်းနည်းပါတယ် တပည့်ရာ အထက် အာဏာပိုင်ရဲ့ ညွှန်းကြားချက်အရ ကျောင်းတော်ကြီး ကတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး အဝတ်အစားသိမ်းပြီး မနက်ဖြန်မင်းပြန်တော့” တဲ့။ “ နောက်ထပ်တစ်ရက်လောက်တော့ နေပါရစေ ဆရာ “ သူငယ်ချင်းတွေကို နှုတ်ဆက်ချင်လို့ပါ ၊ ခွင့်ပန်သော်လည်းမရခဲ့။
နောက်တနေ့ ဒီဇင်ဘာ (၁၄) ရက်မှာတော့.... တနင်္သာရီ ရိုးမတောင်တန်းကြီး အစပြုရာ တောင်ညိုတောင်တန်းနံ ဘေးက ကော့ကရိတ် အဆောင် အခန်းနံပါတ် (၇၁) ကို နှုတ်ဆတ်ပြီး မြေနီလမ်း ကလေး အတိုင်း ကားဂိတ် ရှိရာကို လှမ်းလာခဲ့ပါတော့တယ်၊ ကျောင်းဝင်းထဲကို တော့မဝင် ဖြစ်တော့။ ချိုုလွင်လွင် ရေစီးသံတွေနဲ့နာဂဝံသချောင်းငယ်ရဲ့ လှပသာယာမှုကို နောက်ထပ် မမြင်ချင်တော့၊ ကံ့ကော်ပင်ရိပ် ရဲ့ အေးမြတဲ့ အရိပ်ကို မြင်ရင် ရင်ထဲကနှလုံးသားတွေ ကြေကွဲမှာစိုးလို့၊ အထူးသဖြင့် သူငယ်ချင်းတွေ ဆုံဆည်းနေကျ လိုင်ဘရီလေးကို မြင်မိရင်နောက်ထပ် ၀မ်းနည်းနေရမှာ စိုးလို့ပါ။
သြော်..ရာသီတွေ၊ နှစ်တွေ ဘယ်လောက်ပဲပြောင်းပြောင်း အများစုသော မြန်မာပြည်သူတွေရဲ့ရင်ထဲမှာယနေ့တိုင် ထင်ကျန်နေဆဲ စကားလုံး တချို့ကတော့ ဒီမိုကရေစီပါပဲ။ " ဒီမိုကရေစီ ဟူသော စကားရပ်သည် ရှေးဟောင်း ဂရိစကားလုံး Demos (ပြည်သူလူထု) နဲ့ Katos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသောစနစ်ကို ခေါ်ဆိုသည်။ ရှေးဟောင်း ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါ၀င်ဆောင်ရွက်ခွင့် ရှိခြင်းကို ဆိုလိုတာပါပဲ။