စံပြုထိုက်သူ မေ့လျော့ခံ ဝါရင့်အမျိုးသမီးစစ်သည်

စံပြုထိုက်သူ မေ့လျော့ခံ ဝါရင့်အမျိုးသမီးစစ်သည်

နန်းဖော့ဂေ -  “ငါက စစ်ပဲတိုက်ခဲ့တာ။ ဒါပေမယ့် ငါတို့ စစ်တိုက်ခဲ့တုန်းက လူထုကို အခု ဗမာစစ်တပ် (စစ်ကောင်စီ) လို မသတ်ခဲ့ဘူး။ ငါတို့က ရန်သူကိုပဲ တိုက်တာ” လို့ ကရင်ဘာသာစကားနဲ့ပြောနေသူက ဖက်မိုး၊ ကြမ်းခင်းအိမ်ငယ်လေးပေါ်မှာ ပြုတ်ထားပြီးခါစ မုန့်ဟင်းခါးဖတ်ကို ရေအေးနဲ့ အထပ်ထပ်ဆေးကြောနေတဲ့ အသက် ၆၀ နီးပါးအရွယ် ကရင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာပြင်ပေါ် ဇရာအရေးအကြောင်း နည်းနည်းပေါ်လွင်နေပြီဖြစ်တဲ့ သူမဟာ အခုဆို စစ်မတိုက်ရတော့ဘဲ သမီး၊ မြေးငယ်တို့နဲ့အတူ မိသားစုစားဝတ်နေရေးအတွက် အိမ်ရှေ့ဆိုင်လေးမှာ နေ့စဉ် မုန့်ဟင်းခါးရောင်းနေပါတယ်။ မနက်ကနေ ညနေအထိတော့ အသင့်ပြုတ်ယူနိုင်တဲ့ မုန့်တီဖတ်အခြောက်ကိုပြုတ်ပြီး တစ်ပွဲစာ ပုံထားလိုက်ရင်း ငါးကြင်းနဲ့ချက်ထားတဲ့ မုန့်ဟင်းခါးရည်ကို ငြုပ်သီးလှော်ထောင်းဗူးလေးချထားပြီး မုန့်ဟင်းခါးရောင်းတာနဲ့ တစ်နေ့တာဘ၀ကို ရုန်းကန်သွားနေပါတယ်။

တကယ်တော့ သူမဟာ ကေအဲန်အယ်လ်အေ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း (၂၁) ရဲ့ စစ်သက်တမ်း အနှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်လာခဲ့တဲ့ ဝါရင့်အမျိုးသမီးစစ်သည် နော်မာမာအေးပါ။ ကေအဲန်အယ်လ်အေဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်အောက်ခံ တပ်ဖက်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မဟာ (၇) အောက်က မိခင်တပ်ရင်းရဲ့ တိုက်ခိုက်ရေးပိုင်းမှာပဲ သူမ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လက်ရှိ ကေအဲန်အယ်လ်အေ တပ်ရင်း (၂၁) တပ်ရင်းမှူးကတော့ “နော်မာအေးဟာ ဝါရင့်စစ်သည်ပဲ။ သူ့ကိုယ်ပိုင်နံပါတ်က ကျနော့်ကိုယ်ပိုင်နံပါတ်ထက် ပိုစောတယ်ဆိုတော့ သူဟာ ကျနော့်ထက်ကိုပိုပြီး စီနီယာကျတယ်လေ။ ဆိုတော့ ဒီတပ်ရင်းမှာ သူဟာ ကျနော့်ထက် ဝါရင့်တဲ့သူတစ်ယောက်လို့ပဲ ပြောရမယ်” လို့ ဆိုပါတယ်။

နော်မာမာအေးဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ခင်ပွန်းသည် နာမကျန်းလို့ ဆုံးပါးသွားပြီးတဲ့နောက် သားနှစ်ယောက်နဲ့ သမီးကြီးတို့က သူမထံ ပြန်ရောက်မလာနိုင်ကြပါဘူး။ တတိယနိုင်ငံ ခိုလှုံနေထိုင်ခွင့်အစီအစဉ်နဲ့ အမေရိကန်ရောက်သွားတဲ့ သားကြီးဆီကသာ ရံဖန်ရံခါပို့ပေးလာတဲ့ ငွေကြေးတွေနဲ့ အိမ်ပြင်၊ စျေးရောင်းဖို့ အရင်းအနှီးလုပ်နေရပေမယ့် သားသမီးတွေရဲ့ အခြေအနေတွေကို ကောင်းစွာ နားလည်နေတဲ့သူမဟာ ငြိုငြင်ညီးတွားသံ မပြခဲ့ပါဘူး။

စကားပြောတိုင်း အမြဲပြုံးနေတတ်သူ နော်မာမာအေးက “တပ်ထဲမှာပဲ အလုပ်လုပ်ခဲ့တော့ ခလေးငယ်တုန်းက ခွင့်ယူပြီး လုပ်ဖူးတာဆိုလို့ မုန့်ဟင်းခါးချက်ရောင်းတာပဲ တတ်တယ်လေ။ အခုလည်း ဒီလိုပဲ တတ်တာလေးနဲ့ တစ်နေကုန် ရောင်းနေတာပဲ” လို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးလွန်းတဲ့ တောင်ပေါ်ကျေးရွာလေးမှာ မွေးဖွားလာခဲ့တဲ့ သူမဟာ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးပါးသွားခဲ့ပါတယ်။ မွေးချင်းမောင်နှမတွေထဲမှာလည်း အငယ်ဆုံးဖြစ်ပြီး သူမအသက် ၁၂ နှစ်ကတည်းက ရွာကနေထွက်ခွာပြီး ရန်ကုန်မြို့မှာ ခလေးထိန်းအလုပ်ကို တစ်နှစ်ခွဲကျော် သွားရောက်လုပ်ခဲ့ဖူးတယ်လို့လည်း ပြောပြပါတယ်။

“ကျမ ငယ်ငယ်လေးက အမေဟာ နေမကောင်းဘူး။ ဆေးသွားကုဖို့ကလည်း တော်တော်ဝေးတော့ ဆေးမြီးတိုတွေနဲ့ပဲ ကုပေမယ့် အမေဆုံးသွားခဲ့တယ်။ အမေဆုံးပြီးတော့ ကျမလည်း ရွာကလူတွေနဲ့ ရန်ကုန်လိုက်သွားတယ်။ အိမ်တစ်အိမ်မှာ ခလေးထိန်းတဲ့အလုပ်လုပ်တယ်။ အဲဒီတုန်းက လစာက တစ်လ ၂၅ ကျပ်ရတယ်။ နောက်တော့လည်း မပျော်တော့လို့ ရွာကို ပြန်လာလိုက်တယ်” လို့ ဆိုပါတယ်။

သူမဟာ ရွာပြန်ရောက်လာပြီးနောက်ပိုင်း အသက် ၁၅ နှစ်အရွယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ကြောင်း သူမရဲ့ တော်လှန်ရေးဘ၀ အစပျိုးဝင်ရောက်ချိန်နဲ့ ၁၉၈၂ ခုနှစ်မှာ ပါဝင်ခဲ့ရတဲ့ သူမရဲ့ နောက်ဆုံးတိုက်ပွဲကို အခုလို ပြောပြပါတယ်။

“မိဘတွေလည်းမရှိတော့ဘူး။ မောင်နှမတွေလည်း သူ့ဟာနဲ့သူပဲမို့ ကျမလည်း ရွာထဲကို စည်းရုံးရေးလာဆင်းတဲ့ အမျိုးသမီးစစ်သည်တွေနောက်ကို လိုက်သွားခဲ့တယ်။ စစ်သင်တန်းကိုတော့ တစ်ခေါက်ပဲတက်ခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲကတော့ တစ်ခါမက ခနခန သွားခဲ့ဖူးတယ်။ နောက်ဆုံးသွားခဲ့တဲ့တိုက်ပွဲက နော်တယာတိုက်ပွဲပဲ” လို့ ဆိုပါတယ်။

ကရင့်တော်လှန်ရေးမှာ သူမဟာ ဘ၀တူ တပ်ဖွဲ့ဝင်စစ်သည်တစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ သူမနဲ့ တပ်ရင်းတစ်ခုတည်း တာဝန်ထမ်းဆောင်ပေမယ့်လည်း ၂၀၁၇ ခုနှစ်မှာ ကျန်းမာရေးချို့တဲ့မှုကြောင့် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါ့အပြင် သားသမီးငါးဦး ထွန်းကားခဲ့တဲ့အနက် သားတစ်ဦးကလည်း ဆုံးပါးသွားခဲ့ပါသေးတယ်။

ခုချိန်မှာ သားသမီးအချို့နဲ့ အတူတကွမနေရသလို အဝေးရောက် သားသမီးတွေကို အပူကပ်တာမျိုးလည်းမရှိဘဲ သူမနဲ့အတူရှိနေတဲ့ အသက် ၁၉ နှစ်အရွယ် အိမ်ထောင်ကျသွားတဲ့ သမီးငယ်တို့သားအမိနဲ့ ရှိသမျှ ရှင်သန်ရပ်တည်ကြရင်း စစ်သည်နော်မာမာအေးဟာ ဘ၀ကို သင့်တင့်လျောက်ပတ်စွာ ရောင့်ရဲကျေနပ်နေသူဖြစ်ပါတယ်။

သူမထက် လုပ်သက် ၁ နှစ်ကျော်တဲ့ လုပ်ဖော်ကိုင်ဖက် ဝါရင့်အမျိုးသမီးစစ်သည် နော်သဘီးက “သူက တပ်ထဲဝင်ဝင်ချင်း ရှေ့တန်းထွက်ရတာပဲ။ ရန်သူက ဝင်ထိုးတာကိုး။ စစ်သင်တန်းမှ မတက်ရသေးပေမယ့် နော်မာအေးကတော့ သွားတာပဲ။ သူက စကားနည်းတယ်။ လုပ်စရာရှိတာ လုပ်တယ်။ ကျမတို့လို မသောက်မစားတတ်ဘူး” လို့ ပြန်ပြောင်းပြောပြပါတယ်။

တပ်သက်တမ်းမှာ အမျိုးသားစစ်သည်တွေနဲ့အတူ တိုက်ပွဲတွေမှာ တိုက်ခိုက်ခဲ့ပေမယ့်လည်း ပြင်းထန်တဲ့ ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့ သူမက ပြောပြပါတယ်။ တော်လှန်ရေးတပ်ထဲ ဝင်ရောက်ကတည်းက စစ်သင်တန်းကို တစ်ခါပဲ တက်ရောက်ခဲ့တာဖြစ်ပြီး ထိုစဉ်က စစ်သင်တန်းတက်ရောက်သူ ၁၈၀ ကျော်မှာ အမျိုးသမီး ၄ ဦးပဲ ပါဝင်တယ်လို့လည်း သူမက ဆိုပါတယ်။

တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ စိတ်ဓာတ်ရေးရာခိုင်မာသူ ဝါရင့်စစ်သည် နော်မာမာအေးဟာ စစ်သက်တမ်း ကြာမြင့်လာတာနဲ့အမျှ တပ်ရင်းထဲက အထက်အရာရှိတွေက ရာထူးတိုးပေးပေမယ့် ရာထူး၊ တာဝန် တပ်မက်မှုမရှိတဲ့သူမဟာ လက်မခံဘဲ ငြင်းပယ်ခဲ့တဲ့အကြောင်း အခုလို ပြန်ပြောပြပါတယ်။

“လူကြီးတွေက ကျမကို ဆရာ (တပ်ကြပ်) အဆင့် လုပ်ခိုင်းခဲ့ဖူးတယ်။ ဒါပေမယ့် ကျမက ဆရာတွေဘာတွေ လုပ်မပျော်ဘူး။ စစ်သားစစ်စစ်ပဲလုပ်ချင်တယ်။ တိုက်စရာရှိရင် တိုက်မယ်။ သွားစရာရှိရင် သွားမယ်။ နားစရာရှိရင် နားမယ်။ ဒီလောက်ပဲ။ ကျန်တာဘာမှမသိဘူး” လို့ သူမက ရီရီမောမောပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက နှစ် (၇၀) ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဗဟိုအဆင့် ကျင်းပပြုလုပ်ခဲ့စဉ် တော်လှန်ရေးမှာ နှစ် (၄၀)၊ နှစ် (၅၀) နဲ့အထက် မပျက်မကွက် တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။ ကျင်းပတဲ့နေရာကို လာရောက်နိုင်သူတွေက ကိုယ်တိုင် ဆုလက်ခံရယူနိုင်ပေမယ့် သွားလာရေး ခက်ခဲဝေးလံသူ ဂုဏ်ပြုခံတွေကိုတော့ သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာ၊ တပ်ရင်းတွေကနေတဆင့် ပြန်လည်ပေးပို့သွားခဲ့ပါတယ်။

သို့သော် ကရင့်တော်လှန်ရေးသက်တမ်းရဲ့ ထက်ဝက်ကျော်ကာလ နှစ် ၄၀ ကျော်တိုင်တိုင် အခြားဘယ်ခွဲထွက်အဖွဲ့ဆီမှ ဘက်ပြောင်းမသွားဘဲ တပ်ဖက်ဆိုင်ရာ ဝါရင့်အမျိုးသမီးစစ်သည်အဖြစ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်လာခဲ့တဲ့ နော်မာမာအေးက အဲဒီဂုဏ်ပြုဆုကို မရရှိခဲ့ကြောင်း ရိုးသားစွာပဲ ပြောပြပါတယ်။

“တော်လှန်ရေးနေ့မှာ ဂုဏ်ပြုဆုပေးတယ်ဆိုတာတော့ ကြားမိပါတယ်။ ဒါပေမယ့် ကျမတော့ မပါလိုက်ဘူး။ အဲဒီတုန်းက ဘယ်သူမှလည်း လာမေး၊ လာပြောတာမရှိဘူး။ ကျမအတွက်ကတော့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘာမှမဖြစ်ဘူးလေ” လို့ သူမကထုံးစံအတိုင်း ပြုံးပြုံးလေးနဲ့ ဆိုပါတယ်။

ကေအဲန်ယူအနေနဲ့ ကရင့်တော်လှန်ရေးရဲ့ ဂုဏ်ပြုခံပုဂ္ဂိုလ်တွေကို ရွေးချယ်ရာမှာ တော်လှန်ရေးအတွင်း လစ်ဟင်းမှုမရှိ တာဝန်ယူလာခဲ့သူဖြစ်ရမယ်ဆိုတဲ့အတွက် သူမရဲ့ အားနည်းချက်လေးတစ်ခုက မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံဘက် အလုပ်သွားလုပ်ခဲ့တာလေးတစ်ခုပါပဲ။ ဒါကလည်း တော်လှန်ရေးသမားတွေရဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့ ကြားကာလအခြေအနေတွေပါပဲ။

ဖားအံခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ နော်အဲ့စေးက “မာအေးက နာမည်ကြီးပဲ။ သူနဲ့ နော်သဘီးတို့နှစ်ယောက်ဟာ ဗိုလ်မှူးဂျော် (လက်ရှိ စစ်ဦးစီးချုပ်) စစ်ကြောင်းဆင်းပြီဆို သူတို့နှစ်ယောက် အမြဲပါတယ်။ အဲဒီတုန်းက အခြားအမျိုးသမီးစစ်သည်တွေလည်းရှိပေမယ့် မာအေးနဲ့ နော်သဘီးဆိုရင် ရွာတွေမှာ မသိသူမရှိဘူး” လို့ ဆိုပါတယ်။

နော်မာအေးဟာ စစ်သည်တစ်ဦးမို့ နိုင်ငံရေးကို နားမလည်ပေမယ့် ညဘက်ဆို အိမ်အနီးအနားက တီဗွီရှိတဲ့အိမ်သွားလည်ရင်း သတင်း၊ ဇာတ်လမ်း ကြည့်နေတတ်တာကြောင့် မြန်မာနိုင်ငံအတွင်း စစ်တပ်ကအာဏာသိမ်းတာ၊ ပြည်နယ်နဲ့ တိုင်းဒေသက မြို့/ရွာအသီးသီးမှာ ပြည်သူလူထုတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်ကြတာ၊ ဆန္ဒပြတဲ့ လူငယ်လူရွယ်တွေ ရဲတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ရဲ့ ပစ်သတ်ခံနေရတဲ့အကြောင်းတွေကို သူမ သိနေခဲ့ပါတယ်။

ဒါကြောင့်လည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညဦးပိုင်း သူမတို့နယ်မြေတနေရာမှာ ဒေသခံလူထုတွေနဲ့အတူ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ “နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်း” ဖယောင်းတိုင်မီးထွန်း အစီအစဉ်ကို အမျိုးသားတပ်ဖွဲ့ဝင်တွေနဲ့အတူ နော်မာမာအေးလည်း မီးညှိထားပြီးသား ဖယောင်းတိုင်ကို ကိုင်ဆောင်ရင်း ယူနီဖောင်းအပြည့်နဲ့ တက်ကြွစွာ ပါဝင်ဆုတောင်းပေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့ ဖားအံမြို့မှာ ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်သဘောတူညီမှုအပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အဲန်စီအေ) ကို အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နဲ့အတူ နေပြည်တော်မှာ လက်မှတ်ထိုးခဲ့တဲ့အထဲ ကေအဲန်ယူကလည်း ပါဝင်ခဲ့တာကြောင့် နော်မာအေးတို့တပ်ရင်း၊ တပ်မဟာနယ်မြေမှာ တိုက်ပွဲတွေ မရှိတော့သလို ဖြစ်ခဲ့ပါတယ်။

သို့သော် စစ်သည် နော်မာမာအေးကတော့ မိမိတပ်ရင်းထဲမှာ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး တိုက်ပွဲတွေ ထပ်မဖြစ်ပေမယ့် တပ်ရင်းက လိုအပ်ချက်အရ တာဝန်ပေးမယ်ဆို အဆင်သင့်ရှိနေတဲ့အတွက် သူမအပါအဝင် သူမလို ကေအဲန်ယူအဖွဲ့အစည်းထဲမှာ ပေးဆပ်အနစ်နာခံပြီး တာဝန်ထမ်းဆောင်လျက်ရှိတဲ့ တပ်ဖက်၊ အရပ်ဖက် အမျိုးသမီးတွေကို လာမယ့်နှစ်ရဲ့ ကရင့်တော်လှန်ရေးနေ့၊ ကရင့်အာဇာနည်နေ့၊ ကရင်အမျိုးသားနေ့ စတဲ့ အခမ်းအနားတွေမှာ သင့်တင့်လျောက်ပတ်စွာ မမေ့မလျော့ ဂုဏ်ပြုပေးသင့်ပါတယ်။

ဒါမှသာ အမေ့လျော့ခံနေရတဲ့ အမျိုးသမီးစစ်သည်တွေ၊ အမျိုးသမီးအဖွဲ့ဝင်တွေကို စိတ်ဓာတ်ခွန်အား၊ ဉာဏခွန်အား များစွာ ပေးစွမ်းရာရောက်သလို တော်လှန်ရေးအောင်မြင်အောင် ဆက်လက်ပုခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ် လူငယ်မောင်မယ်တွေအတွက်လည်း စံပြသူရဲကောင်းများအဖြစ် သမိုင်းတင် ကျန်ရစ်နိုင်မှာဖြစ်ပါတယ်။

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...