စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်တွင် လက်ရှိကြုံတွေ့နေရသော ကိုဗစ်ရောဂါအခြေအနေများနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်တစ်ချို့၏ အသံများ

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်တွင် လက်ရှိကြုံတွေ့နေရသော ကိုဗစ်ရောဂါအခြေအနေများနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်တစ်ချို့၏ အသံများ
by -
ကောင်းကျော်နိုင် (BNI)

စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့် ကျင်ရေးလှုပ်မှုများမှလွဲ၍ ကျန်နေရာများတွင် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အနောက်စည်းရိုးဖြစ်သည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်မှုနှင့် ပတ်သက်၍ စိုးရိမ်နေရကြောင်း သိရသည်။

ထို့ကြောင့် ယင်းအခြေအနေများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ လူပုဂ္ဂိုလ်တစ်ချို့၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။

ဦးအောင်သောင်းရွှေ (ဘူးသီးတောင်မြို့ဒေသခံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

“နယ်စပ်လုံခြုံရေးက အရင်တုန်းကလည်း ဒီလိုလုံခြုံမှုမရှိလို့ လူဝင်၊ လူထွက်ပြသနာဖြစ်နေတယ်လေ။ အခုလည်း နယ်စပ်မှာ ငွေပေးရင် သွားချင်သလိုသွား၊ လာချင်သလိုလာလို့ရတယ်။ စည်းကမ်းမရှိ ငွေပေးလိုက်ရင်သွားလို့ရပြီ။ အဲလိုပုံစံမျိုးဖြစ်နေတယ်။ အခုတလောမှာလည်း နယ်စပ်ကိုဖြတ် ကျော်ပြီးတော့ ခိုးဝင်လာတဲ့လူတွေက အများကြီးဖြစ်နေတယ်။ အဲဒီတော့ အခုဘင်္ဂလားဒေ့ရှ်ဖက် ကလည်း လော့ဒေါင်းတွေလုပ်တယ်ဆိုတော့ ပိုဆိုးတာပေါ့။ အခုအဲဒီဖက်တွေမှာ လူတွေအများကြီး စုပြီးနေကြတာဆိုတော့။ သူတို့မှာ ကိုဗစ်တွေပါလာတယ်။ ပါလာတယ်ဆိုတော့ ဒီဖက်မှာ ဘုတ် သုံးစီးလေးစီးတောင်မိနေပြီ။ ဒီဖက်မှာလည်း အဲဒီဖက်နဲ့ကူးလူးဆက်ဆံနေကြတယ်ဆိုတော့ ကိုဗစ်တွေ တွေ့လာနိုင်တယ်ပေါ့လေ။ ဘယ်လိုဖြစ်လာလဲဆိုရင် လူဝင်၊ လူထွက်ကို အကြောင်းပြပြီးတော့ အကျိုးသက်ရောက်မှုဘယ်လိုဖြစ်လာသလဲဆိုရင် ဒီဖက်မှာလည်း ကိုဗစ်ကို အကြောင်းပြပြီးတော့ လော့ဒေါင်းလုပ်လာမယ်။ ခရီးကန့်သတ်တာတွေလုပ်လာမယ်။ စီးပွားရေး၊ လူမှုရေးအဆင်မပြေ ရတဲ့အထဲ ပိုပြီးတော့ အဆင်မပြေဖြစ်လာမယ်။ အဲဒီအတွက်ကြောင့် အဲဒီလိုဖြစ်မှာကို စိုးရိမ်မိတယ်။ ဒါကြောင့် နယ်စပ်မှာ တာဝန်ကျတဲ့ လူတွေကို ထိထိရောက်ရောက်နဲ့ဒါကို ကန့်သတ်ထားနိုင်ဖို့လိုမယ်။ အခြေအနေက တံခါးခေါက်နေပြီ။ ထပ်ပြီးတော့ ဒီတိုင်းထားနေမယ်ဆိုရင်တော့  မလိုလားအပ်တဲ့ ပြသနာတွေအများကြီးဖြစ်လာနိုင်မယ်လို့ ပြောချင်တယ်။ မလိုလားအပ်တယ်ဆိုတာက စီးပွားရေး ဆိုးကျိုးတွေ၊ လူမှုရေးဆိုးကျိုးတွေပေါ့။ အဲဒီကနေတရားဥပဒေ စိုးမိုးရေးကိုပါ ရောက်သွားမယ်။ ထိမ်းမနိုင်သိမ်းမနိုင်ဖြစ်သွားမယ်။ အဲဒီအတွက်ကြောင့် အတော်အရေးကြီးပါတယ်”

ဒေါက်တာ နုကေသီဇံ (မောင်တောမြို့နယ်၊ ကုသရေးဦးစီးဌာနမှူး)

“ဒီကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ကတော့ ပြောရမယ်ဆိုရင် ဟိုဘက်နိုင်ငံက ဝင်လာတဲ့ ကိစ္စပေါ့နော်။ တရားဝင်အကြောင်းကြားပြီး ဝင်လာတာတော့ ပြဿနာမရှိဘူး။ ကျန်းမာရေး စစ်ဆေးချက်တွေနဲ့ စနစ်တကျလုပ်လို့ရပါတယ်။ အခုက တရားဝင်မဟုတ်ဘူးပေါ့နော်။ ရောက်ရင်လည်း အကြောင်း မကြားဘဲ ဒီလိုပဲ ရွာထဲမှာနေကြရှိတယ်။ ဒီလိုမျိုးဆိုရင်တော့ ရောဂါပြန်နှံ့မှုတွေ ပိုပြီးတော့များလာ နိုင်တယ်ပေါ့။ ဘယ်လောက်ထိ ဖြစ်သွားမယ်။ ဘယ်အတိုင်းအတာထိ ရောက်သွားမယ်ဆိုတာကိုတော့ တိတိကျကျပြောဖို့က ခက်တယ်ပေါ့။ ဒါပေမဲ့ ဒီဟာကိုတော့ ပိုပြီးတော့ ဂရုစိုက်ရမှာဖြစ်ပါတယ်။

လက်ရှိ ကျွန်မတို့ မောင်တောဘက်မှာတော့ ဒီကျန်းမာရေးလုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ကျွန်မတို့ ကျန်းမာရေးဌာနရယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရယ်၊ နောက်ပြီးတော့ တခြား နိုင်ငံတကာအဖွဲ့အစည်း တွေပါတယ်။ အားလုံးက ဝိုင်းဝန်ပြီး လုပ်ဆောင်နေကြတာတော့ရှိပါတယ်”

ဦးခိုင်ကောင်းစံ (ရခိုင်ပြည်နယ် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ)

“အဓိကတော့ နယ်စပ်ကတော့ ကျွန်တော်ထင်တယ်။ အစိုးရအဆက်ဆက်လည်း လုံလုံခြုံခြုံမ ပေးနိုင်ဘူးပေါ့။ လက်ရှိနယ်စပ်က ဝင်လာတာတွေက ရှိနေသေးတယ်လို့ထင်တယ်။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့လည်း သတင်းတွေလည်း ကြားနေရတယ်လေ။ အဲဒီဖက်က ဝင်လာပြီးရင် နေထိုကြတယ်ပေါ့။ ဝင်လာမှုတွေရှိနေတဲ့ အခုလိုကာလမှာ ကိုဗစ်ကလည်း ရှိနေတော့ အဓိက နယ််စပ်မှာနေတဲ့လူတွေက ပိုပြီး  သတိထားဖို့လိုတယ်ပေါ့နော်။ ကျန်းမာရေးက ညွှန်ကြားထားတဲ့ mask (နှာခေါင်းစည်း) တပ်တာတွေ၊ လက်ဆေးတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် သုံးပေ၊ ခြောက်ပေအကွာ ကနေပြီး ကာကွယ်တာတွေကို သတိထားဖို့လိုတယ်ပေါ့။ တစ်ယောက်ချင်းကနေ ကျန်းမာရေးဆိုင်ရာကို သတိထားဖို့လိုတယ်ပေါ့။ ဒါမှလည်း ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ပြည်နယ်အတွက် အကာအကွယ်ဖြစ်မယ်လို့ထင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်က ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာဆိုရင် ရခိုင်ပြည်နယ်ဟာ ကိုဗစ်ဖြစ်ပွားမှုရာခိုင်နှုန်းမြှင့် တက်တဲ့အခြေအနေထိရောက်ခဲ့တယ်ပေါ့နော်။ ကော်ရန်တင်းစင်တာတွေ လူတွေရာနဲ့ချီလို့ထား ခဲ့ရတယ်။ နောက်ပြီးတော့ ပိုးတွေလူနာတွေများလို့ ဆရာဝန်တွေအလူးအလဲခံခဲ့ရတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကွာရန်တင်းစင်တာတွေ နှစ်ခုသုံးခုထားပြီး စောင့်ရှောက်ခဲ့ရတဲ့အ ခြေအနေမျိုးကို ခံခဲ့ရတယ်။ အခုတတိယလှိုင်းမှာလည်း ဒုတိယလှိုင်းမှာလို မဖြစ်အောင် ကူးစက်မှုတွေနည်းအောင် ကျွန်တော်တို့ အခုနကပြောသလိုသတိပေါ့။ ကျန်းမာရေး သတိရှိဖို့လိုပါမယ်။ ကိုဗစ် ဒုတိယလှိုင်းမှာလိုဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့ ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။ ကျွန်တော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းကသော်လည်းကောင်း၊ ဌာနဆိုင်ရာတွေကသော်လည်းကောင်း ဘယ် လောက်အထိတောင့် ခံနိုင်မလဲ။ အဲဒါကလည်း စဉ်းစားစရာအချက်တစ်ခုဖြစ်တယ်။ ဒါကြောင့် တစ်ယောက်ချင်းစီကနေ စောင့်ရှောက်ပေးဖို့လိုတာကို ကျွန်တော်ကတော့ ထောကြ်ပချင်ပါတယ်။ အခုဒီရက်ပိုင်းမှာ ဘင်္ဂလာဒေရှ့်ကို ကုန်သွယ်တဲ့ မော်တော်နဲ့လိုက်ပါလာတဲ့လူတွေပေါ့နော်။ အဲဒါတွေက တွေ့တယ်လို့ပြောတယ်။

ဒါကြောင့် အစိုးရအနေနဲ့လည်း ကုန်သွယ် စီးဆင်းမှုကို ပိတ်လိုက်ရင် ကုန်သွယ်စီးဆင်းမှုကိုလည်း ထိခိုက်စေတယ်ပေါ့လေ။ ကျန်းမာရေးအရကြည့်ပြန်တော့လည်း တောက်လျှောက် ထိခိုက်လာကြ တယ်ပေါ့နော်။ တစ်ဖက်မှာ ကောင်းကျိုးရှိသလိုတစ်ဖက်မှာ ဆိုးကျိုးသက်ရောက်မှုကလည်း ရှိနိုင်တယ်ပေါ့။ ဒါကလည်း နေရာတိုုင်းမှာဖြစ်ပျက် လေ့ရှိတဲ့အရာပဲဖြစ်တယ်။ တစ်ခုကိုပိုကောင်း စေချင်ရင်တစ်ဖက်မှာ အားနည်းချက်ဖြစ်လာနိုင် တယ်ပေါ့နော်။ ဝင်ငွေအားဖြင့်၊ စီးပွားရေးအားဖြင့် အဲလိုအခွင့်အလမ်းတွေ ဆုံးရှုံးနေတာလည်းရှိတယ် ပေါ့နော်။ ဒီဟာက အခိုက်အတန့်ဖြစ်တယ်။ ဒီအခိုက်အတန့်ကို မစောင့်ထိမ်းနိုင်လို့ရှိရင်ပိုပြီးတော့ ပိုပြီးတော့ ဆိုးဝါးလာမယ်။ တတိယလှိုင်းမှာ ပိုပြီးတော့ ဆိုးဝါးတဲ့ ၊ ပိုပြင်းတဲ့ အခြေအနေတွေ ဘင်္ဂလာဒေရှ့်တို့လို မလေးရှားတို့မှာလည်း ဖြစ်နေတာတွေရှိတယ်။။ ဒါပေမယ့် နယ်စပ် ကုန်စည်စီးဆင်းမှုကို ပိတ်လို်က်ရင်သူရဲ့ အကျိုးဆက်ကိုတော့ ခံရမှာပေါ့။ ဒါကြောင့် ကိုဗစ်ကို တစ်ယောက်ချင်းအနေနဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ကို လိုအပ်တယ်လို့ ထောက်ပြချင်တယ်”

Most read this week

January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...
January 19, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။...