မောင်ကျော်စွာ — ‘ပြည်တွင်းစစ်’ – ‘လက်နက်ကိုင်တော်လှန်ရေး’ – ‘လက်နက်ကိုင်ပဋိပက္ခ’ စတဲ့ စကားလုံးတွေဟာ ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးရရှိပြီးတဲ့ နောက်ပိုင်းကစပြီး ယနေ့ကာလအထိ အကြိမ်ပေါင်းများစွာ တွေ့ရ၊ ကြားရ၊ ဖတ် ရတဲ့ စကားလုံးတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီစကားလုံးတွေနဲ့တွဲလျက် မခွဲမခွာ ကြားရ၊ ဖတ်ရတာတွေက ‘စစ်ဘေးဒုက္ခ သည်’ သို့မဟုတ် ‘စစ်ပြေးဒုက္ခသည်’၊ ‘ပြည်တွင်းစစ်ရပ်စဲရေး’နဲ့ ‘ပြည်တွင်းငြိမ်းချမ်းရေး’ ဆိုတဲ့စကားလုံးတွေ ဖြစ်လိမ့် မယ်လို့ ထင်ပါတယ်။
အခုတော့ ‘စစ်ဘေးရှောင်ပြည်သူ’ သို့မဟုတ် ‘တိုက်ပွဲရှောင်ပြည်သူ’ လို့ နာမည်လှလှလေး ပြောင်းသုံးနေကြ ပေမယ့် ကြုံရသူတွေရဲ့ လက်တွေ့ဘဝကတော့ မလှပ၊ မချိုမြပါဘူး။ စစ်မက်ဘေးကနေ ယာယီလွတ်ဖို့ မိမိအိုးအိမ်ရပ် ရွာနဲ့ အသက်မွေးလုပ်ငန်းတွေဖြစ်တဲ့ လယ်ယာလုပ်ငန်း စတာတွေကို ပစ်ထားခဲ့ကြရပြီး လွတ်ရာကို ပြေးကြလွှားကြရ တာ မဟုတ်ပါလား။ စစ်မက်ဘေးကို ဘယ်ဒေသက ပြည်သူမဆို မကြုံလို၊ မတွေ့လို၊ မဖိတ်ခေါ်လိုပေမယ့် စစ်မက် ဘေးကတော့ ပြည်သူတွေဆီကို မဖိတ်ဘဲလာတဲ့ ဧည့်သည်လို အဖော်တွေ အပေါင်းတွေနဲ့အတူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်စမြဲပါ။
ဒီဆောင်းပါးမှာ ကျနော် တင်ပြချင်တာ ‘ပြည်တွင်းစစ်’ – ‘လက်နက်ကိုင်တော်လှန်ရေး’ – ‘လက်နက်ကိုင် ပဋိ ပက္ခ’ ဆိုတဲ့ စကားလုံးတွေထဲက ‘လက်နက် - လူ - ရည်ရွယ်ချက်တို့ရဲ့ အဆက်အစပ်’ အကြောင်းပါ။ ‘လက်နက်’ အကြောင်းဆိုလို့ အဲဒီလက်နက်တွေရဲ့ အမျိုးအစား၊ ဖျက်အားပြင်းအား ထိရောက်မှုစွမ်းပကားတွေနဲ့ ဈေးနှုန်းတွေ အကြောင်း မဟုတ်ပါဘူး။ ကျနော်မြင်တာကို တင်ပြပါ့မယ်။
ပထမဆုံးအချက်က ‘လက်နက်’ဆိုတာဟာ သက်မဲ့ရုပ်ဝတ္တုပစ္စည်းတစ်ခုပါ။ သူ့ဟာသူ ဘယ်လို အစွမ်းသတ္တိ တွေ ပါရှိနေပါစေ။ သူ့ကို တစ်စုံတစ်ဦးကို ကိုင်တွယ်အသုံးမပြုမချင်း သူ့အစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသလို့ မရပါ ဘူး။ ဒီတော့ ဒီအခြေအနေကနေ အခုလို ကောက်ချက်ချနိုင်ပါတယ်။ ‘လက်နက်’ ဆိုတာ ကိုင်တွယ်အသုံးပြုသူ (လူ) ရှိရမယ်။ အဲဒီလူ သို့မဟုတ် တစ်စုံတစ်ရာ အရေအတွက် ပမာဏရှိတဲ့ လူစုလူဝေးရဲ့ သဘောထားနဲ့ ရည်ရွယ်ချက်အ ပေါ် မူတည်ပြီး အဲဒီလက်နက်ကို အသုံးပြုပုံ ခြားနားသွားတယ်ဆိုတဲ့ ကောက်ချက်ပါပဲ။
အမဲလိုက် မုဆိုးတစ်ဦးရဲ့ လက်ထဲက တူမီးသေနတ် သို့မဟုတ် ပွိုင့်တူးတူး သေနတ်တစ်လက်ဟာ သူလိုချင် တဲ့သားကောင် ပစ်ဖို့ပဲပေါ့။ ဓားပြဂိုဏ်းတစ်ခုရဲ့လက်ထဲက သေနတ် (အနိမ့်ဆုံး လုပ်သေနတ်ပဲဖြစ်ပါစေ) ဟာ အများ ပြည်သူရဲ့ ငွေကြေးဥစ္စာကို လုယက်ဖို့ပေါ့။ အစိုးရစစ်တပ်ရဲ့ တပ်စိတ် - တပ်စု - တပ်ခွဲ - တပ်ရင်း - တပ်မ - တပ်မ တော်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်တွေကတော့ သူ့ကို ပုန်ကန်ခြားနားသူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ဖြစ်မှာပါ့။ ထိုနည်းတူ ပြောက်ကြားတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လက်ထဲက သေနတ်တွေကလည်း အုပ်စိုးသူကို ခုခံတော်လှန်ဖို့ပဲဖြစ်မှာပေါ့။
ဒီယေဘုယျလက်တွေ့ထဲကနေ ကြည့်ရင် ‘လက်နက်’ ဆိုတာဟာ အမျိုးအစားအရေအတွက်နဲ့ စွမ်းပကားတွေ ခြားနားတာထက် ကိုင်ဆောင်သူတွေရဲ့ သဘောထားနဲ့ အသုံးပြုတဲ့ရည်ရွယ်ချက်က အဆုံးအဖြတ်ကျတာကို တွေ့ရမှာ ပါ။ အနိုင်ကျင့် ဖိနှိပ်ကျူးကျော်ဖို့ သုံးနေတာလား သို့တည်းမဟုတ် အနိုင်ကျင့် ဖိနှိပ်ကျူးကျော်မှုကို ခုခံဖို့အတွက် သုံး နေတာလား ဆိုတဲ့ရည်ရွယ်ချက်ကပဲ သက်ဆိုင်ရာ သုံးစွဲနေသူတွေရဲ့ အနေအထားက ‘ဘာလဲ - ဘယ်လဲ’ ဆိုတဲ့အချက် ကို အဆုံးအဖြတ် ပေးသွားပါတယ်။ ဒီအချက်က လက်နက်နဲ့ပတ်သက်လို့ မြင်ရတဲ့ ဒုတိယအချက်ပါ။
တတိယအချက်ကတော့ အဲဒီလက်နက်ကိုင်ဆောင်ထားသူတွေကို စုဖွဲ့အသုံးပြုပုံပါ။ အမိန့်ဆိုတာဟာ လက် နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတိုင်း မဖြစ်မနေ အသုံးပြုရတဲ့ စည်းစနစ်တစ်ခုပါ။ ဒီစနစ်က မီးခလုတ်ကို ‘ချောက်ခနဲ’ ဖွင့်လိုက်တာနဲ့ ‘ဖျတ်ခနဲ’ မီးလင်းလာရသလို ‘အမိန့်နဲ့လှုပ်ရှားမှု’ရဲ့ ဆက်သွယ်ချက်က မြန်ဆန်တိကျ ထိရောက်ဖို့ လို အပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ တစ်စုံတစ်ရာ နှောင့်နှေးကြံ့ကြာနေရင်တော့ အဲဒီအဖွဲ့ (ဝါ) အဲဒီတပ်ဖွဲ့ဟာ ရင်ဆိုင် တိုက်ပွဲတစ်ခုမှာ အနိုင်ရဖို့ မလွယ်ကူပါဘူး။ ဒါဟာ သာမန် တပ်စိတ်ကလေးကနေ တပ်မတော်ကြီးအထိ ဒီအနှစ်သာရ အတိုင်းလှုပ်ရှားနေတာပါ။
ဒါကြောင့် အဆင့်ဆင့် အမိန့်ပေးညွန်ကြားမှုနဲ့ အမိန့်နာခံအကောင်ထည်ဖော်မှု ဆိုတဲ့ ‘အမိန့်နဲ့ လှုပ်ရှားမှု’ ဆိုတာ ဘယ်လိုတပ်ဖွဲ့၊ ဘယ်လိုစစ်တပ်မှာမဆို အမြဲမပြတ် တည်ရှိနေတဲ့ စနစ်ယန္တရားတစ်ခုဖြစ်ပါတယ်။ တပ်စိတ် တစ်စိတ် သို့မဟုတ် တပ်မကြီးတစ်ခုဟာ လူတစ်ယောက် အသက်ရှူသွင်း/ရှူထုတ်သလို၊ လူတစ်ယောက် ဘယ်ခြေ လှမ်းပြီး ညာခြေလှမ်းသလို မြန်ဆန်တိကျထိရောက်တဲ့ လှုပ်ရှားမှုမျိုးနဲ့ လှုပ်ရှားကြတာပါ။
ဒီလို အကြောင်းအချက်နဲ့ စုဖွဲ့မှုစနစ်က တပ်ဖွဲ့တစ်ဖွဲ့ သို့မဟုတ် စစ်တပ်တစ်တပ်မှာ ထိပ်ဆုံးက ဦးစီးနေသူ၊ ကွပ်ကဲနေသူ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့ဟာ အာဏာအထက်ဆုံး ဖြစ်လာပါတယ်။ သူ့စကား သူ့အ မိန့်ဟာ သေဆိုသေ၊ ရှင်ဆိုရှင်ဖြစ်လာပါတယ်။ ‘ရေပါဖို့ အဓိက’ ဖြစ်လာပါတယ်။ ဒါဟာ လက်နက်နဲ့ပတ်သက်ပြီး မြင် ရတဲ့ စတုတ္ထအချက်ပါ။
ကျနော်တို့မြန်မာပြည်မှာ ပြည်တွင်းစစ် စတင်ကတည်းကနေ ဒီကနေ့အထိ စစ်တပ်မျိုးစုံကို ပြည်သူတွေ နဖူး တွေ့ဒူးတွေ့ ကြုံခဲ့တွေ့ခဲ့ကြရပါတယ်။ အကြီးဆုံးကြုံရတဲ့ စစ်တပ်ကတော့ ဒီကနေ့ အစိုးရစစ်တပ်ပါပဲ။ ဒါ့အပြင် အစိုး ရစစ်တပ်ကို ခုခံတိုက်ခိုက်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းမျိုးစုံရဲ့ စစ်တပ်မျိုးစုံကိုလည်း လူမျိုးပေါင်းစုံပြည်သူများ ကြုံခဲ့ ကြရပါတယ်။
တိုင်းပြည်နဲ့လူထုအတွက် အမှန်တကယ်အကျိုးပြုတဲ့ တပ်မတော်တစ်ရပ် လိုအပ်တာကိုတော့ ဘယ်သူမှ ငြင်းပယ်ကြလိမ့်မယ်လို့ မထင်ပါဘူး။ မယူဆပါဘူး။ ဒါပေမယ့် တကယ့်လက်တွေ့မှာ တိုင်းပြည်နဲ့လူထုကို အမှန်တ ကယ် အကျိုးပြုသလား ဆိုတဲ့အချက်က အရေးကြီးဆုံးနဲ့ အဆုံးအဖြတ်အကျဆုံးပါပဲ။
ပြည်သူတွေဟာ ၁၉၆၂ခုနှစ်ကစလို့ အပေါ်ယံနာမည်မျိုးစုံယူထားတဲ့ စစ်အုပ်စိုးမှုကို ခံလာရတာဟာ ဒီကနေ့ ကာလ အထိပါပဲ။ ဘယ်လိုမှ မဖုံးနိုင်မကွယ်နိုင်တဲ့ လက်တွေ့အကျိုးဆက်ကတော့ စစ်တပ်ကိုချုပ်ကိုင်ထားတဲ့ စစ် ဗိုလ်ချုပ်ကြီးတွေ ကျိကျိတက် ချမ်းသာကြွယ်ဝလာတဲ့အချက်နဲ့ တိုင်းပြည်နဲ့ပြည်သူလူထုဟာ နယ်ပယ်ပေါင်းစုံမှာ ဆင်း ရဲမွဲတေပြီး ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့အဖြစ်ပါပဲ။
အဲဒီသမိုင်းလက်တွေ့ကနေ ရရှိတဲ့ကောက်ချက်ကတော့ စစ်တပ်တစ်တပ်ဟာ လူတစ်ဦးတစ်ယောက် (ဝါ) လူတစ်စုရဲ့ခါးပိုက်ဆောင် သို့မဟုတ် တစ်လက်ကိုင်တပ်အဖြစ် သက်ဆင်းကျရောက်သွားပြီဆိုရင်တော့ တိုင်းပြည်နဲ့ လူထုဟာ မျိုးဆက်ပေါင်းများစွာ ထိခိုက်နစ်နာမှုဆိုးကျိုးတွေကို ခါးစည်းရင်စည်းခံရတော့တာပဲ ဆိုတဲ့အချက်ပါပဲ။
ဒါကြောင့် ကျနော်တို့ဟာ သမိုင်းဖြတ်သန်းမှုမှာ ဘယ်လို မွန်မြတ်မှန်ကန်တဲ့ ဦးတည်ချက်အတွက် ရည်ရွယ်ဖွဲ့ စည်းထားတဲ့ တပ်ဖွဲ့၊ တပ်မတော်ပဲဖြစ်ပါစေ လူတစ်ဦးတစ်ယောက် (ဝါ) လူတစ်စုရဲ့ အသုံးတော်ခံဘဝ ကျရောက်သွား ပြီဆိုရင် တပ်တစ်ခုလုံးရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်နစ်နာစေတော့တာပါပဲ။
အလားတူပါပဲ။ မူဝါဒလမ်းစဉ်အောင်မြင်ရေးအတွက်၊ အမျိုးသားဖိနှိပ်ခံရမှုကနေ ကင်းဝေးပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရည်ရွယ်ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ တပ်ဖွဲ့တွေမှာလည်း လက်တွေ့ပြုမူ လှုပ်ရှားနေတာ တွေဟာ မိမိတို့ ရပ်တည်ကိုယ်စားပြုရာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖောက်ဖျက်ပြီး သို့တည်းမဟုတ် ကင်းကွာပြီး သို့တည်းမဟုတ် မူလရည်ရွယ်ချက်တွေနဲ့ သွေဖီပြီး မိမိ တစ်ဦးချင်းအကျိုးစီးပွား - မိမိ မိသားစုအကျိုးစီးပွား - မိမိ ဂိုဏ်းအုပ်စု အကျိုးစီးပွားသက်သက်အတွက် ဆောင်ရွက်နေရတဲ့ဘဝကို သက်ဆင်းကျရောက်နေပြီလားဆိုတာကို အလေးအနက် ပြန်လည်ဆန်းစစ်ကြဖို့ လိုအပ်ပြီဆိုတဲ့အကြောင်း တင်ပြအပ်ပါတယ်။
တကယ်တော့ ‘လက်နက်+တပ်’ကို ချုပ်ကိုင်ထားနိုင်သူတိုင်းရဲ့ အတွေးအခေါ် - ရပ်တည်ချက် - သဘောထား နဲ့ ရည်ရွယ်ချက်တွေက သိပ်ကို အရေးကြီးပါတယ်။ ‘လက်နက်+တပ်’ ကိုင်ထားသူရဲ့ အတွေးအခေါ် - ရပ်တည်ချက် - သဘောထား’ ပြောင်းလဲသွားပြီဆိုရင်ဈ မူလရည်ရွယ်ချက်တွေကနေ သွေဖီခြားနားသွားပြီဆိုရင် အမျိုးသားပြည်သူ တချိန်က အကျိုးပြုခဲ့တဲ့၊ ကာကွယ်ခဲ့တဲ့ တပ်ဟာ အမျိုးသားပြည်သူကို ဖိနှိပ်တဲ့၊ အနိုင်ကျင့်တဲ့ တပ်အဖြစ် မလွဲမသွေ ကူးပြောင်းရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။