၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ မဲဆွယ်စည်းရုံးမည့်ရက်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့်။
ထိုသို့ မဲဆွယ်ကာလတွင် မြန်မာနိုင်ငံသည် ကိုဗစ်ကပ်ရောဂါဒုတိယလှိုင်းကို ဖြတ်ကျော်နေရချိန်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုင်ငံရေးပါတီများ မဲဆွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ထို့နည်းတူ ကချင်ပြည်နယ်တွင်လည်း နိုင်ငံရေးပါတီများ၏ မဲဆွယ်ရေးအတွက် အခက်အခဲများရှိနေသည်။
ထို့ကြောင့် ကိုဗစ်ကာလ မဲဆွယ်ရေးအခက်အခဲများနှင့်ပတ်သက်၍ ကချင်ပြည်နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့၏ ပြေကြားချက်များကို ဖော်ပြလိုက်ရပါသည်။
ဦးအောင်ခမ်း (ဒုတိယ ဥက္ကဌ -၂) ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)
“လူစုလူဝေးနဲ့စုဝေးပြီး မဲဆွယ်ခွင့်မရှိတာတော့ အဓိကပြသနာဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မဲဆွယ်တယ်ဆိုတာ လူထုကို ကိုယ့်ရဲ့မူဝါဒ အချက်အလက်တွေကို တင်ပြရတယ်၊ ပြောပြရတယ်၊ ဒါကတော့ မဲဆွယ်ခြင်းရဲ့ နည်းတစ်ခုဖြစ်တယ်။ ဒါကို လူများများစားစားတက်ရောက်ခွင့်မရှိဘူးဆိုတာတော့ ပြသနာအကြီးဆုံးဖြစ်နေတယ်။ ဒုတိယက ခရီးသွားရတာ ပြသနာအရှိဆုံးဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ ကိုဗစ် ပိုပြီးပြန့်ပွားလာမယ်ဆိုရင် ပြည်နယ်တစ်ခုနဲ့တစ်ခု သွားဖို့က အရမ်းခက်ခဲလာလိမ့်မယ်။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းပဲဖြစ်ဖြစ် ကိုယ်စားလှယ်လောင်းရဲ့ မန်နေဂျာပဲဖြစ်ဖြစ် စည်းရုံးရေးမှူးတွေပဲဖြစ်ဖြစ် ဒီကိုဗစ်ရောဂါကူးစက်ခဲ့ရင် ကွာရတင်းဝင်တဲ့အခြေအနေမှာ ဆက်လက်ပြီးမှ မလုပ်ဆောင်နိုင်ဘူးဆိုရင် ဒါတွေကပြသနာဖြစ်လာမဲ့အပိုင်းတွေဖြစ်ပါတယ်။
ဦးရွှေမင်း (ဥက္ကဌ) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)
“အဓိကက မဲဆွယ်စည်းရုံးရေးကာလမှာ ကိုဗစ်ကန့်သတ်ချက်က ကျွန်တော်တို့ပါတီတွေအတွက် ရွေးကောက်ပွဲအတွက်တော့ အများကြီးအဟန့်အသားဖြစ်စေတယ်။ ရောဂါကာကွယ်တာတွေတော့ နိုင်ငံသားတိုင်းအတွက် အရမ်းကြီးတဲ့ကိစ္စဖြစ်တယ်။ ကိုဗစ်ကာကွယ်ရေးအတွက် ညွန်ကြားချက်တွေ ထုတ်တဲ့အခါမှာကြတော့ နိုင်ငံရေးပါတီ အယောက် (၅၀) အထက်မစုရဆိုတော့ အများကြီး အနှောက် အယှက်ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဟောပြောပြီဆိုရင် လူ ၅၀ ပဲလာပေးပါ ပြောလို့မရဘူး။ ၅၀ ထက်ကျော်ရင်ကျော်သွားနိုင်တယ်။ မပြည့်တာလည်း ရှိကောင်းရှိနိုင်တယ်။ ပြည်သူတွေ ကျနော်တို့အပါ် ဝန်းရံတဲ့အပေါ်မှာဘဲ မူတည်တယ်။
ဦးတိန့်ဆောင် (ဥက္ကဌ) ဒီမိုကရေစီပါတီသစ် (ကချင်)
လူဦးရေ ၅၀ထက်မကျော်ရဆိုတော့ နေရာထိုင်ခင်းကအစ ခြောက်ပေကွာရမယ်ဆိုတော့ ကျွန်တော်တို့အတွက်အခက်အခဲတော့ရှိပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့က တစ်နေရာမှာဟောပြောမယ်၊ မဲဆွယ်စည်းရုံးမယ်ဆိုရင် အချိန်က ကြာမှာဆိုတော့ လူ ၅၀ အောက်နဲ့ပဲ လုပ်နေမယ်ဆိုတော့ကာ လူပေါင်းတစ်ရာနှစ်ရာကို တခါတည်းပြီးသွားမယ့်အစား အခေါက်ခေါက်အခါခါ လုပ်နေရတော့ အချိန်ကပိုမှာပေါ့။
ဦးဂဲနက်စ် (ပြောရေးဆိုခွင့်ရှိသူ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)
“ဥပဒေဘောင်အတွင်းကနေ ဘာလုပ်ရမှာလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေရယ်၊ UEC က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ဒါတွေလိုက်နာရင်ဘာ တစ်ခုမှမလိုတော့ဘူး။