“ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ”

“ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ”

“ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ” လို့ ပြောတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အထွေထွေ အတွင်းရေးမှှူး ဦးရွှေမျိုးသန့်နှင့် မေးမြန်းခြင်း

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်

မေး ။ ။ စတုတ္တအကြိမ် ၂၁ ပင်လုံ ညီလာခံကို လာမဲ့ သြဂုတ်လ ၁၂-၁၃-၁၄ မှာ ကျင်းပမယ်လို့ သိရတယ်ရှင့်။ ဆိုတော့ ဒီညီလာခံကို ဆရာတို့ KNPP အနေနဲ့ တက်ရောက်ဖို့ အစီအစဉ်ရှိသလား၊ မရှိဘူးလား၊ ဘယ်လို စီစဉ်ထားလဲ သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျနော်တို့ အစီအစဉ်မှာတော့ တရားဝင်ဖိတ်စာ မရသေးဘူးပေါ့နော။ ကျနော်တို့ ရပ်တည်ချက်နဲ့တော့ နည်းနည်း စဉ်းစားရမယ်ပေါ့နော။ ဒီညီလာခံကို ကျနော်တို့ ကြည့်နေတယ်။ သူတို့ပြောတာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ ပြောတာပေါ့လေ။ ဒါပေမဲ့ တကယ်တမ်း အသံတွေပေါ့။ အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်အလိုက်၊ လူမျိုးအလိုက် ကြည့်တဲ့အခါမှာ မပြည့်စုံဘူး ဖြစ်နေတယ်ပေါ့လေ။ ရှိတဲ့ တိုင်းရင်းသားတွေကလည်း တက်လာတဲ့ တိုင်းရင်းသားတွေကလည်း ပြောဆိုဆွေးနွေးပြီးတော့ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့အတွက် နည်းနည်းခက်တာပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ အနေအထားနဲ့က တက်ပြီဆိုရင် အများအားဖြင့်က ဆွေးနွေးခွင့် မရှိပါဘူး။ ကျနော်တို့ကတော့ ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ စဉ်းစားစရာ အချက်တွေ အများကြီးရှိတာပေါ့လေ။ ဒီညီလာခံရဲ့ ကိုယ်စားပြုမှုတွေက ဘယ်လိုလာမလဲ။ ဘယ်လိုဖိတ်ကြားမလဲ။ ဘယ်လိုတက်မလဲ။ ဒီညီလာခံရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ထိ ကြီးမားသလဲ။ ကျနော်တို့ရဲ့ ကိုယ်စားပြုမှုက ဘာလဲ။ အဲ့ဒါတွေ အများကြီး လိုတယ်ပေါ့နော။ နောက်တခု ကျနော်တို့ ပြောချင်တာကတော့ ဒီညီလာခံကို သွားတယ်ဆိုတဲ့အခါမှာ ဒိုင်ယာလော့တွေ သွားပြီးတော့ ဆွေးနွေးတော့ ညီလာခံဆိုတာ ကိုယ်စားပြုမှု ရှိရတယ်။ ဆိုတော့ သွားတဲ့သူတွေက ဒီညီလာခံမှာ မိမိဆန္ဒသဘောအရပဲ သွားပြောလို့ မသင့်တော်ဘူးပေါ့နော။ ဥပမာ ကျနော်တို့က တက်ခွင့်ရမယ်ဆိုရင်တောင် တက်ဖို့အတွက် စဉ်းစားရမယ် ဒီပုံစံနဲ့ဆိုရင် စဉ်းစားဖို့တော့ ခက်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ ပြောဆို ဆွေးနွေးတဲ့ ကိစ္စတွေက လူထုဆီကလာတဲ့ အသံဖြစ်သင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် လုပ်ဖို့ နီးနေပြီ။ ကိုဗစ်ကာလလည်း ဖြစ်နေတော့ တကယ့် လူထုကိုယ်စားပြုအသံတွေကို ကျနော်တို့ ရယူစုဆောင်းဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒီလိုအနေအထားနဲ့ဆိုလို့ရှိရင် ကျနော်တို့အတွက်တော့ ခက်ခဲတာပေါ့။ ဒါပေမဲ့ ကျတော်တို့ စည်းဝေးပြီးတော့ ဗဟိုကော်မတီကပဲ ဆုံးဖြတ်ပါလိမ့်မယ်။

မေး ။ ။ ဆရာတို့ဖက်က တကယ်လို့ ဆွေးနွေးခွင့်ရသူတွေအနေနဲ့ တရားဝင် ဖိတ်ကြားခံရမယ်ဆိုရင်ရော ဆရာတို့ တက်ရောက်ဖို့ အစီအစဉ်ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ကတော့ နှစ်ချက်ရှိတယ်လေ။ ပထမတချက်ကတော့ ကျနော်တို့ကတော့ မမျှော်လင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဆွေးနွေးခွင့်ဆိုတာက သူတို့က NCA ပေတံနဲ့ တိုင်းတယ်လေ။ NCA ထိုးပြီးတဲ့သူသာ ဆွေးနွေးခွင့် ရှိတယ်လို့ အစိုးရက ခံယူထားတာကိုး။ ဆိုတော့ ကျနော်တို့က ဆွေးနွေးခွင့်ရမယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ကို ဆွေးနွေးခွင့် ပေးခဲ့မယ်ဆိုရင်တောင်မှ ကျနော်တို့က ဒီပြည်နယ်အတွင်းမှာ ရှိတဲ့ ပြည်သူလူထုတွေ၊ တခြားသူတွေနဲ့ မတိုင်ပင်ရသေးပဲနဲ့ သွားပြီး ပြောဖို့ဆိုဖို့ဆိုတာ ကျနော်တို့အတွက် ခက်ခဲပါတယ်။ ပြောဆိုခွင့် ရဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ပြောဆိုခွင့် ပေးခဲ့ရင်တောင်မှ ကျနော်တို့က ဒီလိုအခြေအနေမျိုးနဲ့ဆို ကျနော်တို့အတွက် အခက်အခဲ ဖြစ်ပါတယ်။

မေး ။ ။ ဒီတကြိမ်နဲ့ဆို ၂၁ ပင်လုံ ညီလာခံက ၄ ကြိမ်မြောက်ပေါ့နော။ ဆိုတော့ ပြီးခဲ့တဲ့ သုံးကြိမ်စလုံးမှာ KNPP အနေနဲ့ ဘယ်အကြိမ်တွေမှာ ဘယ်လိုအနေနဲ့ တက်ရောက်ခဲ့ကြလဲ။ ပြီးတော့ ဆွေးနွေးခွင့်ရတဲ့ NCA ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် ဘာများ အကြံပြု ပြောဆိုချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့က ပြီးခဲ့တဲ့ သုံးကြိမ်မှာ လေ့လာသူအနေနဲ့ ဖိတ်ကြားခံရတယ်။ ဒါပေမဲ့ သုံးကြိမ်လုံး မတက်ပါဘူး။ ပထမဆုံးတကြိမ်က ကျနော်တို့တက်တယ်။ ဒုတိယတကြိမ်တော့ ကျနော်တို့ မတက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို လေ့လာသူအနေနဲ့ပဲ ဖိတ်တဲ့အတွက် ကျနော်တို့ မတက်ဘူး။ တတိယတကြိမ်မှာတော့ ဆွေးနွေးခွင့် ရှိတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ Pannel…. EAO Pannel မှာတော့ ကျတော်တို့ ဆွေးနွေးလို့ရတယ်ဆိုလို့ ကျနော်တို့ သွားတက်တယ်။ ဒါပေမဲ့ ကျနော်တို့ သွားတက်တဲ့အခါမှာ ဘာတွေ သွားတွေ့ရလဲဆို ကျနော်တို့ တစ်နှစ်လောက် အချိန်ယူပြီး ဆွေးနွေးတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ရှိရင် Gender Equality Lead ပဲ ဆွေးနွေးတယ်။ အဲ့ဒါ ကျနော်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ ပြောတော့ ကျနော်တို့က တော်တော်မျှော်လင့်ချက် ကြီးကြီးမားမားထားပါတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေရော၊ ပြည်ထောင်စု တည်ဆောက်ရေးအဆင့်တွေရော ဒါက ကြာနေပြီ။ ဘာဖြစ်လို့ ဒီလို အဖြစ်ခံတာလဲ။ အဲ့တော့ ကျနော်တို့ကလည်း ဆွေးနွေးတဲ့သူတွေကို ကျနော်တို့ ပြောပါတယ်။ အဲ့တော့ ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး။ အဲ့တော့ ဒီအစိုးရရော၊ တပ်မတော်အစိုးရရော ဒီတိုင်းပြည်နဲ့ အမှန်တကယ် သင့်တော်တဲ့ စနစ်တစ်ခုကို သွားဖို့ ဆိုတဲ့နေရာမှာ အားလုံး သဘောထား စည်းစည်းလုံးလုံးနဲ့ ဆွေးနွေးရအောင်လို့ ပြောတယ်။ သူတို့က ဆွေးနွေးရမှာ ကြောက်ပြီးတော့ ရှောင်ပြီးတော့ ဆွေးနွေးရမဲ့ အဓိက အချက်တွေကို ရှောင်ပြီးတော့ အခုလိုပဲ ဆွေးနွေးနေလို့ရှိရင်တော့ မဖြစ်ဘူးပေါ့လေ။ အခုလည်းပဲ အလားတူပါပဲ။ သေချာ စဉ်းစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လို့ ပြောပေမဲ့လည်း တိုင်းရင်းသား လူမျိုးစုတွေရော၊ ပြည်နယ်ရော ကိုယ်စားပြုမှု ရှိနေရမယ်လေ။ အဲ့တော့ ကျနော်တို့ အနေနဲ့ကတော့ ပြည်ထောင်စု သဘောတူညီချက်ဆိုတာကို လုပ်ဖို့လိုတယ်။ အဲ့စကားလုံးက စာရွက်ပေါ်မှာပဲ မရှိရဘူး။ ဘယ်လို ပြည်ထောင်စု သဘောတူညီချက်မျိုးလဲ။ ဒီထဲမှာ ဘယ်သူတွေ ပါလဲ။ ဘာလို့ ပြည်ထောင်စု သဘောတူညီချက်လို့ ပြောမှာလဲပေါ့။ ဆိုတော့ အဲ့အပိုင်းကိုတော့ သူတို့ကို သေချာ ဖြစ်နိုင်တဲ့ အနေအထားကို ညှိနှိုင်းစေချင်တယ်။ ကိုယ်စားပြုခွင့် မရသေးတဲ့သူတွေကိုလည်း ကိုယ်စားပြုခွင့်ပေးဖို့ တိုက်တွန်းချင်တယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ ဆိုတော့ နောက်တစ်ခုက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ JMC က အစည်းအဝေးပြန်လုပ်တယ် ပေါ့နော။ အဲ့ဒီ အစည်းအဝေးမှာ KNU က NCA ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ မကြာခန တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အတွက် NCA လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် ယုံကြည်မှူက လုံးဝ မတိုးတက်လာနိုင်ဘူး ဆိုတဲ့ အနေအထားကို KNU ဘက်က ပြောထားတာ ရှိတယ်ပေါ့။ ဆိုတော့ ဒီအပေါ်မှာကော ဆရာတို့လည်း NCA မထိုးထားသေးတဲ့အတွက် ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲရှင့်။

ဖြေ ။ ။ မှန်ပါတယ်။ တကယ်တမ်းက ဒီ JMC အစည်းအဝေးကတော့ NCA မှာ ပြောထားတဲ့ နှစ်ဖက်လုံး တိတိကျကျ လိုက်နာရေး ဆိုပြီးတော့ ဖော်ပြထားပေမဲ့ ပြသနာကို မထိန်းနိုင်တဲ့ အခြေအနေမှာ ကျနော့်အမြင်ကတော့ နှစ်ဖက်လုံးက လေးလေးနက်နက် လိုက်နာဖို့က လိုတယ်။ အထူးသဖြင့် မြန်မာ့ တပ်မတော်ကို ပြောချင်ပါတယ်။ အပေါ်က ညှိနှိုင်းသလို အောက်ခြေကလည်း လုပ်ဖို့ လိုအပ်တယ်။ အခုက လွဲနေတော့ ကျနော်တို့ ပြောစရာတော့ ဖြစ်လာတာပေါ့လေ။ အဲ့တော့ လက်မှတ် ထိုးထားတဲ့ သူတွေတောင် ဒီလိုဖြစ်ရင် လက်မှတ် မထိုးထားတဲ့သူတွေကတော့ ဘယ်လိုလုပ်ရမှာလဲပေါ့နော။ ဘယ်လို ယုံကြည်ရတော့မှာလဲဆိုတာကို ပြောချင်တယ်ပေါ့နော။

မေး ။ ။ ဆရာတို့ကော အခု လက်ရှိ အခြေအနေအရ ပြည်ထောင်စု အစိုးရနဲ့ တွေ့ဖို့တွေကော ဘယ်လို အစီအစဉ်တွေများ ရှိနေသလဲ။

ဖြေ ။ ။ ပြည်ထောင်စု အစိုးရနဲ့ တွေ့ဖို့ကျတော့ပေါ့နော။ အစိုးရတွေနဲ့ တွေ့ရင် သူတို့မှာ ဆွေးနွေးစရာ တချက်ပဲ ရှိတယ်။ NCA ထိုးမလား ဒါပဲ ရှိတယ်။ အဲ့တော့ NCA ထိုးမလား ပြောတဲ့ နေရာမှာ ကျနော်တို့ကတော့ ထောက်ပြပါတယ်။ NCA ထိုးချင်တဲ့ အချက်လည်း လိုတယ်။ ပြီးတော့ ကျနော်တို့ ပြည်နယ်မှာ အခုချိန်ထိ ဖြေရှင်းနေရတဲ့ ပြသနာတွေ ရှိနေတယ်။ ပြသနာတွေလည်း ထပ်ဖြစ်နေတယ်။ လူထု၊ တောင်သူလယ်သမားနဲ့ စစ်တပ်တွေကြားထဲမှာ အစိုးရဖြစ်ဖြစ် အရပ်ဖက် အဖွဲ့အစည်းတွေကြားမှာဖြစ်ဖြစ် အစိုးရက မတည်ငြိမ်အောင် လုပ်နေတဲ့ ကိစ္စတွေ၊ တချို့ဟာတွေ ကျနော်တို့ ဖြေရှင်းရမဲ့ ကိစ္စလေးတွေ ရှိနေတယ်။ ဒါတွေကို တဖက်မှာ အားလုံး ရှင်းပြီးမှ နောက်တဆင့်ကို သွားဖို့ ဖြစ်နိုင်တာပေါ့လေ။ အဲ့တော့ တဖက်မှာလည်း အခက်ခဲ ဖြစ်နေတယ်။ နောက်တခါ NCA ထိုးထားတဲ့ အဖွဲ့တွေ ကိုယ်တိုင်ကိုက သွားရမဲ့ လမ်းကြောင်းတွေက စောနက ကျနော်တို့ ပြောခဲ့သလို တတိယအကြိမ် ပင်လုံညီလာခံ ဥပမာတွေပေါ့နော။ သူတို့ကတော့ အလေးထားတယ်ဖြစ်မှာပေါ့။ ဒါပေမဲ့ တချို့ဟာတွေ ဖြစ်မလာဘူး။ ဖြစ်မလာတော့ ရှေ့မှာ အကောင်အထည်ဖော် လက်မှတ်ထိုးတဲ့အဖွဲ့တွေလည်း အားလုံး သိမြင်ကြတဲ့အတိုင်းပဲလေ။ ဆိုတော့ နောက်တက်လာမဲ့ သူတွေအတွက် ဘာ အာမခံချက်တွေ ရှိမလဲပေါ့လေ။ အဲ့ဒီမေးခွန်းတွေက မေးစရာ ဖြစ်လာတယ်။ နောက်တခုကတော့ ခုနက ကျနော်တို့ ပြောသလိုပေါ့။ ခုနက ကျနော်ထောက်ပြတဲ့ ပြသနာတွေကို လက်ရှိ လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ကို ဒီအစုအဖွဲ့လေးနဲ့တောင်မှ ထိန်းချုပ်လို့ မရဘူးလို့ ကျနော်တို့ ပြောနေတဲ့အပေါ်မှာ ကျနော်တို့ ထပ်ထိုးမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။

အဲ့တော့ အားလုံ လက်မှတ်ထိုးကြ၊ အပစ်ခတ်ရပ်စဲရေးတွေ လုပ်ကြ၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနည်းကို လုပ်ကြ၊ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆွေးနွေးကြမယ်ပေါ့။ ပါတီတွေ လုပ်ကြ ဆိုပြီးတော့ ပြောတယ်ပေါ့နော။ တွေ့ရင် အစိုးရဖက်ကလည်း ဒါပဲ သူတို့ ပြောစရာ ရှိတယ်။ ကျနော်တို့ ဖက်ကလည်း ပြောစရာစကားတွေ ကုန်နေတယ်လေ။ ဘာမှ ရှင်းရှင်း လုပ်ပြတာ မရှိတော့ ကျနော်တို့အတွက် သိပ်ပြီးတော့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြောပေါ့လေ။ ဒီဆွေးနွေးပွဲတွေမှာတော့ ကျနော်တို့က ပြည်ထောင်စုအဆင့်မှာ ဝင်ဆွေးနွေးခွင့်ရနိုင်မဲ့ ကိစ္စတွေ ရှိလာခဲ့ရင်တော့ ကျနော်တို့က ဆွေးနွေးမှာပါ။

မေး ။ ။ ပြည်နယ်အစိုးရနဲ့ သဘောတူထားတဲ့ လစဉ်တွေ့ဆုံမှုတွေကော အခြေအနေဘယ်လို ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ လစဉ် အစည်းအဝေးလုပ်ဖို့ ထားထားပါတယ်။ ဒါပေမဲ့ ပြသနာက ဘာလဲဆိုတော့ ပြည်နယ်အစိုးရဖက်ကပေါ့နော။ သူတို့က ကျနော်တို့အပေါ်မှာ ပြသနာ ရှင်းရမဲ့ဟာတွေကို အစိုးရအဖွဲ့က အတွင်းရေးမှူးအဖွဲ့တို့ အဲ့ဒါကိုပဲ လွတ်ထားတယ်။ အဲ့ဒါတွေနဲ့ပဲ လာဆွေးနွေးခိုင်းတော့ အဆင်မပြေဘူး။ ကျနော်တို့ကျတော့ အကုန်ဆွေးနွေးတယ်။ ဗဟိုကော်မတီက ဆွေးနွေးတယ်။ ပြည်နယ်အတွင်း ဖြစ်ပျက်တောတွေကို ဆွေးနွေးတယ်။ ဒါပေမဲ့ ပြသနာက အစိုးရက တက်လာတာက တပ်က ဆိုရင်လည်း ပြောခွင့်မရှိတဲ့ အဆင့်၊ ရဲဆိုလည်း ရဲမှူးအဆင့်၊ အစိုးရဆိုလည်း အတွင်းရေးမှူးအဆင့်ပဲ တက်လာတော့ ပြည်နယ်ဝန်ကြီးတွေ ပြောခွင့် ရှိသူတွေ မပါတော့ ကျနော်တို့က သူတို့ကိုပြောတယ်။ လက်ရှိ ပြသနာတွေက ဆွေးနွေးဖို့က ကျနော်တို့ဖက်က တက်တာ ဥက္ကဌ တို့၊ ဒုဥက္ကဌတို့ ဖြစ်နေတယ် ဆိုတော့ ဒါတွေက ဆွေးနွေးလို့ မဖြစ်ဘူးလေနော။ ဒါတွေကိုလည်း ပြည်ထောင်စုကို ပြောပါတယ်။ ပြောရေးဆိုခွင့် လာပြီးတော့ ညှိနှိုင်းဆွေးနွေး ကူမယ်ပေါ့လေ။ ဒါပေမဲ့ အဲ့ဟာတွေက ဖြစ်မလာဘူးလေ။ ဆိုတော့ ပြည်နယ်အစိုးရက ကျနော်တို့အပေါ်မှာ သိပ်ပြီးတော့ စေတနာ မရှိဘူး။ ကျနော်တို့ကို လိုတဲ့အခါမှာ ခေါ်ပြီးတော့ ညှိမယ်၊ ပြောမယ် အဲ့လောက်ပဲ ထားတယ်ပေါ့နော။ အဲ့လို ရှိတော့ ဒီအစည်းအဝေးက အဆင်မပြေဘူး။ အရင်တုန်းကလိုပဲ ပြန်ဖြစ်တယ်။ တခါတလေ ကျရင် ငါးလ တခါလောက်ပဲ ပြန်ဖြစ်သွားတာတွေ ရှိလာနိုင်တာပေါ့။ သုံးလ တကြိမ်လည်း ဖြစ်လာတာတွေ ရှိသွားတာပေ့ါ။ ဒါပေမဲ့ အဲ့ဒါကတော့ ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပြသနာတွေ ဖြေရှင်းလို့ မရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ ဖြေရှင်းဖို့ လိုနေတဲ့ ပြသနာတွေလည်း ရှိနေတော့ ဆက်သွားဖြစ်မှာပါ။ အခုက ကိုဗစ်ကာလမို့လို့လည်း ရပ်ဆိုင်းထားတာပါ။

မေး ။ ။ ကိုဗစ် ပြီးသွားရင်တော့ ပုံမှန် ပြန်တွေ့ဖို့ အစီစဉ်ရှိတယ်ပေါ့နော။

ဖြေ ။ ။ ရှိလောက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြောစရာ၊ ဆိုစရာ ကိစ္စတွေက များလာပြီလေ။

မေး ။ ။ ဟုတ်ကဲ့ပါ။ နောက်ဆုံးတခုအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ တရားစွဲဆိုခံရပြီး အချုပ်ကျခဲ့ကြတဲ့ လွိုင်ကော်ရော၊ ဒီးမောဆိုက တောင်သူတချို့ကို အခုလက်ရှိမှာ ပြင်ဆင်ချက်တွေ ထပ်တက်ထားတာ ရှိတယ်ရှင့်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဆရာ ဘာများ ပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ အဲ့ဒါတွေကို ကျနော်တို့ကြားထားတာတွေ ရှိပါတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့ စဉ်းစားပါတယ်။ ပြည်နယ်ပိုင်းမှာ တချို့ တာဝန်ရှိတဲ့သူတွေ ဒီအပိုင်းတွေကို ပြေလည် ညှိနှိုင်းပြီးတော့မှ ဆွေးနွေးနေတယ်လို့ ကြားတော့ ကျနော်တို့ဖက်က ရှေ့တော့ မထွက်လာသေးဘူးပေါ့နော။ အခုကလည်း ပြသနာက ကျနော်တို့ အစိုးရနဲ့ တပ်မတော် မဆွေးနွေးရသေးဘူး။ တွေ့ရင်တော့ ဆွေးနွေးစရာ အချက်အနေနဲ့ သေချာပေါက် ထည့်မှာပေ့ါ။

မေး ။ ။ ဟုတ်ကဲ့ပါ။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဆရာ့ဖက်က ထပ်မံ ဖြည့်စွက်ပြောကြားချင်တာများ ရှိသေးလားရှင့်။

ဖြေ ။ ။ ဖြည့်စွက်ပြောချင်စရာ ဆိုရင်တော့ ကျနော်တို့က ၂၀၁၂ ကတည်းက ကျနော်တို့ ပြန်လာတယ်။ ပြန်လာတဲ့အခါမှာ အစိုးရ နှစ်ရပ်ကို ကျနော်တို့ ဖြတ်သန်းခဲ့တယ်။ ပထမတကြိမ်ကတော့ ကြံ့ခိုင်ရေး အစိုးရလို့ပဲ ပြောရမှာပေါ့နော။ နောက်တခုက အခု NLD အစိုးရပေါ့ ။ သူတို့ ပြောနေကြတာကတော့ ကြံ့ခိုင်ရေး အစိုးရကို စစ်တပ်တပိုင်း အစိုးရပေါ့လေ။ နောက် NLD က ဒီမိုကရေစီ အစိုးရပေါ့။ ဒါပေမဲ့ ဒီ NLD အစိုးရက လူတွေနဲ့ မပေါင်းတတ်ဘူး။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လုံးဝ မပေါင်းတတ်ဘူး။ ကျနော်တို့အပေါ်မှာ နားလည်မှု မရှိဘူး။ အဲ့တော့ ဘယ်လောက်ပဲ ဒီမိုကရေစီဆန်ဆန်၊ ဘယ်လောက်ပဲ လူထု ရွေးချယ်မှုနဲ့ တက်လာ တက်လာ တိုင်းပြည်က ငြိမ်းချမ်းရေး မရပဲနဲ့ အစိုးရက ဘာမှ လုပ်လို့ မရဘူး။ အဲ့တော့ ငြိမ်းချမ်းရေး တကယ်ရချင်လို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ သဘောကောင်းလိုက်ပေါ့။ ရှေ့မှာက တမျိုး၊ နောက်မှာက တဖုံ လုပ်နေတာကတော့ အစိုးရ၊ ဝန်ကြီးဖြစ်ဖြစ်ပေါ့ပေ့ါလေ။ ဒီလိုပုံစံမျိုးနဲ့ပဲ သွားနေမယ်ဆိုရင်တော့ ဘာမှ အဓိပ္ပါယ် မရှိဘူးပေါ့လေ။ အဲ့တော့ ဒီ အစိုးရကပဲ ငြိမ်းချမ်းရေး တကယ်လိုချင်ရဲ့လား ဆိုတာ ပြောစရာ ဖြစ်လာတယ်။ အဲ့တော့ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် ကျနော်တို့က နောက်အစိုးရမှာပဲ ဖြစ်ဖြစ် ကျနော်တို့က ပေါင်းလို့ရမဲ့ အစိုးရတရပ်ကို ကျနော်တို့ ပိုပြီးတော့ မျော်လင့်လာတယ်။ အဲ့လိုတွေ ဖြစ်လာတာပေါ့။ နှောင်လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ တက်လာမဲ့ အစိုးရပေါ့။

ကျေးဇူးတင်ပါတယ်ရှင့်။

Most read this week

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...