“စစ်ပွဲကြားက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အတွက် လုံခြုံမှု ဖန်တီးပေးပါ”

“စစ်ပွဲကြားက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အတွက် လုံခြုံမှု ဖန်တီးပေးပါ”

သွေး(စစ်ကိုင်း) — ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ အပစ်အခတ်ရပ်စဲထားဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အဲဒီတိုက်တွန်းချက်ဟာ မြန်မာနိုင်ငံနဲ့ မဆိုင်သလို ဖြစ်နေတာကို အဆက်မပြတ် ထပ်ဖြစ်နေတဲ့ စစ်ပွဲတွေက သက်သေပြနေပါတယ်။ စစ်ဖြစ်ရာဒေသက ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ရှောင်တိမ်းပြေးလွှားရင်း မရေရာ မသေချာတဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း အပါအဝင်ပါ။

ရခိုင်ပြညနယ်နဲ့ ချင်းပြည်နယ်တို့မှာ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွား‌နေတဲ့ စစ်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။ လက်နက်ကြီးကျည် ကျလို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတေွ ရှိသလို ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေလည်း အများအပြားပါ။ သိပ်မကြာသေးခင် ကပဲ ချင်းပြည်နယ်၊ ပလက်ဝမြို့က ဘဏ်တစ်ခုအပေါ် လက်နက်ကြီးကျခဲ့လို့ အမျိုးသမီး တစ်ယောက်နဲ့ ကလေးနှစ်‌ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဂျီနီဗာကွန်ဗင်းရှင်းမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆိုတဲ့ အချက် အတိအကျပါပေမယ့် လက်တွေ့စစ်ပွဲ ဖြစ်စဉ်တွေမှာတော့ တခြားစီ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ စစ်ဘေးဒုက္ခက လွတ်မြောက်အောင် ထွက်ပြေးနေရ တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ များပြားလာနေတာဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူ ၁ သိန်း ၆ သောင်းကျော်အထိ ရှိလာပြီး ချင်းပြည်နယ်မှာလည်း ၁ သောင်းနီးပါးအထိ ရှိလာနေပါတယ်။ အဲဒီအထဲမှာ အများဆုံးက အမျိုးသမီးနဲ့ လူမမယ်ကလေးငယ်တွေ ဖြစ်ပြီး အမိုးအကာ လုံခြုံမှုမရှိဘဲ ပုန်းခိုနေနေရတာပါ။ ဒါအပြင် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းနေရတဲ့ အဖြစ်ဆိုးတွေက တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။

ဒီလို ထွက်ပြေးရာမှာလည်း တချို့ အမျိုးသမီးတွေဆိုရင် တစ်လလောက်ကြာတဲ့ အထိ လမ်းလျှောက်ပြီး ခြေကျင်ခရီးနှင် တိမ်းရှောင်နေကြရလို့ သူတို့ ဘယ်လောက် ပင်ပန်းနေကြရမလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကလက်ချောင်း၊ မီးလက်ဝ စတဲ့ကျေးရွာတွေက အမျိုးသမီးတွေဟာ သူတို့ရွာမှာ မနေရဲတော့တာကြောင့် တောတောင်တွေဖြတ်ပြီး ခြေကျင်ခရီး နှင်ခဲ့ကြရတာပါ။ ညဘက်တွေမှာ မီးမထွန်းရဲဘဲ တောင်ကြီးတွေကိုကျော် ချောက်ကမ်းပါးတွေဖြတ်ပြီး ဧပြီလကနေ ခြေကျင်လျှောက်လာတာ မေလထဲမှာမှ စစ်တွေကို ရောက်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူတို့ ဘယ်လောက် ဒုက္ခရောက်ပင်ပန်းနေမလဲ ဆိုတာ ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။

‌ဒေသအတွင်း စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ထပ်ဆင့်လာတဲ့ အပူတစ်ခုက Covid-19 ကပ်ရောဂါပါ။ တိုက်ပွဲတွေကြောင့် သူတို့ရွာကို ပြန်ဖို့မဖြစ်နိုင်သလို ရောဂါကူးစက်မှာကိုလည်း စိုးရိမ်နေပြန်တာကြောင့် တစ်ပူပေါ် နှစ်ပူဆင့်လာတဲ့ အပြင် စားရေး သောက်ရေးဆိုတဲ့ အပူတွေအဆင့်ဆင့်နဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ သူတို့ ဘဝတွေဟာ ဘယ်လောက်ခက်ခဲကြမ်းတမ်းနေမလဲ ဆိုတာ တွေးကြည့်ရုံနဲ့တင် စိတ်မကောင်း ဝမ်းနည်းစရာပါ။

စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရတယ် ဆိုရင်လည်း စခန်းတွေမှာ သန့်ရှင်းတဲ့ရေ ရရှိဖို့က ထင်သလောက် မလွယ်ကူပါဘူး။ အိမ်သာသုံးရေ အတွက်လည်း လုံလုံလောက်လောက် မရှိတာ၊ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေပါ ဖြစ်ပွားလာနိုင်ပါတယ်။ ဘူးသီးတောင်မြို့နယ်က မြောင်းနား စစ်ဘေးရှောင် စခန်းမှာ အမျိုးသမီး ၂၄ ဦးဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါတင် မကသေးပါဘူး၊ တချို့သော စစ်ဘေးရှောင်စခန်းတွေမှာ အစိုးရက ထောက်ပံ့ပေးနေတဲ့ ဆန်မရရှိလို့ ရိက္ခာပြတ်လပ်မှာကိုပါ စိုးရိမ်နေရပါတယ်။ ဒီကြားထဲ ကိုဗစ်ကာကွယ်ဖို့ လက်ဆေးဖို့တောင် ရေရှားပါးခက်ခဲတဲ့ အဖြစ်ကလည်း ထပ်ဆင့်လာသလို တချို့အမျိုးသမီးတွေဟာ ထမင်းဟင်းချက်ပြုတ်ဖို့နဲ့ သုံးရေ အတွက် စခန်းကနေ ၂ မိုင်လောက်ဝေးတဲ့ နေရာက ရေတွင်းအထိ သွားခပ်နေရပါတယ်။

စစ်ဘေးရှောင် စခန်းတွေ အတွင်း တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာ အိပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အသိပညာပေးမှုတွေ ပြုလုပ်နေတာ ရှိပေမဲ့… လိုအပ်တဲ့သောက်သုံးရေ၊ လက်ဆေးရည်၊ နှာခေါင်းစည်း စတဲ့ အခြေခံကျတဲ့ အရာတွေ လုံလုံလောက်လောက် မရှိပါဘူး။ စစ်ဘေးရှောင်စခန်း တော်တော်များများမှာ ဒီလို လိုအပ်ချက်တွေ အများအပြား ရှိနေဆဲပါ။

အမျိုးသမီးတွေ အနေနဲ့လည်း သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာလို့ မဖြစ်နိုင်တဲ့ အနေအထားဖြစ်နေတဲ့ အပြင် လတ်တလော အသက်ရှင်သန်ရေးကိုပဲ ဦးစားပေးနေရတာကြောင့် သူတို့ရဲ့ သားသမီးတွေကို ကျောင်းဆက်ထားနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘဲ မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ရိက္ခာပြတ်လပ်နေတဲ့ ကျေးရွာတွေမှာ ငှက်ပျောအူကိုပြုပ် ဟင်းလုပ်စားပြီး အသက်ဆက်နေရတဲ့ အမျိုးသမီးတွေတောင် ရှိပါတယ်။ ကလေးတွေကို အဆာပြေ ထမင်းကျွေးပြီး မိဘတွေက ရေသောက် နေရတာတွေေလည်း ရှိနေပါတယ်။ အာဟာရ ပြည့်ပြည့်ဝဝ မစားသောက်ရရင် ကလေးတွေဟာလည်း ကျန်းမာကြံ့ခိုင် သန်စွမ်းတဲ့ ကလေးတွေ ဖြစ်လာဖို့ မလွယ်ကူပါဘူး။ ထပ်ဆင့်ပြီး ပညာသင်ခွင့်ပါ ဆုံးရှုံးသွားမယ် ဆိုရင် ကလေးတွေရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အခွင့်အရေးပါ ဆုံးရှုံးသွားရဦးမယ့် အနေအထားပါ။

လတ်တလောမှာ တိုက်ပွဲတွေ မဖြစ်ပွားတော့ပေမဲ့ နေရပ်မပြန်နိုင်သေးတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ နေရပ်ကို မပြန်နိုင်ရသေးတဲ့ အကြောင်းရင်းတွေထဲမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ရှိပါတယ်။

၂၀၁၉ ခုနှစ် အတွင်းမှာပဲ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် ၁၆ ယောက် သေဆုံးပြီး ၃၆ ယောက် ပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့တယ် လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မပတ်သက်တဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိ ပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံစွာ နေထိုင်ရှင်သန်နိုင်ဖို့ အတွက် အစိုးရအနေနဲ့ မဖြစ်မနေ တာဝန်ယူလုပ်ဆောင်ပေးရမှာပါ။ ဘယ်လို မိခင်ကမှ သူတို့ သားသမီးတွေကို စစ်ဘေးရှောင်စခန်းမှာ ကြီးပြင်းစေချင်မှာ မဟုတ်သလို စာသင်ကျောင်းကို ကျောခိုင်းစေချင်မှာ မဟုတ်ပါဘူး။

မူရင်းရပ်ရွာတွေမှာ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်နိုင်ဖို့၊ စစ်ပွဲတွေကြောင့် ထိခိုက်မှု ကင်းဝေးစေဖို့၊ ကလေးသူငယ်တိုင်း ပညာသင်ယူခွင့် ရရှိစေဖို့၊ အမျိုးသမီးတွေ အတွက် ဘဝလုံခြုံမှု ရှိစေဖို့ အရေးယူ ဆောင်ရွက်ပေးဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ 

Most read this week

Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...