တိုင်းရင်းမီဒီယာများကို အလေးထား စာနာပါ

တိုင်းရင်းမီဒီယာများကို အလေးထား စာနာပါ

တိုင်းရင်းဒေသ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် ၂ ဦးကို ဒေသတွင်းရှိ သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီက ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် ထိန်းသိမ်း အနိုင်အထက်ပြုသည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး သတင်းမီဒီယာများမှ တစ်ဆင့်တစ်နိုင်ငံလုံးသို့ ထိုဖြစ်စဉ်ပျံ့နှံ့သွားသည်။

တစ်နိုင်ငံလုံးရှိ မီဒီယာ အဖွဲ့အစည်းအသီးသီးအနေဖြင့် ထိုဖြစ်စဉ်အပေါ်ဝိုင်းဝန်းကန့်ကွက်သံများ ပေါ်ထွက်လာ ပြီး တချို့ဆိုလျှင် ယခုဖြစ်စဉ်သည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုခြင်းဟု ဂရုဏာဒေါသော ဖြင့် မှတ်ချက်ပြုသည်။

ယခုဖြစ်စဉ်အပြင် ဒေသတွင်းအခြေပြု သို့မဟုတ် ဆိုင်ရာတိုင်းရင်းသားအလိုက် ရပ်တည်နေသည့် တိုင်းရင်း မီဒီယာများအား အသွင်မျိုးစုံဖြင့် စိန်ခေါ်ခြိမ်းခြောက်မှုများ နေ့တဓူဝ ကြုံတွေ့နေရသည့် အခက်အခဲများစွာရှိ နေသေးသည်ကို တိုင်းရင်းမီဒီယာ ညီအစ်ကိုများ အသိပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းမီဒီယာများ ပြည်တွင်း၌ လူသိများလာသည်မှာ ဆယ်စုနှစ် တစ်ခုမရှိသေးသည်ကို တွေ့ရသည်။ ထို့အပြင် ရန်ကုန်အခြေစိုက် မီဒီယာများအနေဖြင့်လည်း တိုင်းရင်းဒေသသတင်းများရေးသား ထုတ်ပြန်နိုင်မှုမှာ အကန့်အသတ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ရာတိုင်းရင်းသားတို့၏ နောက်ခံသမိုင်း၊ စာပေ၊ စကား၊ ယဉ်ကျေးမှု စသည်တို့ကိုနာလည်းနိုင်ရန်မှာမူ အချိန်ပေးရန်လိုသည်။

တိုင်းရင်းဒေသအများစုမှာ ပြည်တွင်းစစ်ဒဏ်ကို နဖူးတွေ့၊ ဒူးတွေ့ခံစားခဲ့ရပြီး အကျိုးဆက်အနေဖြင့် အကြောက် တရားဖြင့် နေထိုင်ခဲ့ရသူများဖြစ်သည်။ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ မြို့ပြနှင့် အလှမ်းဝေးပြီး အချို့ ဒေသများမှာ အစိုးရ အာဏာစက် အပြည့်အဝမရှိခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ သယံဇာတများကို အာဏာပိုင်း များနှင့် ပူးပေါင်းကာ မတရားထုတ်ယူမှု၊ ရိုးသားပြီး အေးချမ်းစွာနေတတ်သည့် တိုင်းရင်းသားများကို ဥပဒေပိုင်း နားလည်မှု အားနည်းသည်ကို အခွင့်ကောင်းယူကာ ဘိုးဘွားပိုင်မြေနေရာများ သိမ်းယူမှု စသည့် ဖြစ်စဉ်များ တိုင်းရင်းဒေသများတွင် ကြုံတွေ့နေရသည်။

ထိုသို့သော အခြေအနေများကို အများပြည်သူသိရှိနိုင်ရန် အဓိကအားထုတ်ကြိုးပမ်းသူများမှာ တိုင်းရင်းမီဒီယာ များဖြစ်သည်။ တိုင်းရင်းမီဒီယာများအနေဖြင့် အကျိုးအမြတ်ရယူရေးထက် မိမိဒေသ၊ မိမိလူမျိုးအသံ အများ ပြည်သူသိရှိနားလည်နိုင်ရေးအတွက် စားရရုံမဆိုစလောက် ဝင်ငွေလေးဖြင့် သတင်းကျင့်ဝတ်နှင့်အညီ လုပ်ကိုင် နေသူများဖြစ်သည်။ သို့သော်အချို့သောသူများက တိုင်းရင်းမီဒီယာများကို လူမျိုးစုအစွန်းရောက်များဟု နားလည်မှု လွဲမှားနေသည်ကို ဝမ်းနည်းဖွယ် တွေ့ရသည်။

တိုင်းရင်းဒေသများတွင် သတင်းရယူမှုအပိုင်းတွင် စိန်ခေါ်မှုများစွာရှိသည့် သတင်းရင်းမြစ်များ၏ အကြောက် တရားရှိနေသေးခြင်း၊ ပဋိပက္ခဖြစ်သည့်ဒေသများဆိုလျှင် သတင်းရယူရေးတော်တန်ရုံ မလွယ်ကူသလို လမ်း ပန်း ဆက်သွယ်ရေးဘက်ကို ကြည့်မည်ဆိုပါကလည်း ဥပမာအနေဖြင့် အလွယ်တကူအငှားယာဉ်ဖြင့် သတင်း ဖြစ်စဉ်ရှိရာသို့ သွားလာ၍ မရနိုင်သလို အများစုမှ လမ်းကြမ်းကြမ်းကို ဆိုင်ကယ်များဖြင့် သွားရခြင်းဖြစ်သည်။

ထို့အပြင် သတင်းဌာနကြီးများအနေဖြင့် တိုင်းရင်းမီဒီယာများထံမှ သတင်းများ တစ်ဆင့် ပြန်ဝယ်ယူရာတွင် သင့်တင့်သည့် အခြေအနေမျိုးမရှိသည်ကို ရံဖန်ရံခါတွေ့ရပြီး အချို့ဆိုလျှင် တစ်စုံတရာအဖိုးအခမပေးဘဲ အလွယ် တကူယူသုံးသည့် ဖြစ်စဉ်များလည်း ကြုံတွေ့နေရသည်။

မျက်မှောက် သတင်းဆက်သွယ်ရေး နည်းပညာတိုးတက်လာပြီး ကမ္ဘာရော၊ မြန်မာတွင်ပါ သတင်းမီဒီယာများ ရပ်တည်ရေး ခက်ခဲလာသည့် အခြေအနေကို အနည်းအများဆိုသလို ရင်ဆိုင်နေရပြီး တိုင်းရင်းမီဒီယာများ လည်း ဆက်ရှင်သန်ရေး လုံးပမ်းနေရသလို အချို့ဆိုလျှင် သတင်းဌာနကို ပိတ်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်ကို ဝမ်းနည်းစွာတွေ့ရသည်။

တိုင်းရင်းမီဒီယာများအနေဖြင့် ဈေးကွက်အကန့်အသတ်ရှိသလို အများစိတ်ဝင်စားမည့် သတင်းထက် မိမိတို့ တိုင်းရင်းသားတန်းတူအခွင့်အရေး၊ စာပေ၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေး စသည်တို့ကို အလေးထားတင်ပြရ သည့် သဘောရှိသည်။ ထို့အတွက် အခြားသူများထက်ဆိုင်ရာ တိုင်းရင်းသားများအနေဖြင့် ယခုလို အခြေအနေ မျိုးကို စာနာပြီး အလေးထားပေးပါရန် ကရင်သတင်းစဉ်က မေတ္တာရပ်ခံလိုသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...