လူမျိုးစုတစ်ခုစီတွင် ချစ်စရာကောင်းသော ဓလေ့ရိုးရာအလှများ ကိုယ်စီရှိကြသည်။ မြန်မာနိုင်ငံအတွင်း လူမျိုးစုများစွာ စုပေါင်းနေထိုင်သောကြောင့် လူမျိုးတစ်မျိုးစီ၏ “ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ ကိုးကွယ်ယုံကြည်မှု” ကိုယ်စီဖြင့် ကွဲပြားခြားနားမှုရှိသည်။ ထိုဓလေ့များကို တန်ဖိုးထားထိန်းသိမ်းခြင်းသည် မိမိတို့၏မျိုးနွယ်ကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်သည်။
ထိုဓလေ့ရိုးရာများသည် ယင်းလူမျိုးစု၏ ကိုယ်ပိုင်တန်ဖိုးပင်ဖြစ်သည်။ “ဘိုး၊ ဘေး၊ ဘီ၊ ဘင်” လက်ထက်မှစ၍ လက်ဆင့်ကမ်းထိန်းသိမ်းလာသော အမွေအနှစ်များသည် ယင်းလူမျိုးစု၏ပြယုဂ်ပင်ဖြစ်သည်။ မိမိတို့၏ဓလေ့ရိုးရာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မှုမပြု။ ထုတ်ဖော်မပြသနိုင်သော မျိုးနွယ်စုသည် တဖြည်းဖြည်းတိမ်ကော ပျောက်ပျက်သွားမည်ဖြစ်သည်။ အင်အားကြီးသူများက အမုန်းတရားဖြင့် မည်သည့်လူမျိုးတစ်မျိုး၏ ဓလေ့ရိုးရာကို စော်ကားပုတ်ခတ်ခြင်းမပြုရပါ။ ထိုသို့ပြုလုပ်သူသည် မဟာဝါဒဖုံးလွှမ်းပြီး အာဏာရှင်စရိုက်များ ဖော်ပြနေခြင်းပင်ဖြစ်သည်။
နှစ်စဉ် မိုးလေကင်းလွတ် သီတင်းကျွတ်အခါသမယ ပွင့်လင်းရာသီရောက်လျှင် နိုင်ငံရှိဒေသအရပ်ရပ်တွင် ရာသီပွဲများဆင်နွှဲကြသည်။ နေရာဒေသကိုလိုက်၍ ရာသီပွဲများတွင် ရိုးရာဓလေ့များစွာလည်း တွေ့မြင်နိုင်သည်။ အချို့သောအရပ်ဒေသများတွင် ထူးခြားသောဓလေ့များကိုလည်း တွေ့မြင်နိုင်သည်။ ထိုရိုးရာများကို ကြည့်ခြင်းအားဖြင့် ယင်းလူမျိုးစု၏ ယဉ်ကျေးမှုပျံ့နှံ့စိမ့်ဝင်လာပုံများ၊ လက်ဆင့်ကမ်း ထိန်းသိမ်းမှုများကိုလည်း ခန့်မှန်းနိုင်သည်။
ကရင်ပြည်နယ်တွင် နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း ကရင်ပြည်နယ်နေ့ပွဲတော်ကို ငါးရက်ဆက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ အနယ်နယ်အရပ်မှ စျေးသည်များသာမက ရွာနီးချုပ်စပ်မှ ဒေသခံများကလည်း ဒေသထွက်ပစ္စည်းများ စုံလင်စွာ လာရောက်ခင်းကျင်းရောင်းချကြသည်။ ကရင်ရိုးရာ ဒုံးယိမ်းပြိုင်ပွဲများ၊ ဆင်ယင်ထုံးဖွဲ့မှု အလှအပများစွာလည်း တွေ့မြင်နိုင်သည်။
ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ကရင်ရိုးရာပစ္စည်း အမှတ်တရရောင်းချသည့် ဆိုင်တန်းများလည်းရှိသည်။ ထိုအမှတ်တရပစ္စည်းဆိုင်များတွင် ကရင်လူမျိုးများနှင့် သက်ဆိုင်သော ရိုးရာပစ္စည်းအများစုကို တစ်စုတစည်းတည်း တွေ့မြင်နိုင်သည်။ ဌာနဆိုင်ရာ အမှတ်တရပြခန်းကြီးများလည်း ခမ်းနားထည်ဝါစွာ ဌာနအလိုက် ပြသထားသည်။ ကရင့်သမိုင်းဝင်ပုံရိပ်များ၊ ကရင်လူမျိုးစုတို့၏ ခေါင်းဆောင်ရုပ်ပုံလွှာများသည် ပွဲတော်၏ ပြယုဂ်ပင်ဖြစ်သည်။
ဘားအံအနီးတစ်ဝိုက် ကျေးရွာအများစုမှ ကျေးလက်နေပြည်သူများမှာ ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကြသည်။ ကရင်ပြည်နယ်နေ့ရောက်တိုင်း မိမိတို့၏ရိုးရာပွဲတော်ကို မျက်ဝါးထင်ထင် ဆင်နွှဲလိုသူများဖြစ်သည်။ ထို့ကြောင့် ပွဲတော်ရက်မတိုင်မီ တစ်နှစ်တစ်ကြိမ် မိမိနေရပ်သို့ပြန်လာပြီး မိမိတို့၏ရိုးရာပွဲကိုဆင်နွှဲကြသည်။ ထိုသို့ပြန်လာခြင်းသည် အဝေးရောက်မိသားစု ဆွေမျိုးသားချင်းများ တစ်စုတစည်းတည်း ဆုံကြချိန်လည်းဖြစ်သည်။
ဒေသခံ ကရင်တိုင်းရင်းသားများသည် ရိုးရာလက်ဝှေ့ဘက်တွင် အခြားတိုင်းရင်းသားများထက် လွန်စွာဝါသနာထုံသည်။ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးများလည်း ပွဲတော်အတွင်း ငါးရက်ဆက် နေ့စဉ်ကျင်းပသည်။ ဆုကြေးလည်း ကောင်းမွန်သောကြောင့် နယ်စပ်ဘက် ထိုင်းလက်ဝှေ့သမားများလည်း လာရောက်ထိုးသတ်ကြသောကြောင့် လက်ဝှေ့ဝါသနာရှင်များအကြိုက်ပင် ဖြစ်သည်။
ထိုပွဲတော်တွင် ထူးခြားသော စျေးတန်းတစ်ခုရှိသေးသည်။ မှိန်ပျပျ ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင် ခင်းကျင်းထားသော တောထမင်းဆိုင်လေးများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဆိုင်ရှေ့တွင် ခွေးခြေခုံပုလေး ငါးလုံးချထားသည်။ ဆိုင်ပေါ်တွင် ဟင်းအိုးလေးအိုးစီထားပြီး ထမင်းကို မီးဖိုပေါ်တွင် နွှေးထားသည်။ ရောင်းသူနေရာတွင် အဝတ်အစားနွမ်းနွမ်းနှင့် ကရင်အမျိုးသမီးကြီးတစ်ယောက် ထိုင်နေသည်။ ဆိုင်ကူဖော်လောင်ဖက်အတွက် ကရင်ပုဆိုးဝတ် ကရင်အမျိုးသားကြီးတစ်ယောက်က ဆေးပေါ့လိပ်ကိုခဲပြီး လာရောက်သူများကို ဖိတ်ခေါ်နေသည်။
စားသောက်သူများ ဆိုင်ထဲကိုဝင်လာပြီး ထမင်းဟင်းမှာယူမှသာ သံဇလုံထဲတွင် ပူပူနွေးနွေး ထမင်းနှင့်ဟင်းကို စုပုံထည့်ပေးသည်။ သီးစုံဟင်းချိုတစ်ခွက်ကို အရည်သောက် ချပေးသည်။ တို့စရာအဖြစ် ဒေသထွက်အသီးအရွက်များကို လင်ဗန်းတစ်ခုထဲစုထည့်ပြီး ကရင်ငပိထောင်းတစ်ခွက်နဲ့အတူ တောဓလေ့ဆန်ဆန်သဘာဝကျကျ စားသောက်ရသောကြောင့် တောထမင်းဆိုင်လေးအဖြစ် အမြင်ဆန်းသစ်နေပါသည်။
မိမိတို့လယ်မှထွက်သော ဆန်နှင့်အိမ်မှ မွေးမြူထားသော “ကြက်၊ ဝက်၊ ဘဲ၊ ကြက်ဆင်ႜ အသားလတ်လတ်ဆတ်ဆတ်တို့ကို တောဓလေ့ဆန်ဆန် ချက်ပြုတ်ထားသည့် ထမင်းဟင်းနံ့မှာ သင်းပျံ့နေသည်။ နယ်ခံများက လွန်စွာကြိုက်နှစ်သက်၍ ဆိုင်တိုင်းလိုလို လူပြတ်သည်မရှိ။ စားသောက်သူ ကြိတ်ကြိတ်တိုးနေသည်။ ထိုအထဲတွင် ကြက်ဆင်သားဟင်းသည် အထူးဟင်းလျာအဖြစ် ရောင်းချသည်။ နူးည့ံသော ကြက်ဆင်သားဟင်းနှင့် ခြံထွက်အတို့အမြှုပ်များ၊ ကရင်ငါးပိထောင်းတို့မှာ စားကောင်းပြီး လွန်စွာထမင်းမြိန်လှသည်။ ပွဲတော်သို့ လာရောက်သူအများစုမှာ ထိုတောထမင်းဆိုင်လေးများတွင် တကူးတက လာရောက်စားသောက်ကြသည်။
အထူးဟင်းလျာအဖြစ် ဖန်တီးထားသော ကြက်ဆင်သားသည် အမြဲရရှိသော အသားဟင်းမဟုတ်ပါ။ ကြက်ဆင်များသည် ခြောက်လတွင်တစ်ကြိမ်သာ သားပေါက်လေ့ရှိသည်။ ကြက်ဆင်တစ်ဝပ်တွင် ကောင်ရေ ၄၀ မှ ၆၀ ကြား သားပေါက်လေ့ရှိသည်။ သားပေါက်ပြီး ခြောက်လ၊ တစ်နှစ်ခန့်အကြာ၊ အလေးချိန် နှစ်ပိဿာကျော် သုံးပိဿာခန့်ရှိမှသာ ရောင်းချကြသည်။ ကြက်ဆင်တစ်ကောင်ကို ပိဿာချိန်အလိုက် ၁၃,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ခန့်စျေးရသည်ဟု ကြက်ဆင်မွေးမြူသူ ရွာသားတစ်ဦးက ပြောပြပါသည်။
ဒေသခံများက စီးပွားဖြစ် မွေးမြူကြသည်လည်းမဟုတ်။ ဘားအံမြို့အနီးတစ်ဝိုက်ရွာများတွင် အိမ်တိုင်းလိုလို တစ်နိုင်တစ်ပိုင် မွေးမြူ၍ ပွဲတော်ချိန်ရောက်မှသာလျှင် ချက်ပြုတ်ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ဟင်းလျာများမှာ ပွဲတော်ချိန်အတွင်း အလုံအလောက်ရရှိသည်။ တောထမင်းဆိုင်များသည် စျေးနှုန်းမများပါ။ အဆင်ပြေချိုသာသောစျေးနှုန်းဖြစ်၍ အဆင့်အတန်းမခွဲ ကရင်လူမျိုးတို့၏ လက်ရည်တပြင်တည်း လှပသောစိတ်ထားအလှကိုလည်း တွေ့မြင်နိုင်သည်။
တောထမင်းဆိုင်လေးများသည် ကျေးလက်နေ ကရင်ပြည်သူများ၏ ရိုးရှင်းသောဓလေ့ဟန်ပန်များကို ဖော်ပြနေသည်။ ကရင်လူမျိုးစုတို့၏ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေချစ်စရာစရိုက်များကိုလည်း ခံစားရမည်ဖြစ်သည်။ ဒုံးယိမ်အကသည် ကရင်လူမျိုးစုတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာအလှတရား စစ်စစ်ပင်ဖြစ်သည်။ ဇွဲကပင်တောင်ကမ်းပါးယံမှ ပျံ့နှံ့ထွက်လာသော ဖားစည်သံသည် ကရင်ပြည်နယ်ပွဲသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်နေသလိုပင်။
ကရင်ပြည်နယ်ပွဲသို့ လာရောက်လည်ပတ်ရင်း ပြည်နယ်တွင်းရှိ အခြားတန်ခိုးကြီးဘုရားများ၊ သမိုင်းဝင်ဂူဘုရားကို သွားရောက်လည်ပတ်နိုင်သည်။ မှိန်ပျပျအလင်းရောင်အောက်မှ တောထမင်းဆိုင်လေးများတွင် သင်းပျံ့သောမေတ္တာရနံ့များ ထုံမွှမ်းနေပါလိမ့်မည်။ နူးည့ံပြီး ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် ကြက်ဆင်သားဟင်းနှင့် ဒေသထွက်အတို့အမြှုပ်တို့ဖြင့် သဘာဝကျကျခင်းကျင်းထားသည့် တောထမင်းဆိုင်လေးများသည် ဟန်ဆောင်မှုကင်းပြီး ဖော်ရွေသောဓလေ့ကို ခံစားနိုင်မည်ဖြစ်ပါသည်။