အစိုးရသစ် သက်တမ်း ၁၀ လအတွင်း မြန်မာ့စီးပွားရေး အပြောင်းအလဲ

အစိုးရသစ် သက်တမ်း ၁၀ လအတွင်း မြန်မာ့စီးပွားရေး အပြောင်းအလဲ
by -
မဇ္ဈိမ
မင်္ဂလာပါရှင့်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်တင်မြောက်လိုက်တဲ့ အရပ်သားအစိုးရ စတင်တာဝန်ယူခဲ့တာ အခုဆိုရင် ၁၀ လပြည့်သွားပြီဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ပြည်သူတွေမျှော်လင့်ခဲ့ကြတာပါ။ အစိုးရရဲ့ ၁၀ လတာ သက်တမ်းအတွင်း မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်မှုဘာတွေရှိခဲ့သလဲ။ လာမဲ့ အနာဂတ်မှာ စီးပွားရေးအခြေအနေ ဘယ်လိုပြောင်းလဲမှုတွေရှိနိုင်လဲဆိုတာနဲ့ပတ်သတ်လို့ ရှုထောင့်စုံကနေ သိနိုင်ဖို့ စီးပွားရေးပညာရှင် ဆရာခင်မောင်ညို (ဘောဂဗေဒ)ကို တွေ့ဆုံမေးမြန်းပေးသွားမှာဖြစ်ပါတယ်။

မင်္ဂလာပါရှင့်

မေး - အခုဆိုရင် NLD အစိုးရ တာဝန်ယူတာ ၁၀ လပြည့်သွားပြီပေါ့။ ဒီ ၁၀ လတာကာလအတွင်း စီးပွားရေးတိုးတက်မှု ဘယ်လိုအခြေအနေရှိခဲ့လဲဆိုတာ စပြီးသုံးသပ်ပေးပါဦးဆရာ။

ဖြေ - အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲ။ ဒီ ၁၀ လအတွင်းမှာတော့ တိုးတက်မှုနှုန်း နိမ့်ခဲ့တယ်ပေါ့။ အဲဒီမှာလည်း အကြာင်းတွေရှိခဲ့တယ်။ သဘာဝကျပါတယ်။ သူ့ရဲ့မူဝါဒအခင်းအကျင်းတွေ လုပ်နေရတာရှိတယ်။ နောက်တစ်ခါ ဖွဲ့စည်းပုံတွေ ပြန်ပြောင်းနေရတာရှိတယ်။ ခါတိုင်း ထိန်းချုပ်မှုမရှိတဲ့ သစ်တို့၊ ကျောက်မျက်တို့ကို ထိန်းချုပ်ခဲ့တာရှိတယ်။ အဲဒီအခါကြတော့ ဒီဖက်ကာလအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက နှေးကွေးခဲ့တယ်။

မေး - ယခင်အစိုးရလက်ထက်က ဒေါ်လာစျေးတွေ သိပ်မတက်ခဲ့ပေမဲ့ အခုလက်ရှိ အစိုးရလက်ထက်မှာတော့ အမေရိကန်ဒေါ်လာစျေးဟာ ၁၅၀၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဒီလိုဒေါ်လာစျေးတက်တာဟာ မြန်မာ့စီးပွားရေးကို ဘယ်လိုရိုက်ခတ်မှုတွေရှိနိုင်လဲဆရာ။

ဖြေ - ဒေါ်လာစျေးတက်တဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ မြန်မာနိုင်ငံကပို့တဲ့ ကုန်ပစ္စည်းတွေစျေးသက်သာတယ်။ စျေးပေါတယ်။ သွင်းကုန်တွေ စျေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သွင်းကုန်တွေ စျေးကြီးရင် လျှော့သွင်း၊ ပို့ကုန်ကတော့ ပိုပို့နိုင်မယ်ပေါ့။ လက်တွေ့မှာတော့ ဆရာတို့ အဲလို ဒေါ်လာစျေးတက်တဲ့ မြန်မာငွေစျေးကျတဲ့ အကျိုးကျေးဇူးတွေကို မခံစားကြရဘူး။ ဒေါ်လာစျေးတက်တာပဲ အဖတ်တင်တယ်ပေါ့။

မေး - NLD အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ကတိပြုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို အပြည့်အဝ ရုတ်သိမ်းနိုင်လိုက်ပြီး နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုတွေအများကြီး ၀င်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလောက်မဖြစ်လာခဲ့ပါဘူး။ အခုဆိုရင်လည်း အမေရိကန်နိုင်ငံရေးအပြောင်းလဲတွေရှိနေတော့   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ ဘယ်လိုဆက်ပြီးဖြစ်လာနိုင်လဲရှင့်။

ဖြေ - ရင်းနှီးမြှုပ်နှံမှုကတော့ ဒီအစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်ဖွဲ့တာကိုက အတော်လေးကြန့်ကြာခဲ့တယ်။ နောက် အရင်အစိုးရလက်ထက်က ကျန်ခဲ့တဲ့ အဆိုပြုလွှာတွေကို ဒီဘက်မှာ အတော်လေးရှင်းယူရတယ်။ ဆရာတို့ အခွင့်အရေးမယူနိုင်တာကတော့ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်တာပေါ့။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။ အထူးသဖြင့် အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ဒါပေမဲ့ တကယ့်တကယ်လက်တွေ့မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အချိန်ယူတဲ့သဘောရှိတယ်။ အဲဒီတော့ ကောင်းတဲ့ဘက်ကကြည့်ရင် စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်တယ် ။ ဒါပေမယ့် အခုတက်လာတဲ့ ဒေါ်နယ်ထရန့်မ်က မြန်မာနိုင်ငံအပါအဝင် အာရှကို အာရုံစိုက်မှုနည်းတဲ့အခါကြတော့ အမေရိကန်ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာပါ့မလားဆိုတာ စိုးရိမ်စရာရှိတယ်။

မေး - တကယ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုလို့ရှိရင်ကော မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲရှင့်။

ဖြေ - ပုဂ္ဂလိက လုပ်ငန်းတွေက စိုးရိမ်ပူပန်ကြတာတွေရှိတယ်။ အခုဒီနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာလို့ရှိရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ထိမှာလားပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ အခုထိ သိသိသာသာမဝင်သေးဘူး။ ဒါပေမယ့် စောစောကပြောတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ၁၈ % လောက် တစ်နှစ် နှစ်နှစ်အတွင်း ပိတ် ပိတ်သွားကြတယ်။ ဆိုလိုတာကတော့ ၅ ပုံ ၁ ပုံလောက် ပိတ်သွားတယ် ။ ပိတ်သွားတာကတော့ လုပ်ငန်းသေးသေးလေးတွေပေါ့။ ဒါဟာ စွမ်းရည်နိမ့်လို့ ပြိုင်ဆိုင်များတဲ့အခါ စွမ်းရည်နိမ့်တဲ့လုပ်ငန်းက ပိတ်သွားတာထုံးစံပဲလို့ ကမ္ဘာ့ဘဏ်က မြင်တယ်။

 မေး - ၂၀၁၆ - ၂၀၁၇ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်းဟာ ရ.၈ % ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပေမဲ့ လက်တွေ့မှာတော့ တိုးတက်မှုက ၆.၅ % ပဲရှိခဲ့တယ်လို့ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်ရှင့်။ ဒီတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ထင်ထားသလောက် တိုးတက်မှုမရှိခဲ့တာ ဘာ့ကြောင့်ပါလဲရှင့်။

ဖြေ -  သူတို့ ခန့်မှန်းတဲ့နှုန်းကတောင်မှ မြင့်သေးတယ်။ သမ္မတကြီးက ဘဏ္ဍရေးကော်မရှင်နဲ့ စီမံကိန်းကော်မရှင်မှာပြောခဲ့တာက  ၅.၇ % ပဲရှိတယ်။ သူတို့ကမှ ၆ %ကျော်သေးတယ်ပေါ့။ အကြောင်းတရားတွေက အများကြီးပါ။ ကမ္ဘာ့ဝယ်အားကျဆင်းတာလည်း ပါတယ်။ မြန်မာနိုင်ငံက ပို့ကုန်တွေ အထူးသဖြင့် လယ်ယာထွက်ကုန်တွေ မပို့နိုင်ဘူး။ သဘာဝဓာတ်ငွေ့တို့ ရေနံတို့က စျေးကျတယ်။ ကျောက်မျက်တို့၊ သစ်တို့ကို ထိန်းထားတဲ့အကြောင်းတရားလည်း ပါတယ်။ NLD အစိုးရရဲ့ မူဝါဒကိုက ဒေသအလိုက် ဖွံ့ဖြိုးဖို့ ညီတူညီမျှတိုးတက်ဖို့၊ အားလုံးပါ၀င်တဲ့ စီးပွားရေးတိုးတက်မှုဖြစ်ဖို့ ဆိုပြီး ပြောတဲ့အခါကြတော့ သူကိုယ်တိုင်ကိုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထက် ညီမျှမှုကို ဦးစားပေးတဲ့ သဘာမျိုးကိုတွေ့ရပါတယ်။

မေး - မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနဲ့ ပတ်သတ်ပြီးတော့  ရ.၁ % ထိတိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဆရာ့အနေနဲ့ကော မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ဘယ်လိုရှိနိုင်လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ - အားလုံးမျှော်မှန်းကြတာကတော့ အခုဒီဘက် ၂၀၁၆ ထဲမှာတော့ ပြင်ဆင်တာတွေ အခြအနေကောင်းအောင်လုပ်တာ တည်ဆောက်တာတွေနဲ့ အလုပ်များခဲ့တယ်ပေါ့။ ဒီပြင်ဆင်ရေးလုပ်ငန်းတွေ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ အခြေကျမယ်။ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်မယ်။ ရင်းနှီးမြှုပ်နှံမှု ၀င်မယ်။ စီးပွားရေးတိုးတက်မှု ရ % ထိ ပြန်တက်မယ်။ ငွေကြေးဖောင်းပွမှုနှုန်းက အခုဆို ၁၀ ဂဏန်း ၀န်းကျင်မှာရှိနေတယ်။ ငွေဖောင်းပွမှုနှုန်းကတော့ လာမဲ့ ၃ နှစ်အတွင်း ထိန်းချုပ်နိုင်လိမ့်မယ်။  ဘတ်ဂျက်လိုငွေတွေလည်း ထိန်းသွားနိုင်မယ်လို့ အကောင်းဘက်ကနေ မျှော်လင့်ကြတာများပါတယ်။

NLD အစိုးရသက်တမ်း ၁၀ လတာအတွင်း မြန်မာနိုင်ငံစီးပွားရေးအခြေအနေ ဘယ်လောက်တိုးတက်ခဲ့တယ်။ လာမဲ့အနာဂတ်မှာ စီးပွားရေး အပြောင်းအလဲ ဘာတွေရှိနိုင်တယ်ဆိုတဲ့အပေါ် စီးပွားရေးပညာရှင်ဆရာခင်မောင်ညို ဘောဂဗေဒကို တွေ့ဆုံမေးမြန်းပေးခဲ့တာဖြစ်ပါတယ်ရှင်။ ကျွန်မ ဗျူးလာဦးပါ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...