မေး ။ ။ ဒီလ နှောင်းပိုင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲရှိမယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီဇင်ဘာလ ၂၇-၂၈-၂၉ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ ဒုတိယ အကြိမ် တွေ့ဆုံ နှီးနှောဖလှယ်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ကလည်း အခုလိုအချိန်မျိုး မှာလည်း ပထမအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတုန်းကလည်း လူငယ်တွေ့ဆုံပွဲ ထပ်ရှိသင့် တယ်။ ၂ နှစ် တကြိမ်တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမယ်။ အမှုဆောင်တွေ အကြီးအကဲ တွေကို ပြန်လည်ရွေးချယ်မယ်လို့ သဘောတူထားတဲ့အတွက် အခုတခါမှ ပြန်လည်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
မေး ။ ။ အခုတခေါက်လုပ်မယ့်တွေ့ဆုံပွဲနဲ့ အရင်တခေါက်လုပ်ခဲ့တဲ့ တွေ့ဆုံပွဲ ဘယ်လိုကွာခြားမှုရှိ တယ်လို့မြင်ပါသလဲ။
ဖြေ ။ ။ ပထမတကြိမ်လုပ်တုန်းကတော့ အခြေအနေကိုကြည့်ပြီးတော့ လူငယ်တွေ အကြောက်တရား ကြားက တွေ့ဆုံမှုလေး လုပ်သွားရတယ်။ အတွေ့အကြုံအသစ်ပေါ့နော်။ သျှမ်းလူငယ်တွေအတွက် အထိမ်းအမှတ်တခုပေါ့။ ဒါမယ့်ဟိုတချိန်က ကျနော်တို့ လူငယ်တွေ ကြံ့ကြံ့မခံခဲ့ လို့ရှိရင် အခု တခေါက်ဆိုတာရှိလာမှာ မဟုတ်ဘူး ။ ဆိုတော့ အခုလုပ်မယ့် ဟာက အရင်တခါထက် ပိုပြီးတော့ လွတ်လပ်မှုရှိလာတယ်လို့ ပြောရပါမယ်။ အရင်တခေါက်က ကျနော်တို့ အလုပ်အမှုဆောင်ကော်မတီ (ယာယီ)နဲ့ပဲ အလုပ်လုပ်သွားတယ်။ အဲဒီ ၂၀၁၃ တွေ့ဆုံမှုကနေ သျှမ်းလူငယ်ကွန်ရက်ကို ဖွဲ့စည်း နိုင်ခဲ့တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များတွေ့ဆုံပွဲကို သျှမ်းလူငယ်ကွန်ရက်ကနေ ဦးဆောင်ကျင်းပခဲ့တယ်။ ပထမအကြိမ်တွေ့ဆုံပွဲမှာ လူငယ်တွေ လှုပ်ရှားတက်ကြွမှု သိပ်မရှိဘူး။ စိတ်ဝင်စားမှု သိပ်မရှိသေးဘူး။ ဒုတိယအကြိမ်ကျတော့ လူငယ်တွေ စိတ်ဝင်စားမှုပိုများလာတယ်။ အခုတခေါက် တွေ့ဆုံ ပွဲလာတက်မယ့် လူငယ် ၄ဝဝ - ၅ဝဝ လောက်ရှိမယ်လို့ သိရပါတယ်။ ပထမ တခေါက်က ၃ဝဝ ပဲ ရှိပါတယ်။
မေး ။ ။ အထူးဧည့်သည်အဖြစ် ဘယ်သူတွေကို ဖိတ်ကြားထားပါသလဲ။
ဖြေ ။ ။ အထူးဖိတ်တာတော့ မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သျှမ်းလူငယ်ကွန်ရက်က ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့လက်အောက်မှ မဟုတ်ဘူး။ ကိုယ်ခြေထောက်ပေါ်မှာ ရပ်တည်ပြီးတော့ အမျိုးသားရေးအတွက် ဆက်လျှောက်သွားမယ်။ အဲတာကြောင့် ကျနော်တို့လူငယ်တွေကပဲ ကိုယ်ထူ ကိုယ်ထ လုပ်သွားမယ်လို့ စီစဉ်ထားတယ်။ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းသွား ကြည့်မယ်။ ရလာတဲ့အတွေ့ အကြုံတွေကို ဖလှယ်သွားမယ်။ အဲတာကြောင့် ခုချိန်ထိတော့ ဘယ်သူ့ ကိုမှ မဖိတ်ရသေးပါဘူး။
မေး ။ ။ ကျနော်တို့ဒီ ၂ နှစ်တာကာလကိုပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဆွေးနွေးပွဲက ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်ဖော်နိုင်ခဲ့တယ်လို့ မြင်ပါသလား ။ ဘာတွေကျန်သေးလဲ။
ဖြေ ။ ။ ၂၀၁၃ တုန်းက ကျနော်တို့ တက်ရောက်လာတဲ့လူငယ်တွေဆီက အကြံအဉာဏ်တွေ နားထောင်တယ်။ အတွေ့အကြုံတွေဖလှယ်တယ်။ ဆွေးနွေးတယ်။ သဘောတူညီ ချက်တွေရယူ ကြပြီးတော့ ဒီဖြတ်သန်းလာခဲ့တဲ့ ၂ နှစ်တာကာလအတွင်းကို ကျနော်တို့ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျနော်တို့ မျှော်လင့်ထားတာထက်ကို ပိုပြီးတော့တောင် လုပ်နိုင်ပါသေးတယ်။ မူးယစ်ဆေးလား၊ စစ်ဘေးရှောင်ကူညီရေးလား၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေးစသည်တို့တွေမှာလုပ်ပါတယ်။ လူငယ် တွေ ဒီကိစ္စမှာ စိတ်ဝင်စားလာအောင်လည်း TYN က ဦးဆောင်ပြီးတော့ တောင်တက်တယ်။ ပတ်ဝန်းကျင်လေ့လာတယ် ။ စာပေဟောပြောပွဲတွေ လုပ်တယ်။ ဒါကြောင့် ဒီအခုတခေါက် တွေ့ဆုံပွဲမှာ ဖြတ်သန်းလာခဲ့တဲ့ ၂ နှစ် အတွေ့အကြုံတွေကို ပြန်လည်ရှင်းလင်းပွဲလေး လုပ်မယ်။ အသစ်ဝင်လာတဲ့ လူငယ်တွေကိုလည်း လာမယ့်နှစ်မှာ လုပ်မယ့်အလုပ်တွေအတွက် ဘယ်လိုပြင်ဆင် ထားရမယ်စတာတွေပေါ့နော်။
မေး ။ ။ လူငယ်က လွတ်လပ်စွာ အလုပ်လုပ်သွားချင်တယ်လို့ ပြောတယ်။ နိုင်ငံရေးမှာ လူငယ် ပါဝင်ခွင့်နဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ လူငယ်ဆိုတာ အနာဂတ်နိုင်ငံရေးရဲ့မျိုးဆက်သစ်လေ ။ တကယ်လို့ အခုချိန်မှာ လူငယ်က နိုင်ငံရေးမှာ ဝင်ရောက်လုပ်ဆောင်ခြင်းမပြုရင် အနာဂတ်နိုင်ငံရေးမှာ သူများတွေကလာပြီး ဦးဆောင် ဦးရွက်ပြုမှာကို မြင်ယောင်နေမိတယ်။ နောက်တခု နိုင်ငံရေးနဲ့ အမျိုးသားရေးဆိုတာ လူငယ်နဲ့ ကင်းကွာလို့ မရဘူး။ အရင်က ကျနော်တို့တွေ နိုင်ငံရေး အမျိုးသားရေးမှာ စိတ်ဝင်စားမှုမရှိခဲ့လို့ အခုလို ခံစားနေရတယ်။
ဒါတွေကို သင်ခန်းစာ ယူပြီးတော့ အနာဂတ်နိုင်ငံရေးမှာ လူငယ်တွေဦးဆောင်ဦး ရွက်ပြုနိုင်အောင် အတွက် ကျနော်တို့ ကြိုးစားရပါမယ်။ ဒီ ၂ နှစ်တာကာလအတွေ့အကြုံအရ နိုင်ငံရေးနဲ့ အမျိုးသား ရေးအပေါ် အခြေခံပြီးတော့မှ ကျနော်တို့လူငယ်တွေ ဦးဆောင်ဦးရွက်ပြုသွားမယ်လို့ တပ်အပ် ပြောနိုင်ပါတယ်။ တခါတလေတော့လည်း စိုးရိမ်ပူပန်မိပါတယ်။ ဒါကြောင့် တက်သစ်စ လူငယ်တွေကို ကျနော်တို့က လက်တွဲခေါ်ယူသွားပါမယ်။
မေး ။ ။ လူငယ့်ခေါင်းဆောင်တယောက်အနေနဲ့ လာမယ့်နိုင်ငံရေးမှာ ဘယ်ကဏ္ဍဍကနေ ဦးဆောင်ဦးရွက် ပြုသွားချင်ပါသလဲ။
ဖြေ ။ ။ အရင်က အပစ်ရပ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကျနော်တို့ လူကြီးတွေက ဦးဆောင်ပြု သွားတယ်။ ဒါပေမယ့် ကျနော်တို့လူငယ်တွေက လူကြီးတွေရဲ့ဆွေးနွေးမှု ကနေရလာတဲ့ သဘော တူညီချက်တွေကို မသိလိုက်ရတဲ့အတွက် အဲဒီမှာ သက်သေအဖြစ် ပါဝင်ခွင့်မလိုက်ရပါဘူး။ ခေါင်းဆောင်တွေ လူကြီးပိုင်းတွေက လူငယ်တွေအတွက် လက်ဆင့်ကမ်းမွေ ပေးမထားရင်တော့ ဒီနှစ်လွှာကြား ဝေးသထက် ဝေးသွားမယ်။ ဒါကြောင့် အနာဂတ်မှာ ထပ်ရှိလာနိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှု ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ မျိုးဆက်သစ် လူငယ်တွေကိုလည်း တတိယလူ (လေ့လာသူ) အနေနဲ့ ကြားမြင်သက်သေအဖြစ်ပါဝင် နားထောင်ခွင့်ပေး ဖို့လိုတယ်လို့ မြင်ပါတယ်။ ဒါမှသာ သမိုင်းပေး တာဝန်ကိုကျနော်တို့ ဆက်လက်ထမ်းဆောင်သွားမယ်။ အမျိုးဘာသာစာပေ အတွက် တိုက်ပွဲဝင်ကာ ကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ အခုဆိုရင် သျှမ်းပြည်တွင်း လူငယ်တွေ အခုလောလောဆယ်မှာ ဘာကို အထူးလိုအပ်နေ ပါသလဲ။
ဖြေ ။ ။ လူငယ်အရည်အချင်းမြင့်တင်ရေး လူငယ်တွေ့ဆုံဆွေးနွေးရေးလုပ်တုန်းက လူငယ်အများစု တင်ပြတောင်းဆိုလာ တာကတော့ လူငယ်တွေကြားမှာ ပျံ့ပွါးနေတဲ့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ မူးယစ်ဆေးကို လူငယ်တွေ အထူးတိုက်ဖျက်ချင်တယ်၊ ကန့်ကွက်ချင်တယ်။ နောက်တခုက ပညာရေးပေါ့နော်။ ကျေးလက်တောရွာမှာ ပညာရေးမြင့်တင်ဖို့ အထူးလိုအပ်နေပါ တယ်။ အစိုးရကလည်း ကြေညာချက် ထုတ်ပြန်ဖူးပါတယ်။ မြန်မာနိုင်ငံမှာ သျှမ်းပြည်ဟာ ပညာရေး အနိမ့်ကျဆုံးဖြစ်တယ်လို့။ ဒါကို လူငယ်တွေ အထူးနားလည်ရပါမယ်။ နောက်တခုက လယ်ယာမြေ အသိမ်းခံရမှု၊ နောက်တခုက တပ်သားသစ်ကောက်ယူမှု စတာတွေဖြစ်တယ်။ ဒီကိစ္စတွေကတော့ ကျနော်တို့ လူငယ်တွေချည်း ဖြေရှင်းလို့ မရပါဘူး။ လူကြီးတွေ ဦးဆောင်ပြီး - ရှဉ့်လည်းလျှောက်သာ ပျားစွဲသာ၊ နှစ်ဦး နှစ်ဘက် မနာမသာတဲ့ ဖြေရှင်းမှုမျိုး လိုအပ်ပါတယ်။
မေး ။ ။ နှစ်သစ်ကူးမှာ သျှမ်းပြည်တဝှမ်းကလူထုကို ဘယ်လိုမှာချင်ပါသလဲ။
ဖြေ ။ ။ သျှမ်းလူငယ်ကွန်ရက်ရဲ့ မူဝါဒကတော့ လူငယ့်ကံကြမ္မာ လူငယ်လက်ထဲမှာရှိရမယ်။ လူငယ့် လုပ်ပိုင်ခွင့် လွတ်လပ်စွာလုပ်ခွင့်ရှိရမယ် ။ ကျနော်တို့ လူငယ် ရပ်တည်လုပ်ဆောင် လာတဲ့ ၂ နှစ်တာ ကာလမှာ ရင်ဆိုင်ယှဉ်ပြိုင်မှုတွေ အခက်အခဲတွေအများကြီး တွေ့ရပါတယ်။ လာမယ့် ၂ နှစ်မှာ လာရောက် တာဝန်ထမ်းဆောင်မယ့် လူငယ်တွေလည်း အခုလိုပဲ ထိုးဖောက် ရင်ဆိုင်သွားရမှာ ဖြစ်တယ်။ ဘာဘဲဖြစ်ဖြစ် လူငယ်ဟာ လူငယ်ပါပဲ။ ရရှိလာတဲ့ အခွင့်အလမ်းကို အမိအရဆုတ်ကိုင်ပြီး တွေ့ဆုံဆွေးနွေးအဖြေ ရှာသွားရင်တော့ တနေ့နေ့ကျရင် ကျနော်တို့ ရည်မှန်းချက်ဆီရောက်မှာ သေချာပါတယ်။ နောက်တခု လူငယ်တွေကို ကျနော်ပြောပြချင်တာက လူငယ်တွေ့ဆုံဆွေးနွေးပွဲကို လာတက်ပါမှ လွတ်လပ်စွာ တွေးခွင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျနော်တို့ ရရှိမှာဖြစ်တယ်။ ဒီမှာ ကျနော်တို့လာပြီးတော့မှ ဗဟုသုတတွေဖလှယ်မယ်။ လက်တွဲဆောင်ရွက်ရမယ့် ဟာတွေကို ဆွေးနွေး မယ်။ ယုံကြည်မှုတွေ တည်ဆောက်မယ်။ အခွင့်အလမ်းပေးလာချိန်မှာ ကျနော်တို့ရအောင် အကောင် အထည်ဖော်ကြမယ်။ ဒီတခေါက် ဆွေးနွေးပွဲအတွက် ပြောရေးဆိုခွင့်ရှိသူ တယောက်အနေနဲ့ ကျနော် တောင်းပန်ချင်တာကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့လူငယ်တွေကို မဖိတ် ကြားလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ကျနော်တို့ ဒီတွေ့ဆုံမှုဖြစ်လာရေးအတွက် အခက်အခဲ တွေ အများကြီးကို ရင်ဆိုင်ခဲ့ရလို့ပါ။ ဒါပေမယ့် ဆိုရှယ်မီဒီယာတွေမှာ ကျနော်တို့ တတ်နိုင်သလောက် ကြေညာထားပါတယ်။ လူကိုယ်တိုင်လာတက်နိုင်ရင်ပိုကောင်းပါတယ်။ လူမလာနိုင်ပေမယ့် အသိဉာဏ် ဗဟုသုတ အမြင်သဘောထားတွေ အကြံဉာဏ်တွေကိုပေးပို့ပါလို့လည်း တောင်းဆိုချင်ပါတယ်။
သျှမ်းလူငယ်ကွန်ရက် (Tai Youth Network) အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည် လူငယ်များအား မူးယစ်ဆေးဝါး ရှောင်ရှားရေးလှုပ်ရှားမှုအဖြစ် သမိုင်းဝင်တောင်တက်ခြင်းလှုပ် ရှားမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၃ မှ ၂၀၁၅ အထိ ၆ ကြိမ်တိတိ တောင်တက်လှုပ်ရှား မှုပြုလုပ်ရာမှာ ပထမ အကြိမ် လွယ်လိန်းတောင်၊ ဒုတိယအကြိမ် လွယ်ခေးတောင်၊ တတိယအကြိမ် လွယ်ဆမ်ဆစ်တောင် နှင့် စတုတ္ထအကြိမ်မှာ လွယ်ဇန့်တောင်၊ ပ ဉ္စမအကြိမ်မှာ မူဆယ်မြို့နယ်တွင်းရှိ စယ်လန့်လွယ်တေး မိုင်းတောင် ဆဌမအကြိမ်အဖြစ် ဗန်းမော်မြို့တွင်းရှိ ဝိလာသတောင် တို့ကိုတက်ရောက်ခဲ့ကြပါတယ်။