“ကိုယ်လုပ်တဲ့အလုပ်က ကယားပြည်နယ်ကို အထောက်အကူဖြစ်စေမယ်ဆိုရင် ဝမ်းသာပါတယ်” ဆိုတဲ့ အိမ်မက်ဆုံရာ (ရာသက်ပန်) ပထမဆုရှင် ကိုအောင်ထက် နှင့် တွေ့ဆုံခြင်း

“ကိုယ်လုပ်တဲ့အလုပ်က ကယားပြည်နယ်ကို အထောက်အကူဖြစ်စေမယ်ဆိုရင် ဝမ်းသာပါတယ်” ဆိုတဲ့ အိမ်မက်ဆုံရာ (ရာသက်ပန်) ပထမဆုရှင် ကိုအောင်ထက် နှင့် တွေ့ဆုံခြင်း
by -
ကန္တာရဝတီတိုင်း(မ်)
လက်ရှိ Channel 7 ရုပ်သံလိုင်းမှ ထုတ်လွင့်ပြသနေတဲ့ အိမ်မက်ဆုံရာ (ရာသက်ပန်) အစီအစဉ်မှာ ပထမဆုရသွားတဲ့ ကိုအောင်ထက်ကို မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းများက ဇူလိုင်လ ၁၉ ရက်နေ့မှာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ကယားပြည်နယ် ဆိုဘောသဲကျေးရွာမှာ ဂုဏ်ပြုပွဲကျင်းပပေးခဲ့ ကြပါတယ်။ ဆိုဘောသဲကို ရောက်ရှိနေတဲ့ အဆိုတော် ကိုအောင်ထက်ရဲ့ အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ ရပုံနဲ့ ဆက်လုပ်ဆောင်မယ့် သူ့ရဲ့လုပ်ရှားမှုတွေအကြောင်းကို ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။  ။ မသိသေးတဲ့ ပရိတ်သတ်တွေအတွက် ကိုအောင်ထက်ရဲ့နေရပ်လိပ်စာ၊ အသက်နှင့် နောက်ကြောင်းနည်းနည်း ပြောပြပေးပါဦး။
ဖြေ ။  ။ ကျနော့်အဖေက ဗမာ၊ ကျနော့အမေက ကယား။ ကျနော်မွေးတာက ဒီကယား (ဆိုဘောသဲ ကျေးရွာ)မှာ မွေးတယ်။ ကြီးပြင်းခဲ့တာကတော မကွေးဖက်မှာကြီးပြင်းခဲ့တယ်။ အခုနေရပ်လိပ်စာ ကတော့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာနေတယ်။ ကျနော့်အသက်က ၂၅ ပါဗျ။ ကျနော့် နောက် ကြောင်းဆိုရင်တော့ ကျနော်အရင်က ပုံမှန်ဝန်ထမ်းလုပ်တယ်၊။ စားဝတ်နေရေးအတွက် ၀န်ထမ်း လုပ်တယ်ပေါ့နော်။ ၀န်ထမ်းလုပ်ရင်းနဲ့ ဒီလိုသီချင်းဆိုလို့ရတဲ့ လမ်းလေးတွေ ပေါ်လာတာပေါ့နော်။ ဒီလိုပဲ အချိတ်ဆက်လေးရလာခဲ့တာပေါ့။ ၂၀၀၉-၂၀၁၀ လောက်ကစပြီးတော့ သီချင်းဆိုပြိုင်ပွဲတွေ စပြိုင်တယ်။ အဲကနေစပြီးတော့ ဒီဟာလုပ်ဖြစ်တယ်ဆိုပေမဲ့ သီးသန့် ကြီးတော့မလုပ်ဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်နဲ့ အဲတုန်းက အဆင်မပြေခဲ့ဘူး။ အဆင်မပြေခဲ့ဘူးဆိုတာက ပြိုင်ပွဲ ပြိုင်တယ်ဆိုပေမဲ့လည်း လမ်းကြောင်းပေါ်မရောက်လာခဲ့သေးဘူးပေါ့နော်။ ကြိုးစားနေတုန်း လေ့လာ နေတုန်း၊ ဒါပေမဲ့ တဖက်ကလည်း ၀မ်းစာအရ အမြဲတမ်းပဲဒီဟာမလုပ်နိုင်ပဲနဲ့ ၀မ်းစာအရ အလုပ်တွေ ဘာတွေ ၀င်လုပ်နေရသေးတာပေါ့။ ၂၀၁၁ လောက်မှာ ကျနော်ပြိုင်ပွဲ ၀င်မပြိုင်တော့ဘူး၊ အလုပ်ပဲ ၀င်လုပ်လိုက်၊ တခြားပွဲလေးရှိရင် သွားဆိုလိုက်ပေါ့။ အဲလိုပဲနေရင်းနေရင်းနဲ့ ဒီပြိုင်ကျမှ ဒီပြိုင်ပွဲရှိတယ် ဆိုပြီးတော့ ဒီလိုပဲ ကျနော့်မိတ်ဆွေ သူငယ်ချင်းတွေက အကြံပေး တိုက်တွန်းကြတာပေါ့။ ကျနော်လည်း ဒီပြိုင်ပွဲမှာ ၀င်ပြိုင်ဖြစ်တာပေါ့။

မေး ။  ။ အခု ဆိုဘောသဲမှာ ဖျော်ဖြေပွဲ လုပ်ဖြစ်သွားတဲ့အကြောင်း ပြောပြပေးပါဦး။
ဖြေ ။  ။ ဒီဆိုဘောသဲမှာ လုပ်ဖြစ်သွားတဲ့ပွဲက သီးသန့်ဂုဏ်ပြုပွဲပေါ့။၊ ဖြစ်ချင်တော့ ကျနော်တို့ ဒီရွာက ကလေးတယောက်(မော်သိုးမြာ)က ဆယ်တန်းမှာ ၆ ဘာသာဂုဏ်ထူးရှင် ဒီမြန်မာနိုင်ငံတစ်နိုင်ငံလုံးနဲ့ Top Ten စာရင်းဝင်ဆိုတော သူ့ကိုပါ ဂုဏ်ပြုချင်တာ၊ ရာသက်ပန်မှာ ကျနော်ဆုရတယ်ပြီးတော့ ဒီက အမျိုးတွေကော၊ ကျနော့်အသိုင်းဝန်းလေးတခုက ကျနော့်ကို ဂုဏ်ပြုပွဲလေး လုပ်ပေးချင်တယ်ပေါ့နော်။ ဒီပွဲလေးကို အရင်ကတည်းက သူတို့ကြိုဖိတ်ခဲ့တာ ခုလာတာလည်း ကျနော်အားမယ့် ရက်ကိုပဲ ချိန်ပြီး လုပ်ပေးတာ။ သူတို့က ဂုဏ်ပြု ပွဲလေးပဲပေါ့၊ မိသားစု ပျော်ပွဲ ရွှင်ပွဲလေးပေါ့၊ အဲလိုအမှတ်တရပွဲလေး ပေ့ါ၊ အဲလိုလုပ်ဖြစ်တယ်။ လုပ်ဖြစ်တယ်ဆိုတာကလည်း လူကြီးတွေ စီစဉ်လို့ပေ့ါ၊ ဒီက အမျိုးတွေ၊ တခြားလူတွေ ဒီအသိုင်းဝန်းတခုပေါ့။ သူတို့စီစဉ်လို့ ကျနော်လည်း လာဖြစ်တယ်။ ၆ ဘာသာဂုဏ်ထူး ရှင်နဲ့ ကျနော့်ကို ရောဂုဏ်ပြုတဲ့ပွဲပေ့ါ။

မေး။  ။ အခုလို အောင်မြင်ပြီး အဆင့်ရောက်နိုင်ဖို့ အဓိက ကိုအောင်ထက်ဘယ်လို ကြိုးစားခဲ့ရသလဲ။ ဖြေ ။  ။ ကြိုးစားခဲ့ရတာတော ၀မ်းစာအတွက် ရှာရဖွေရတာတမျိုး၊ အလုပ်လုပ်ရတာပေါ့။ နောက် ဒီဖက် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ချင်တာက တမျိုးပေါ့။ ဒီကြားထဲမှာက ညှိယူရတာ နည်းနည်း ခက်နေတယ်။ ခက်နေတယ်ဆိုတာက ဒီဖက်အလုပ်ကို ဒီတိုင်းပေတေပြီး လုပ်နေရင်လည်း မိသားစု စားဝတ်နေရေးက ထိခိုက်သွားနိုင်တယ်လေ။ ကိုယ့်နောက်မှာ ကိုယ့်ကို ဘယ်သူ့မှ ကူညီမယ့်လူ မရှိဘူးလေ။ ကိုယ်ကိုယ်တိုင်လုပ်မှ နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို့က အဆင်ပြေတာကိုး။ အဲတော့ ဒီလိုပဲ ကြိုးစားရန်းကန်ရတာပေါ့။ စားဝတ်နေရေးအတွက်ပဲ အလုပ်လုပ်မယ်ဆိုလည်း ကိုယ်ဝါသနာပါ မယ့်အလုပ်က လုပ်လို့ မရပြန်ဘူး။ ဆိုတော့ အဲကြားထဲမှာပဲ ကျနော့် အခက်ခဲဆုံးဆိုတဲ့ အချိန်လေးကို ဖြတ်သန်းခဲ့ရတယ်။ ဒီလိုပဲ အဲကြားထဲက ဘယ်လိုကြိုးစား ရုံးထွက်ရမလဲပေါ့နော်။ နောက်ကျတော့ အလုပ်ဖက်ကို ကျနော်ဦးစားပေးထားတယ်ပေါ့နော်။ ရတဲ့ပိုက်ဆံလေးတွေနဲ့ပဲ အခွေလေး ဘာလေး လုပ်ဖို့ စီစဉ်တာပေါ့။ ဒါပေမဲ့ ကိုယ့်ဘာသာကို ကြိုးစားပြီးတော့ သီချင်းတစ်ပုဒ်စာရရင် တစ်ပုဒ်စာ ပေါ့နော်။ လုပ်ထားမယ်ဆိုပြီးတော့ ကိုယ့်ဘာသာကိုယ် တွေးထားတာရှိတယ်။ ဒါပေမဲ့ ရတဲ့လခနဲ့ စားဝတ်နေရေးနဲ့ ထည့်သုံးလိုက်တော့ ကိုယ်ကိုယ်တိုင် စုဆောင်းပြီးတော့ ခွေတွေဘာတွေ ထွက်ဖို့က အရမ်းကြာသွားမယ်လေ။ ကျနော့်အတွက် ကံကောင်းခြင်းက ဒီပြိုင်ပွဲပေါ်လာတာပဲ။ ဒီပြိုင်ပွဲပြိုင်ဖို့ ကျနော့်ကို တိုက်တွန်းကြတယ်။ ဒီပြိုင်ပွဲလေးအတွက် ကျနော့်ကို စုံစမ်းပေးကြတယ်ပေါ့နော်။ သူတို့ ကိုယ်တိုင်လည်း ၀င်ပြိုင်ကြတာ ရှိတယ်။ ကျနော့် မိတ်ဆွေတွေပေါ့။ ဒီပြိုင်ပွဲမှာပဲ ကျနော်ကြိုးစားခွင့် ရတယ်ပေါ့နော်။ လေ့လာခဲ့တာတွေကော ဒီပြိုင်ပွဲကျမှ သိခဲ့တဲ့အရာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဒီပြိုင်ပွဲလေး ဆုရခဲ့တယ်။ အသိမှတ်ပြုခံရခဲ့တယ်ပေါနော်။

မေး။  ။ ဒီကနေတစ်ဆင့် ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။ ကိုယ်ပိုင်ခွေတွေ ထွက်ဖို့ ရှိလား။
ဖြေ။  ။ ဟုတ်ကဲ့ အခွေထွက်ဖို့ ရှိပါတယ်။ လောလောဆယ် ဒီ Forever VEC နဲ့ Chennal 7 ပေါ့နော်။ ဘယ်လိုပြောရမလဲ။ သူတို့က မြန်မာနိုင်ငံမှာ မိတ်ဖွဲ့ပေါ့နော်။ မြန်မာနိုင်ငံရဲ့ ရုပ်သံလိုင်းနဲ့ လုပ်ကြ တယ်။ ဆိုတော့ ဒီ Forever နဲ့ ကျနော်အလုပ်ဆက်လုပ်ဖို့ ရှိတယ်။ Chennal 7 မီဒီယာ နဲ့ပေါ့နော်။ အခွေဆက်ထွက် နိုင်ဖို့ပေါ့။ လောလောဆယ် သူတို့နဲ့ပဲ အလုပ်လုပ်ဖြစ်နေတယ်ပေါနော်။ တခြား အပြင်တွေ သီးသန့် တစ်ကိုယ်တော်ခွေတွေဘာတွေ လုပ်ဖို့ရှိတယ်၊ သူငယ်ချင်းတွေနဲ့ အတွဲခွေလေး တွေ ထွက်ဖို့ ရှိတယ်၊ အဲလိုတော့ အစီအစဉ်တွေရှိတယ်။

မေး ။  ။ အရင်က (စူးမြာ)ဆိုတဲ့သီချင်းကို ဆိုခဲ့တယ်နော်။ အဲဒါဘယ်လို ဆိုဖြစ်သွားတာလဲ။
ဖြေ ။  ။ အရင်တုန်းက ကျနော်သီချင်းတွေ ၀င်ပြိုင်တယ်။ တချို့က သိတယ်၊ တချို့က မသိဘူးပေါ့။ အထက်လူကြီးပိုင်းတွေတော့ သိတယ်။ ကျနော် ဒီဟာလုပ်နေတယ်ဆိုတာကို ရန်ကုန်နဲ့ ဆက်သွယ်မ ပြတ်တဲ့ လူက သိတယ်။ သူတို့က ကယားပြည်နယ် တံခွန်တိုင်ပွဲအတွက်ပေါ့နော်။ အခွေလုပ်မယ်တဲ့။ ကယားပြည်နယ်မှာ ကြိုးစားနေတဲ့ အဆိုတော်တွေအတွက် ထည့်မယ်ပေါ့နော်။ ကျနော့်ကို လှမ်းချိတ် တာပေါ့နော်။ အောင်ထက်ရေ ဒီလိုဒီလိုတော့ ရှိတယ်။ သီချင်းတွေလည်းရှိတယ်ပေါ့နော်။ ဘယ်သီချင်း ဆိုမလဲပေါ့။ ကျနော့်ကို သီချင်းပြတယ်ပေါ့နော်။ ကျနော်ကတော့ တခြားသီချင်းတွေ မရွေးတော့ဘူး။ အဲခွေထဲမှာ ဗမာလိုဆိုတဲ့ သီချင်းတွေကော ကယားလိုဆိုတဲ့သီချင်း တွေကော အကုန်ပါတယ်လေ။ ကျနော်က ဒီကယားနာမည်လေးပါတဲ့ သီချင်းလေးပေါ့။ စူးမြာဆိုတဲ့ သီချင်းလေး ကို ဆိုဖြစ်တယ်။ ကျနော်လည်း သဘောကျတယ် အဲသီချင်းကို။ နောက်ပြီးတော့ အရင်တုန်းက အတွဲခွေလေးတွေ လုပ်တာရှိတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် မအောင်မြင်ခဲ့ဘူးပေါ့နော်။

မေး ။  ။ ဒါဆိုရင် ကယားပြည်နယ်အတွက် ထူးထူးတွေထွေ ဘာတွေများလုပ်ပေးဖို့ ရှိသေးလဲ။
ဖြေ ။  ။ ကျနော့်အနေနဲ့ ကယားပြည်နယ်အတွက် တစ်သီးတစ်သန့်ကြီး လုပ်ပေးမယ်ဆိုတာထက် ကျနော်လုပ်နေတဲ့ အလုပ်က ကယားပြည်နယ်အတွက် အထောက်အကူဖြစ်ခဲ့မယ်ဆိုရင် ကျနော်ဝမ်း သာပါတယ်။

မေး ။  ။ အဆိုတော် ၀ါသနာပါတဲ့ လူငယ်တွေကိုပေါ့နော်။ ကိုအောင်ထက် ဘယများပြောချင်လဲနော်။
ဖြေ ။  ။ ကျနော်တို့ ကယားပြည်နယ် လူငယ်မှ မဟုတ်ပါဘူး။ လူငယ်တွေအားလုံးပဲ ကိုယ်ဖြစ်ချင်တဲ့ အရာကို ကိုယ်ကိုယ်တိုင် ရွေးချယ်တာ အကောင်းဆုံးပါပဲ။ ကိုယ်ရွေးချယ်ပြီးတဲ့ အလုပ်ကိုပဲ ဘယ်လို အခက်ခဲပဲရှိရှိ ဖြစ်မြောက်အောင် ကြိုးစားပြီးလုပ်ဖို့ပေ့ါ။ အဲဒါကတော့ အရေးကြီးပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီ ၆ နှစ်အတွင်း အလုပ်ကတဖက်၊ ၀ါသနာကတဖက်နဲ့ လုံးနေရတယ်ပေါ့ နော်။ ဒါပေမဲ့ တချိန်ချိန်မှာ ကိုယ့်အတွက် အခွင့်ရေးကောင်းလေးတခုတော ရမယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သွားချင်တဲ့ ပန်းတိုင်တော့ ရောက်အောင်သွားပါလို့ ပြောချင်ပါတယ်။

မေး ။  ။ အခုလိုအဆင့် ရောက်နေတဲ့အချိန်မှာ Facebook တို့၊ Phone တို့နဲ့ အားပေး ဆက်သွယ် လာတဲ့ လူတွေရဲ့ ခြေနေကောဘယ်လိုရှိလဲ။
ဖြေ ။  ။ ရှိတယ် ရှိတယ်။ ခုခေတ်က မီဒီယာခေတ်၊ အွန်လိုင်းခေတ်လေ၊ ကျနော် ဖေ့ဘုတ်ကို ပြိုင်ပွဲ ၀င်မပြိုင်ခင်ကတည်းက သုံးတယ်။ အဲတုန်းက သုံးခါစပဲ ရှိသေးတယ်။ ဖေ့စ်ဘွတ်က တချို့က ဖေ့စ်ဘွတ်ကနေပြီးတော သိတယ်ပေါ့နော်။ တချို့ ဖေ့စ်ဘွတ်မသုံးတဲ့ နယ်တွေရွာတွေ ကလူတွေ လည်း ဒီအစီစဉ်ကို ကြည့်ကြတဲ့ လူတွေရှိတယ်။ တစ်ဆင့်စကား တစ်ဆင့်နားပေါ့။ အဲလိုလေး ကြားရတာတွေ ရှိတယ်။ နောက်ပိုင်းကျတော့ သူတို့ ဖုန်းနံပတ်တွေစုံစမ်းပြီးတော့ အားပေးလာတာ မျိုးတွေ ဖေ့စ်ဘွတ်နေပြီးတော အားပေးစကားပြောကြတာမျိုးတွေ အဲလိုမျိုးတွေ ရှိပါတယ်။

မေး ။  ။ စိတ်မရှိနဲ့နော် ကိုအောင်ထက်မှာ ရည်းစားရပြီလား။
ဖြေ ။  ။ ရည်းစားတော့ မရသေးဘူးဗျ။ လောလောဆယ် ကျနော့်ရည်းစားထက် ဇီးပြားချဉ်ကို ကျနော် ပိုကြိုက်နေတယ်။

မေး ။  ။ ဒါဆိုရင် ကိုအောင်ထက် ဘဝလက်တွဲဖော်ရွေးတဲ့နေရာမှာ မိဘတွေစီစဉ်မှုနဲ့ သွားမလား။ ဒါမှမဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားမလား။
ဖြေ ။  ။ ဒါကတော့ ဒီလိုပါ ကျနော်တို့ မိဘတွေက ကျနော်တို့ကို သီးသန့် ချုပ်ချယ်ထားတာ မရှိဘူး။ မရှိတော့ ကျနော်တို့က ကိုယ်ကိုယ်တိုင် ရွေးချယ်သွားဖို့ပဲ များမယ်။ ဘာလို့လည်းဆိုတော့ တစ်သက်လုံး ပေါင်းသင်းရမှာ ကိုယ်နဲ့ပဲ ပေါင်းသင်းရမှာလေ။ ကျနော့်မိဘတွေကလည်း ဟိုလူဆို မကြိုက်ဘူး၊ ဒီလလူဆိုမကြိုက်ဘူး၊ အဲလို သီးသန့် ချုပ်ချယ်တာမရှိဘူး။ သီးသန့် လွတ်လပ်ခွင့် ပေးထားတာပဲ ကိုယ်ပ်ိုင်ရွေးချယ်ပဲ။

မေး ။  ။ ကျမမေးတဲ့ မေးခွန်းတွေထဲမှာ ကိုအောင်ထက် ထပ်ပြီး ဖြည့်စွက်ပြောချင်တာ ရှိသေးလား။
ဖြေ ။  ။ ဖြည့်စွက်ပြောချင်တာကတော့ ပရိတ်သတ်တွေအတွက် ဆုတောင်းစကားပဲပေါ့။ ကျနော့်ကို အသိမှတ်ပြုတဲ့လူတွေ အားပေးတဲ့လူတွေအားလုံး ကျန်းမာကြပါစေ။ စိတ်ချမ်းသာကြပါစေ။ ပျော်ရွင်ကြပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...