အင်စတီကျုးရှင်ဆိုသည်မှာ နိုင်ငံအတွင်းမှာရှိသော စစ်ဖက်နှင့် အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖြတ်သန်းလာခဲ့ရသော သမိုင်းနောက်ခံအခြေအနေများကြောင့်လည်း စစ်ဖက် အင်စတီကျုးရှင်းများ အားကောင်းပြီး အရပ်ဖက်အင်စတီကျုးရှင်းများ အင်အားချိနဲ့ခဲ့ရခြင်းကို မည်သူမျှမငြင်းနိုင်ပေ။ သို့ရာတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုသွားမည်ဆိုလျှင် အရပ်ဖက်အင်စတီကျုးရှင်းများ အားကောင်းရေးသည် အဓိကထားပြုပြင်တည်ဆောက်သွားရမည့် အချက်ပင် ဖြစ်ပေသည်။
နိုင်ငံတော်ဆိုသည့် အင်စတီကျုးရှင်းကြီး၏ ဖွဲ့စည်းတည်ဆောက်မှုကို လေ့လာကြည့်လျှင်လည်း ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ နဝတကောင်စီ၊ စည်ပင်သာယာရေးအဖွဲ့များ စသည်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်ကို တွေ့ရပေလိမ့်မည်။ အလာတူဒေသအစိုးရများ ဖွဲ့စည်းတည်ဆောက်ရာတွင်လည်း ဗဟိုအဖွဲ့အစည်းများ ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေး အဖွဲ့များစသည့် အနေအထားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်ကို တွေ့ရပါသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် ကာလကြာရှည်စွာ ရပ်တည်ခဲ့ကြရသောအရပ်ဖက် အင်စတီကျုးရှင်း များဖြစ်သော်လည်း ပြောင်းလဲသာသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ ပြည်ထောင်စုလွှတ်တော်၏ အားကောင်းမှုများနှင့်အတူ ဟန်ချက်ညီညီပြုပြင်ပြောင်းလဲနိုင်ခဲ့တာကို တွေ့ရပေသည်။ ထို့ကြောင့်ပင် ပြည်ထောင်စုအစိုးရစနစ်တွင် အပြန်အလှန်ထိန်းကျောင်းခြင်းအသက်ဝင်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အထောက်အကူဖြစ်စေခဲ့ခြင်းပင် ဖြစ်ပေသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်ခြင်းကဲ့သို့သော အပြန်အလှန်ထိန်းကြောင်းခြင်းကို အသက်ဝင်စေမည့် ဥပဒေများကြောင့်လည်း ဥပဒေပြုရေးမဏ္ဍိုင်နှင့် ခေတ်အဆက်ဆက်အားကောင်းခဲ့သော အုပ်ချုပ်ရေးဏ္ဍိုင်တို့အကြား အပြန်အလှန်ထိန်းကြောင်းခြင်းများ အသက်ဝင်ကာ အချို့ကိစ္စများတွင် ပွတ်တိုက်မှုများပင်ဖြစ်ပေါ်ခဲ့ပေသည်။ ထိုအခြင်းအရာများကိုကြည့်လျှင် ပြည်ထောင်စုအဆင့် အင်စတီကျူးရှင်းများသည် ထိုက်သင့်သလောက်အားကောင်းခဲ့ခြင်းကို တွေ့ရမည်ဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက်လည်း ဟန်ချက်ညီညီလိုက်ပါနိုင်စွမ်း ရှိကြသည်ကို တွေ့ရပေသည်။
၂၀၀၈ အခြေခံဥပဒေအရ စတင်ဖွဲ့စည်းခဲ့သော ဒေသအစိုးရ (၁၄)ခု စလုံးတွင်မူ အရပ်ဖက်အင်စတီကျုးရှင်းများ၏ အခန်းကဏ္ဍမှာ ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်အတွက် စိုးရိမ်စရာများကို တွေ့ရပေသည်။ နှစ်ပေါင်းများစွာ ဗဟိုချုပ်ကိုင်မှုစနစ်နှင့် အကြောက်တရားဖြင့်သာ အုပ်ချုပ်မှုကို ကျင့်သုံးလာခဲ့ကြသော ဒေသအစိုးရအုပ်ချုပ်မှုစနစ်များသည် ဖယ်ဒရယ်ဒီမိုကရေစီစနစ်အတွက်မူ အဓိက အဟန့်အတားများဖြစ်လာပေလိမ့်မည်။ တရားရေးဥပဒေ၊ စာရင်းစစ်စသော ဒေသတွင်း ဗဟိုအဖွဲ့အစည်းများသည် နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့သော အုပ်ချုပ်ရေးလောင်းရိပ်အောက်က ရုန်းထွက်နိုင်ဖို့ ခက်ခဲနေသည်ကိုတွေ့ရသလို အုပ်ချုပ်ရေး ပိုင်းကလည်း ထိုဗဟိုအစည်းများအပေါ်ထိန်းချုပ်မှုများ မပြုလုပ်ဖို့ ဆင်ခြင်ရပေမည်။ သို့မှသာ အပြန်အလှန်ထိန်းကြောင်းခြင်းကို အသက်ဝင်အောင် ဆောင်ရွက်နိုင်ပေလိမ့်မည်။
အသစ်ဖြစ်သော ဒေသလွှတ်တော်များ၏ အားကောင်းမှုနှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် မကိုက်ညီ သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ခေတ်စနစ်နှင့်လျှော်ညီအောင် ပြုပြင်ပြောင်းလဲမှုများနှင့်သာ ဒေသတွင်း အပြန်အလှန် ထိန်းကြောင်းမှုကို အသက်ဝင်စေမည် ဖြစ်ပေသည်။ ဥပမာအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က)၊ (ဂ)နှင့် (ဃ)တို့ကို အောက်ပါအတိုင်း ပြုပြင်ပြောင်းလဲခြင်းများသည် ဒေသအစိုးရစနစ်များ၏ အပြန်အလှန်ထိန်းကြောင်းခြင်းနှင့် ဖယ်ဒရယ်ဒီမိုကရေစီ စနစ်အောင်မြင်ဖို့အတွက် ခြေလှမ်းတစ်ရပ်ဖြစ်ပေလိမ့်မည်။
“(က) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးခြင်းနှင့် စပ်လျဉ်၍ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်း။
(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ လုပ်ငန်းများဆောင်ရွက်မှုသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ မရှိ စစ်ဆေးခြင်း။
(ဃ)မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊”
သို့ရာတွင်ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း (သို့) ဘက် တစ်ဖက်တည်းဖြင့် ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ နှစ်ပေါင်းများစွာ အာဏာရှင်ပုံစံ အုပ်ချုပ်ရေးစနစ်ဖြင့်သာ အသားကျနေခဲ့သော ဒေသအစိုးရအဖွဲ့များ အနေဖြင့်လည်း ပြောင်းလဲလာသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီလိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲနိုင်ဖို့လိုပေလိမ်မည်။ ပွတ်တိုက်မှုများရှိလာမည်ဖြစ်သော်လည်း ထိုအခြင်းအရာသည် ဒီမိုကရေစီစနစ် အသက်ဝင်ခြင်းပင်ဖြစ်သည်ကို နားလည်ခံယူထားဖို့ လိုအပ်ပေလိမ်မည်။
အဓိကပြုပြင်ပြောင်းလဲရမည့်အချက်မှာ ဒေသအစိုးရများ၏ ဖွဲ့စည်းတည်ဆောက်အုပ်ချုပ်မှုပုံသဏ္ဍာန် များပင်ဖြစ်ပေသည်။ ဖွဲ့စည်းတည်ဆောက်မှုများမှာ ဒေသ ၁၄ ခုအားလုံးတူညီသည့် အခြေခံဖောင်ဒေးရှင်းများ ရှိသင့်ပြီး ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် စည်ပင်အဖွဲ့များစသည်ဖြင့် အပြန်အလှန်ထိန်းကြောင်းခြင်းကို အသက်ဝင်စေမည့် ဖွဲ့စည်းတည်ဆောက်မှုများကို ဂရုစိုက်သင့်ပေသည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်၏ ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် အဓိကအရေးကြီးသည့် ထောက်တိုင်များမှာ ဒေသအစိုးရ(၁၄)ခု ပင်ဖြစ်ပြီး ထိုဒေသအင်စတီကျုးရှင်းများ ရှင်သန်ကြီးထွားအောင်မြင်နိုင်ရေးအတွက် အရေးကြီးသော ဖွဲ့စည်းတည်ဆောက်မှုများနှင့် အပြန်အလှန်ထိန်းကြောင်းခြင်းများ အသက်ဝင်စေရန် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့နှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက် သွားကြရပေလိမ့်မည်။