ယခုနှစ်၌ ဘီးလင်းမြို့နယ်အတွင်း လူသတ်မှု သုံးခု၊ လူသေမှု နှစ်ခု၊ အဓမ္မပြုကျင့်မှု(မုဒိမ်းမှု) တစ်ခုနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခု အပါအဝင် အမှုပေါင်း ရခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ကေအဲန်ယူ သထုံခရိုင် ကရင်အမျိုးသား ရဲတပ်ဖွဲ့ ရဲမှူးကြီး စောဆာ့ဘောနော်က အောက်ပါအတိုင်း ပြောဆိုသည်။
၎င်းက “အခုနှစ်ကတော့ လူသတ်မှု ပိုများလာတာကို တွေ့ရတယ်။ ဒီလိုဖြစ်တာ အဓိက အကြောင်းရင်းက ပုဂ္ဂိုလ်ရေး မပြေမလည်ဖြစ်ပွားရာကနေ (ရိုးရာယုံကြည်မှုအရ) ပြုစားကြတယ်လို့ သံသယဝင်ပြီး လူသတ်ကြတဲ့အထိ အပြစ်ကျူးလွန်ကြတယ်။ ကျနော်တို့ သေချာကွင်းဆင်းစစ်ဆေးတော့ ပြုစားတာ မဟုတ်ပါဘူး။ နောက်တစ်ခုလူသတ်မှုဖြစ်တာက မြင်းဆေး(စိတ်ကြွဆေး)၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုနဲ့ ဆက်စပ်တာကို တွေ့ရတယ်"ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အမှုများကိုကေအဲန်ယူခရိုင်နှင့် မြို့နယ်များတွင် ဖြေရှင်းပေးနိုင်ခြင်းများရှိသလို ဖြေရှင်းမပေးနိုင်သည့် အမှုများကို ဗဟိုသို့ တင်ပြထားသည်ဟု သထုံခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဆိုသည်။
ကေအဲန်ယူ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားနေသည့် အမှုများမှာ တာအူခီး၊ ကော်ဟဲ၊ အီးကျူခီး၊ ပီးတီခီးနှင့် ထီးချိဘော စသည့် ကျေးရွာအုပ်စုများဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က လူသေမှု လေးခုနှင့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။