တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူမျိုးအမည်စာရင်းသွင်းရန်စည်းရုံးလှုံ့ဆော်နေ

တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူမျိုးအမည်စာရင်းသွင်းရန်စည်းရုံးလှုံ့ဆော်နေ
by -
အေမီအောင်

အေမီအောင် (IMNA) -  ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာ၌ တနင်္သာရီတိုင်းဒေသကြီးတွင် နေထိုင်သော မွန်များအား မွန်လူမျိုးအမည်စာရင်းသွင်းကြရန် မွန်လူဦးရေစာရင်းအမှန်ရရှိရေးအဖွဲ့က အသိပညာပေးခြင်းနှင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ အခု (မွန်လူဦးရေစာရင်း)စာရင်းကောက်တဲ့အတိုင်းပဲ စာရင်းလာကောက် တဲ့အခါမှာ အဖိုးမွန် အဖေမွန် အမေမွန်ပြောဖို့၊ ဗမာဆိုတာထည့် မပြောမိစေရန် မကြောက်ဖို့” ဟုမော်လမြိုင် မြို့၊ မွန်လူဦးရေ စားရင်းမှန်ရရှိရေး ဦးဆောင်ကော်မတီဝင် မိငွေလေးက ဖေဖာ်ဝါရီလ ၁၂ ရက်နေ့ တွင်ပြောသည်။

မိမိတို့ အဖိုးအဘွား၊ မိခင်ဖခင်တို့တစ်ဖက်ဖက်တွင် မွန်လူမျိုးဖြစ်ပါက မတ်လသန်းခေါင်စာရင်း ကောက်ယူမှုတွင် မွန်ဟုမှန်ကန်စွာ ဝန်ခံပြောဆိုထည့်သွင်းကြရန် စည်းရုံးလှုံ့ဆော် အသိပညာပေးခဲ့သည်
ဟု မိငွေလေးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တို့တွင် မွန်လူဦးရေ စာရင်းအမှန်ရရှိရေး ဦးဆောင်ကော်မတီဝင် ဦးကိုကိုအောင် က “အခု ကျနော်တို့မွန်လူဦးရေစာရင်းကောက်တဲ့အခါမှာ ကလေး၊  အမျိုးသား၊ အမျိုးသမီးစာရင်းတွေကိုပါ ကောက်ထားတယ်” ဟုပြောသည်။

ထိုသို့စာရင်း ကောက်ထားခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၁၄ ခုနှစ်မတ်လ ၂၉ ရက်မှဧပြီလ ၁၀ ရက်နေ့အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူသည့် အခါတွင် စာရင်းမှားယွင်းခဲ့ပါက မွန်လူမျိုးဤမျှရှိခဲ့သည်ကို ထောက်ပြရန် ဖြစ်သည်ဟု ဦးကိုကိုအောင် ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနချုပ် ဦးမြင့်ကြိုင် က“၁၅ နှစ်အောက် ကလေးဆိုရင် မိဘ ရွေးချယ်ထည့်ခွင့်ရှိတယ် ၁၅ နှစ် အထက်ကလေးဆိုရင် ကိုယ်တိုင် စိတ်ကြိုက်ထည့်ခွင့်ရှိတယ်”ဟုပြောသည်။

ဖခင် ဗမာ၊ မိခင် ရှမ်းဖြစ်ပြီး၊ မိဘက ဗမာ ထည့်၊ ရှမ်း ထည့်လို့အငြင်းပွားနေမည် ဆိုပါက ဖခင်ဘက်က လူမျိုးထည့်ရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ကြိုင် က
ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက “ဆန္ဒရှိလို့ နှစ်မျိုးထည့်လိုက်ရင် (Other) အခြား ထဲမှာပါသွားမယ်၊ ဒါကြောင့် တစ်မျိုးထဲ ထည့်စေချင်တယ်” ဟုပြောသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၂၉ ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့အထိ၊ နံနက် ရ နာရီမှ ညနေ ၆ နာရီအထိကောက်ယူသွားမည်ဖြစ်သည်။

သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးကောက်ယူထားပြီး သန်းခေါင်စာရင်း မကောက်ယူခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီးဖြစ်သည်။

Most read this week