ကချင်ပါတီများ တစ်ခုတည်းပေါင်းစည်းနိုင်ရေး တုံ့ပြန်မှုနှေးကွေးနေ

ကချင်ပါတီများ တစ်ခုတည်းပေါင်းစည်းနိုင်ရေး တုံ့ပြန်မှုနှေးကွေးနေ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်တွင်း ကချင်နိုင်ငံရေးပါတီများ တစ်ခုတည်းပေါင်းစည်းနိုင်ရေးအတွက် ပါတီပေါင်းစုံဆွေးနွေးပွဲ ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် စတင်ဆွေးနွေးခဲ့ရာပါတီခေါင်းဆောင် များ၏ သဘောထားတုံ့ပြန်မှု နှေးကွေးနေသည်။

ထို့ကြောင့် ဆွေးနွေးပွဲတွင် ကချင်ပါတီများ တစုတည်းပေါင်းစည်းနိုင်ရေးကို မိမိပါတီအတွင်း ဦးစွာ ဆုံးဖြတ်ချက် ချ ဆွေးနွေးမှုပြန်လည်ပြုလုပ်သွားရန် ညှိနှိုင်းဆုံးဖြတ်ချက်ချခဲ့ကြောင်း စည်းရုံးရေးအဖွဲ့ ပြည်သူ့အသံထုတ် ဖော်ရေးအဖွဲ့ခေါင်းဆောင် ဆရာလမောင် လတောင် KNG ကချင်သတင်းဌာနသို့ ပြောသည်။

သူက“ပေါင်းစည်းရေးအတွက် နိုင်ငံရေးပါတီအဖွဲ့တွေ သဘောတူတယ် မတူဘူးဆိုတာ အရင်ဆွေးနွေးကြဖို့ လုပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေကကချင်ပါတီတွေအားလုံးသဘောတူမှုကို အရမ်းလိုလား ပေမယ့် ကံယကံရှင် နိုင်ငံရေးပါတီက အဓိကဖြစ်တဲ့အတွက် သူတို့ပေါင်းမယ် မပေါင်းဘူးဆိုတာကို သူတို့အရင် ဆွေးနွေးရမယ် ဆိုပြီးဆုံးဖြတ်ထားကြတယ်” ဟု ပြောသည်။

ပါတီ ၁ ခုတည်းပေါင်းစည်းရန် ဆွေးနွေးပွဲတွင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ Kachin State Democracy Party (KSDP) ပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးရေး ပါတီ (LNDP)များတက် ရောက်သော်လည်း ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက် ပါတီ (KNCD)မှ ပါဝင်မှုမရှိကြောင်းသိ ရှိရသည်။

သို့သော် လက်တွေ့အကောင်ထည်ဖော်ရန် ဆွေးနွေးပွဲပြုလုပ်ချိန်တွင်မူ အချို့သောအဖွဲ့များက သဘောထား တုံ့ဆိုင်းနေသေးကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ခေါင်းဆောင် ဦးဂွမ်ကရောင်အောင်ခမ်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ပြည်သူလူထုက ပါတီပေါင်းစည်းရန် သဘောတူတယ် ဒါမဲ့ ကချင်ဒီမိုကရက်တစ်ပါတီမှအပ အခြားပါတီ ၃ ခုက ပေါင်းစည်းဖို့ရန် အဆင့်သင့်မဖြစ်သေးဘူး၊ ကျနော်တို့က ဘယ်ချိန်မဆို ပြည်သူတွေအကျိုးကိုလုပ်မယ့် ပါတီဖြစ် တဲ့ အတွက်ကြောင့် ပြည်သူလုထုသဘောတူတဲ့ ပေါင်းစည်းခြင်းကို သဘောတူတယ် အခုဆိုအခုပေါ့” ဟု ဦးအောင်ခမ်း ပြောသည်။

ဆွေးနွေးပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးရေး ပါတီ (LNDP) သည် မြန်မာနိုင်ငံလုံးဆိုင်ရာဗဟိုကော်မတီအားလုံးနှင့် ညှိုနှိုင်း ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ဒေါက်တာတူးဂျာသည် ပေါင်းစည်းရေးကို မူအဖြင့်လက်ခံသော်လည်း ယခုချိန်တွင် မဖြစ်နိုင်သေးကြောင်း ၂၀၁၅ နောက်ပိုင်းမှ ဖြစ်နိုင်ကြောင်း အသီးသီးပြောဆိုခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ကချင်ပါတီများ သဘောထားနှင့်ပေါင်းစည်းရေးကို စည်းရုံးရေးအဖွဲ့ ပြည်သူ့အသံထုတ်ဖော်ရေးအဖွဲ့- ဖားကန့်မြို့နယ် မှ မတ်လ ၄- ၅ ရက်နေ့တွင် ကချင်ပါတီအားလုံးနှင့် ပြန်လည် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း အဖွဲ့ဥက္ကဌပြောသည်။

ကချင်ပြည်သူ့အသံထုတ်ဖော်ရေးအဖွဲ့-ဖားကန့်သည် ဖားကန့်မြို့နယ်ဒေသခံများနှင့် ရှမ်းပြည်ဘက်မှလူထုများ ၏ အားပေးထောက်ခံမှုနှင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ကချင်ပါတီများပေါင်းစည်းရေးကိစ္စ စည်းရုံးမှုကို ပါတီတခုခုက လက်ခံခြင်းမရှိပါက ၄င်းကိုမဲပေးမည်မဟုတ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။

အဆိုပါ ပါတီများသည် ပြီးခဲ့သည့်လက စည်းရုံးရေးအဖွဲ့မှ ပြောဆိုခဲ့ချိန် အလွတ်သဘောအားဖြင့်သဘောတူ ကြောင်း ပြောဆိုခဲ့သည်။

Most read this week