အမျိုးသား ပညာရေး ဥပဒေတွင် တိုင်းရင်းသားများ၏ လိုအပ်ချက် မပါ၀င်ဟု တိုင်းရင်းသားများ ဝေဖန်

အမျိုးသား ပညာရေး ဥပဒေတွင် တိုင်းရင်းသားများ၏ လိုအပ်ချက် မပါ၀င်ဟု တိုင်းရင်းသားများ ဝေဖန်
by -
ရွှေဟင်္သာ

သမ္မတ ဦးသိန်းစိန်လက်မှတ် ရေးထိုးကာ စက်တင်ဘာလ (၃၀) ရက်နေ့က လွှတ်တော်တွင် အတည်ပြု ခဲ့သည့်အမျိုးသား ပညာရေး ဥပဒေတွင် ဗဟို ချုပ်ကိုင်မှု များနေပြီး တိုင်းရင်းသား အခွင့် အရေးများ ပါ၀င်ခြင်း မရှိသည့်အတွက် ကျောင်းသားများ ဆန္ဒ ပြရသည်ဟု အောက်မြန်မာ နိုင်ငံ ပညာရေး ၀န်ကြီး ဌာန ညွှန်ကြား ရေးမှူးဟောင်း နိုင်ငွေသိန်းက နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောသည်။

“ခုကျောင်းသားတွေ ဆန္ဒ ပြနေတာ သူတို့ အတွက် တက္ကသိုလ် လွတ်လပ် ခွင့်နဲ့ တိုင်းရင်းသား အခွင့်အရေး အတွက် တောင်းဆို နေတာကို ထောက်ခံတယ်။ ဥပဒေ ရေးဆွဲ ကတည်းက သူတို့ သဘောနဲ့ သူတို့နဲ့ ဆွဲခဲ့တာ ဖြစ်တယ်။ နောက်ထပ် သူတို့ အာဏာ ရပ်တည် နိုင်ဖို့ အတွက် အခု ဥပဒေကို ဖန်တီး ထားတာ ဖြစ်တယ်လို့ မြင်တယ်” ဟု နိုင်ငွေသိန်းက ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

ယခု ပြဌာန်း ခဲ့သည့် ဥပဒေတွင် တိုင်းရင်းသားများ အနေဖြင့် မိခင် ဘာသာစကား သင်ကြားခွင့် မရှိခြင်း၊ တက္ကသိုလ်များ လွတ်လပ်ခွင့် မရှိခြင်း စသည့် အချက်များ ပါ၀င်သည်။

မြန်မာ နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားနေသည်ဟု ဆိုနေ သော်လည်း ပြဌာန်း လိုက်သော ပညာရေး ဥပဒေ မူကြမ်းသည် တိုင်းရင်းသား စာပေ အခွင့် အရေးနှင့် ပတ်သက်၍ ဥပဒေတွင် ရှင်းရှင်း လင်းလင်း မရှိသည့် အတွက် ထိုအမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း လူမှု အခြေပြု အဖွွဲ့တက်ကြွ လှုပ်ရှားသူ ၂၀၁၄ ခုနှစ် N-Peace ဆုရှင် မိကွန်းချမ်းနွန် ကလည်း နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆို ခဲ့သည်။

“တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံး သွားတာကအဲဒီ ဥပဒေ ထဲမှာ မိခင်ဘာသာ သင်ကြားခွင့်နဲ့ ပတ်သက်ပြီးရှင်းထားတာမတွေ့ ရဘူး။ မွန်ဆို မွန်စာသင်၊ ရှမ်းဆို ရှမ်းစာသင် အဲလို မရှိနေတာ တွေ့ရတယ်” ဟု မိကွန်းချမ်းနွန်က သုံးသပ် ပြောဆိုသည်။

လက်ရှိ ဖော်ဆောင် နေသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင်လည်း တိုင်းရင်းသား များအတွက် တန်းတူခွင့် ရှိရမည် ဆိုထားသော အချက် ပါ၀င်သောကြောင့် ယခု ပညာရေး ဥပဒေသည် ရှေ့အလား အလာ အတွက် ကောင်းကျိုး မရှိဟု ပြည်သူူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ၎င်း၏ အမြင်ကို ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ပြောဆိုခဲ့သည်။

“၀န်ကြီး ဌာနကို တိုင်းရင်းသား ဘာသာ စကား တွဲဖက် အသုံးပြုဖို့ တင်တယ်။ မူလတန်း စာအုပ်တွေကို ဘာသာပြန် လိုက်တယ်၊ အဲလို လုပ်တာ တိုင်းရင်းသား  တွအတွက် အကျိုး မရှိဘူးလေ”ဟု ဒေါ်ဒွဲဘူ က ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောကြားသည်။

အမျိုးသား ပညာရေး ဥပဒေသည် ဒီမိုကရေစီ မဆန်ခြင်း၊လူ့အခွင့်အရေး တန်းတူ ညီမျှမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေးကို အာမခံချက် မရှိခြင်းကြောင့် နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကျောင်းသား များမှ တောင်းဆိုချက် (၆) ချက် ထုတ်ပြန်ပြီး ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့၌ အဆိုပါ ပညာရေး ဥပဒေ မူကြမ်းအား ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

ထိုသို့ ကျောင်းသားများ ဆန္ဒပြ ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အဆင့်မြင့် ပညာ ဦးစီး ဌာန တာဝန်ရှိသူ များမှ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် များနှင့် အလွတ်သဘော လာရောက် ကြားဝင် ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ် ခဲ့သည်ကိုလည်း ကျောင်းသား များမှ ပယ်ချ ခဲ့သည်။

၎င်း နိုင်ငံလုံး ဆိုင်ရာကျောင်းသား ထု၏ သပိတ်ကို မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အနေနှင့် ခြွင်းချက် မရှိထောက်ခံကြောင်း ကြောငြာချက် တစ်ရပ်လည်း ထုတ်ပြန် ခဲ့သည်။

Most read this week